လွန်ခဲ့တဲ့ ဒီဇင်ဘာလ (၂၁) ရက်နေ့က လူမှုကွန်ရက် Facebook ပေါ်မှာ တင်ထားတဲ့ သတင်းတပုဒ်က ရန်ကုန်မြို့တော်ရဲ့ အခြေအနေကို မီးမောင်းထိုးပြသလို ဖြစ်နေပါတယ်။ "ဈေးမရောင်းရ" လို့ သတိပေးထားတဲ့ ဆိုင်ဘုတ်ကြီးအောက်မှာ စိမ်ပြေနပြေထိုင်ပြီး ဈေးရောင်းနေကြတဲ့ အမျိုးသမီးတစုရဲ့ ဓါတ်ပုံကို ရယ်စရာသတင်းအဖြစ် ဖော်ပြထားတာ ဖြစ်ပါတယ်။ အတိအလင်း ပိတ်ပင်တားမြစ်ထားတာကို အတိအလင်း ဖောက်ဖျက်တာဟာ ရန်ကုန်မြို့တော်ရဲ့ ဓလေ့လို ဖြစ်နေပုံရပါတယ်။ အခုလို လုပ်နိုင်ဖို့အတွက် စည်ပင်ဝန်ထမ်းကို ကျပ် (၇၀၀၀)၊ ရဲကို ကျပ် (၃၀၀၀) လာဘ်ပေးရတယ်လို့ ဈေးသည်တွေက ဝန်ခံပါတယ်။
အဖမ်းအဆီးလုပ်တော့မယ်ဆိုရင် သူတို့က ကြိုတင်အကြောင်းကြားတဲ့အတွက် အသိမ်းခံရတာမျိုး မရှိဘူးလို့ ပြောပါတယ်။ ဈေးရောင်းမှ ဘဝရပ်တည်နိုင်သူတွေနဲ့ ငွေပိုဝင်မှ ဘဝရပ်တည်နိုင်တဲ့ အမှုထမ်းတွေ နားလည်မှုယူတဲ့အခါမှာ အမိန့်ဥပဒေတွေ မြောင်းထဲရောက်ကုန်တဲ့ ဥပမာ ဖြစ်ပါတယ်။ မဆလခေတ်က စတင်ခဲ့တဲ့ အကျင့်ဆိုး ဖြစ်ပါတယ်။ ဆိုရှယ်လစ်ခေတ်မှာ အစိုးရတိုက်ခန်းတွေကို ကိုယ်ပိုင်ပစ္စည်းလို အရောင်းအဝယ်လုပ်တဲ့ အကျင့်ဟာ ဒီကနေအထိ ရှင်သန်နေဆဲပါ။ ပြဌာန်းထားတဲ့ ဥပဒေတွေကို နည်းမျိုးစုံသုံးပြီး ချိုးဖျက်တာဟာ မြန်မာ့နည်းမြန်မာ့ဟန်လို ဖြစ်နေပါတယ်။
နိုင်ငံတကာမြို့တော်ကြီးတွေလို သန့်ရှင်းသာယာလှပပြီး နေချင်စဖွယ် ဖြစ်လာအောင် ဆောင်ရွက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေသစ်ကို လွန်ခဲ့တဲ့ သြဂုတ်လက ပြဌာန်းပါတယ်။ ပညာပေးကာလ (၃) လပြီးရင် ဥပဒေသစ်ကို စတင်ကျင့်သုံးမယ်ဆိုတဲ့အတွက် ဒီဇင်ဘာလကစပြီး အကောင်အထည်ဖော်နေတဲ့သဘော ဖြစ်ပါတယ်။ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု၊ ကွမ်းတံတွေးထွေးမှု၊ စည်းကမ်းမဲ့ ဈေးရောင်းမှု စတာတွေကို ထိထိရောက်ရောက် အရေးယူမယ့်ဥပဒေလို့ ဆိုပါတယ်။ ဈေးရောင်းဖို့ သတ်မှတ်ထားတဲ့နေရာကလွဲပြီး လမ်းဘေးမှာ ဈေးရောင်းရင် ဒဏ်ငွေ (၃) သိန်း၊ လမ်းပေါ်မှာ ကွမ်းတံတွေးထွေးမှုနဲ့ အညစ်အကြေးစွန့်ပစ်မှုကို ကျပ် (၃) သောင်း ကနေ (၅) သောင်းအထိ ဒဏ်ရိုက်မယ်လို့ ဥပဒေသစ်က ဆိုပါတယ်။ ဒါပေမဲ့ လက်တွေ့လုပ်နိုင်ပါ့မလားလို့ သံသယ ဖြစ်နေကြပါတယ်။
စည်ပင်သာယာဒေသန္တရအဖွဲ့တွေဟာ နိုင်ငံခြားမြို့တွေမှာလို ပြည်သူတွေဆီက ကောက်ခံရရှိတဲ့ အခွန်ဘဏ္ဍာငွေကို အားကိုးနေတာမဟုတ်ဘဲ၊ လုပ်ငန်းလိုင်စင်ကြေးကို အဓိကထားနေတာမို့ ပြည်သူနဲ့ ဆက်ဆံမှု မရှိသလောက် ဖြစ်နေတယ်လို့ Lachlan McDonald နဲ့ အာကာဟိန်းတို့ ရေးသားတဲ့ စာတမ်းမှာ ဖော်ပြထားပါတယ်။ ပြည်သူဆီကရတဲ့ အခွန်ငွေဟာ အလွန်နည်းပါးပြီး အခွန်တိုးမြှင့်တာကိုလည်း