သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်မြန်မာနယ်စပ် ကျယ်ဂေါင်ဂိတ် ယူနန်အစိုးရပိတ်ပင်


တရုတ်မြန်မာနယ်စပ်ဂိတ် (ယခင်ပုံဟောင်း)
တရုတ်မြန်မာနယ်စပ်ဂိတ် (ယခင်ပုံဟောင်း)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ကို တနိုင်တပိုင်တင်သွင်းနေတာတွေကို တနင်္လာနေ့ကစပြီး ခွင့်မပြုတော့ဘူးလို့ ယူနန်ပြည်နယ်၊ ရွှေလီမြို့ ပြည်သူ့အစိုးရဂိတ်ဆိုင်ရာ ရုံးခန်း တာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။

တရုတ်-မြန်မာ နယ်စပ်ဂိတ်အားလုံးကို တရုတ်က အောက်တိုဘာလ ၁၈ ရက်နောက်ပိုင်းမှာ ပိတ်လိုက်ပေမဲ့ မူဆယ်ဂိတ်ကိုတော့ အစားအသောက် တနိုင်တပိုင် သယ်ယူလို့ရအောင် တရုတ်ဘက်က ချန်ထားခဲ့တာပါ။ အခုတော့ ဒီဂိတ်ကိုလည်း နိုဝင်ဘာလ ၁၁ရက်ကစပြီး ပိတ်လိုက်တယ်လို့ မူဆယ်မြို့က လုပ်ငန်းရှင်တဦးက ပြောပါတယ်။

"ကြေညာချက်နဲ့ ပိတ်ထားတာကို လောလောဆယ် ထုတ်တဲ့သူတွေကတော့ ကျယ်ဂေါင်ထဲမှာ ဆိုင်တွေရော၊ ကားတွေရော ပိတ်ပြီးတော့ အစီး ၁၀၀ ကျော်လောက် တန်းစီနေတယ်၊ ဖွင့်ပေးမလား ဖွင့်ပေးမလားပေါ့နော် အဲလိုမျိုးပေါ့။ လက်ရှိ အခြေအနေတော့ ဆိုးဆိုးဝါးဝါး မရှိပါဘူး၊ စားဆီ နောက်ဓာတ်ဆီ အဲဒီအပိုင်းလောက်ပေါ့ လောလောဆယ် အခက်အခဲရှိတယ်။ ပိတ်ပြီးတော့ ဆင်ဖြူပေါက်ကို အဝင်အထွက်၊ အပိတ်အဆို့ အပြီးလုပ်မယ်ပေါ့။ ပြီးရင် ဟိုဘက် မန်ဝိန်းကြီးပေါက်မှာတော့ ကုန်ကားကြီးတွေ ပြန်ပြီး ပေးထွက်မယ်လို့တော့ သတင်းတွေထွက်နေတယ် ဗျ။"

နယ်စပ်မြို့တွေမှာ တရုတ်ဘက်က စားသောက်ကုန်တွေ မဝင်လာတော့ပေမဲ့ လောလောဆယ်တော့ မသိသာသေးကြောင်း ဒေသခံတချို့က ဗွီအိုအေကို ပြောပါတယ်။ တရုတ်ကျယ်ဂေါင်မြို့ကနေ မြန်မာဘက် မူဆယ်ဘက်ကို ထွက်မယ်ဆိုရင် အိမ်စီးကား၊ လက်တွန်းလှည်း၊ ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ် ဒါတွေကို အသုံးမပြုဖို့လည်း တရုတ်ဘက်က သတိပေးထားပါတယ်။ ဒေသခံတဦးက အခုလိုပြောပါတယ်။

"'လူအဝင်အထွက်တော့ မပိတ်ဘူး၊ ဒါပေမဲ့ လူထဲမှာ အဝတ်တထည် ကိုယ်တခုပဲ သူကခွင့်ပြုတာ၊ အနွေးထည် နှစ်ထည်၊ သုံးထည်ပါလည်း မရဘူး။ မူဆယ်ကနေ အဝင်အထွက်ကတော့ ရတယ် အဝင်လည်းရတယ်၊ အထွက်လည်းရတယ်။ အဲဒါတော့ သိပ်မကြည့်ဘူး။"

လက်ရှိမှာတော့ ယာယီ တပတ်နေထိုင်ခွင့်ကတ်နဲ့ တရုတ်ရွှေလီမြို့မှာ အလုပ်သွားလုပ်တဲ့ မြန်မာတွေ အများအပြား ရှိနေတုန်ဖြစ်ပါတယ်။ တရုတ်နဲ့ထိစပ်နေတဲ့ မြန်မာနယ်စပ်မှာ စစ်ရေးကျယ်ပြန့်လာတဲ့အတွက် တရုတ်က တိုင်းရင်းသား လက်နက်ကိုင်တွေကို ဖိအားပေးတဲ့အနေနဲ့ နယ်စပ်ဂိတ်အားလုံးနီးပါးကို အောက်တိုဘာလ ၁၈ရက်နောက်ပိုင်းမှာ တခုပြီးတခု ပိတ်လာခဲ့တာပါ။ တရုတ်ဘက်က တင်သွင်းကုန်မှန်သမျှ အထူးသဖြင့် လျှပ်စစ်ပစ္စည်းနဲ့ စက်သုံးဆီကို ပိတ်လိုက်တာဖြစ်ပါတယ်။ အခုဆိုရင် ကချင်နဲ့ ရှမ်းမြောက်က နယ်စပ်မြို့တချို့မှာ ဓာတ်ဆီတလီတာကို ကျပ် ၁၀,၀၀၀ အထက်ကို ရောက်နေတယ်လို့ ဒေသခံတွေက ပြောပြခဲ့တာပါ။

Forum

XS
SM
MD
LG