မြန်မာ့အရေးအဖြေရှာဖို့အတွက် ဒေသတွင်း အာဆီယံရဲ့ ငြိမ်းချမ်းရေး အစီအစဉ်အတိုင်း မြန်မာစစ်ကောင်စီဘက်က စေ့စပ်ဆွေးနွေးလိုစိတ် မရှိတဲ့အပေါ် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးရဲ့ ပြင်ပမှာ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ သီးသန့်တွေ့ဆုံပြီးတဲ့နောက်မှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ဝေဖန်လိုက်တာပါ။
“မြန်မာစစ်ကောင်စီဟာ အချက် ၅ ချက်ပါတဲ့ အာဆီယရဲ့ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တယ် ကျမတို့အနေနဲ့ ရှုမြင်တယ်လို့” အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Marsudi က X လူမှုကွန်ရက်ကနေ ပြောထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ နိုင်ငံရေးအကျပ်အတည်းတွေနဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့ အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ခဲ့တာကို စစ်ကောင်စီက လက်ခံထားပေမဲ့ လက်တွေ့ အကောင်အထည်ဖော်ဖို့ ပျက်ကွက်တဲ့အပေါ် အသင်းဝင်နိုင်ငံတွေ စိတ်ပျက်နေကြတာပါ။ မြန်မာအရေး ဖြေရှင်းရာမှာ အာဆီယံအဖွဲ့ဝင်တွေကြားမှာလည်း သဘောထားရပ်တည်မှုတွေ အမျိုးမျိုးကွဲလွဲနေပေမယ့်၊ အင်ဒိုနီးရှားနဲ့ စင်ကာပူနိုင်ငံတွေကတော့ အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိပါတယ်။
မြန်မာအရေး အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေကို လိုက်နာဖို့ ပျက်ကွက်နေတာကြောင့် စစ်ကောင်စီအဖွဲ့ဝင်တွေကို အာဆီယံအစည်းအဝေးတွေကို တက်ရောက်ခွင့်မပေးဘဲ၊ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ အရပ်ဘက်ကိုယ်စားလှယ်တွေကိုပဲ တက်ခွင့်ပေးဖို့ ကန့်သတ်ထားတာပါ။ အခုနောက်ဆုံးလာအိုနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံအစည်းအဝေးမှာတော့ မြန်မာအဆင့်မြင်အရာရှိ ၂ ဦး တက်ရောက်တယ်လို့လည်း AFP သတင်းက ဖော်ပြပါတယ်။
Forum