လက်မခံတာကြောင့် ဘတ်ဂျက်နည်းပါးရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဝန်ဆောင်မှု အားနည်းနေတဲ့အတွက် ပြည်သူ့ယုံကြည်မှုကလည်း နည်းပါးရပါတယ်။ စည်ပင်ဘတ်ဂျက်တွေမှာ ပစ္စည်းခွန်နည်းလွန်းတာကို သူတို့က ထောက်ပြပါတယ်။ ရန်ကုန်မှာ (၆) လ တကြိမ် ပေးနေရတဲ့ ပစ္စည်းခွန်ဟာ လဘက်ရညတခွက်ဖိုးလောက်တောင် မရှိဘူးလို့ ဆိုပါတယ်။ ပစ္စည်းခွန်စနစ်ကို ပြုပြင်ပြောင်းလဲဖို့ အကြံပေးထားပါတယ်။
ရန်ကုန်စည်ပင်ဟာ တည်ဆောက်မှု၊ ဝန်ဆောင်မှု၊ အပန်းဖြေမှုနဲ့ အခြားစီးပွားရေးလုပ်ငန်းတွေကို ကြီးကြပ်ပါတယ်။ ပစ္စည်းခွန်၊ မီးခွန်၊ ရေခွန်၊ အမှိုက်ခွန်နဲ့ အထွေထွေခွန်တွေကို ကောက်ခံပါတယ်။ ဒါပေမဲ့ လုပ်ငန်းလိုင်စင်ခွန်ဟာ ငွေအရဆုံး ဖြစ်နေပါတယ်။ ဆိုင်ခန်းအငှားချထားမှု၊ ဆိုင်ခန်းသန့်ရှင်းရေး၊ ဈေးသန့်ရှင်းလုံခြုံရေး စတာတွေကို စည်ပင်က တာဝန်ယူထားပါတယ်။ ဈေးတဈေးမှာ ပုံမှန်ရောင်းတဲ့ ဈေးသည်ရှိသလို၊ အဆင်ပြေသလို ဝင်ရောင်းလေ့ရှိတဲ့ ပျံကျဈေးသည်လည်း ရှိပါတယ်။ နေ့တိုင်းရောင်းတဲ့ ပျံကျဈေးသည်ဟာ တလကျပ် (၁၅၀၀) နဲ့ ပျံကျကဒ်ပြား ဝယ်ရပါတယ်။ တခါတရံသာရောင်းတဲ့ ပျံကျဈေးသည်ကတော့ တနေ့ကျပ် (၅၀) ပေးရတဲ့ ရွတ်ဆုတ်ပြေစာဝယ်ပြီး ရောင်းနိုင်ပါတယ်။ ဒါကြောင့် ဈေးသည်နဲ့ စည်ပင်ဝန်ထမ်း အပေးအယူလုပ်တာတွေ အလွန်များပြားနေတာ ဖြစ်ပုံရပါတယ်။
အခွန်ငွေနည်းပါးလို့ ဝန်ဆောင်မှု နည်းပါးရပါတယ်။ ဝန်ဆောင်မှုနည်းပါးလို့ ပြည်သူ့ယုံကြည်မှု နည်းပါးရတယ်ဆိုတဲ့ ဝဲဂယက် က ထွက်နိုင်ဖို့ ဥပဒေပြဌာန်းရုံနဲ့ မပြီးပါဘူး။ ဒီလိုဖြစ်ရတာဟာ အုပ်ချုပ်မှုဆိုင်ရာမူဝါဒ အားနည်းမှု ဖြစ်တယ်လို့ Lechlan McDonald နဲ့ အာကာဟိန်းတို့က ဆိုပါတယ်။ အိမ်ခြေအားလုံးကို စာရင်းပြုစုပြီး ကွန်ပြူတာမှာ သိမ်းစည်းထားတဲ့စနစ်ကို သုံးရမယ်လို့ ဆိုပါတယ်။ ဒါမှ အဆောက်အဦးနဲ့ မြေတန်းဖိုး ပြောင်းလဲလာတဲ့အတိုင်း ကောက်ခံနိုင်ပါလိမ့်မယ်။ အခုတော့ ကုန်ထုတ်လုပ်ငန်းတွေသာ အခွန်ဆောင်ရပြီး နေထိုင်သူတွေက မဆောင်ရသလောက် ဖြစ်နေပါတယ်။
လိုင်စင်ကြေးကောက်ပြီး စည်ပင်ရန်ပုံငွေရှာတာဟာ ရင်းနှီးမြုပ်နံှမှုကို အဟန့်အတား ဖြစ်စေပြီး စားသုံးကုန်ဈေးနှုန်းကို မြင့်မားစေတဲ့အတွက် ဆင်းရဲနွမ်းပါးသူတွေကို နစ်နာစေပါတယ်။ လိုင်စင်ကြေးကို မြို့မှာသာသုံးတဲ့အတွက် ကျေးလက်လူထုဟာ အကျိုးမခံစားရဘဲ ဈေးနှုန်းမြင့်မားတဲ့ဒဏ်ကို ခံစားနေရတယ်လို့ ဆိုပါတယ်။ နိုင်ငံခြားမှာလို ပစ္စည်းခွန်နဲ့ ဆိုင်ခွန်ကိုသာ စနစ်တကျ ကောက်ခံနိုင်မယ်ဆိုရင် သိသာမြင်သာ အချိန်မရွေး စစ်ဆေးနိုင်တာမို့ စည်ပင်ဝန်ထမ်းနဲ့ လုပ်ငန်းရှင်နားလည်မှုယူပြီး လုပ်နေကြတဲ့ အဂတိလိုက်စားမှုတွေလည်း တဖြည်းဖြည်း နည်းပါးသွားနိုင်ပါတယ်။