သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဘက်ပို့မယ့် သွင်းကုန်တွေ တရုတ်နဲ့ ထိုင်းနယ်စပ်မှာ တင်းတင်းကျပ်ကျပ် စစ်ဆေးနေ


တရုတ်-မြန်မာ ကျယ်ခေါင်နယ်စပ်မှာ မြန်မာဘက်ပို့မဲ့ ပစ္စည်းတွေကို တရုတ်အကောက်ခွန်ဝန်ထမ်းတွေ ရှာဖွေနေစဉ် (အောက်တိုဘာ ၂၃၊ ၂၀၂၄)
တရုတ်-မြန်မာ ကျယ်ခေါင်နယ်စပ်မှာ မြန်မာဘက်ပို့မဲ့ ပစ္စည်းတွေကို တရုတ်အကောက်ခွန်ဝန်ထမ်းတွေ ရှာဖွေနေစဉ် (အောက်တိုဘာ ၂၃၊ ၂၀၂၄)

ဒီရက်ပိုင်းထဲ တရုတ်နဲ့ ထိုင်းနယ်စပ် နှစ်ဘက်စလုံးမှာ မြန်မာနိုင်ငံကိုပို့မယ့် အခွန်မဆောင်ထားတဲ့ သွင်းကုန်တွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေလို့ လူသုံးကုန်နဲ့ စားသောက်ကုန်ပစ္စည်းတွေ ပြည်တွင်းမှာ ရှားပါး၊ ပြတ်လပ်နေပါတယ်။ တရုတ်ဘက်က မြန်မာနိုင်ငံထဲအဝင်ပစ္စည်းတွေကို စစ်ဆေးတဲ့အထဲ စစ်အသုံးအဆောင် နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ၊ တရားမဝင်ပစ္စည်းတွေ အဓိကပါဝင်နေပါတယ်။ တရုတ်နဲ့ ထိုင်းနယ်စပ် ကုန်စည်တင်သွင်းမှု နောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ တရုတ် မြန်မာနယ်စပ်တလျှောက် ကုန်သွယ်ရေး ဂိတ်စခန်းအားလုံးနီးပါးကို တရုတ်က ပိတ်ပစ်လိုက်သလို မြန်မာနယ်စပ်က ဒေသခံတွေအတွက် တင်သွင်းနေတဲ့ စားသောက်ကုန် အပါအဝင်၊ အခွန်မဆောင်ထားတဲ့ ပစ္စည်းတွေကိုလည်း အခုရက်ထဲမှာ တင်းတင်းကျပ်ကျပ် စစ်ဆေးနေပါတယ်။ မြန်မာဘက်ကိုပို့မယ့် စစ်သုံးပစ္စည်းတချို့ကို မူဆယ်-ကျယ်ခေါင် နယ်စပ်ဂိတ်မှာ တွေ့ရှိတယ်ဆိုပြီး တရုတ်က မနေ့က ဗုဒ္ဓဟူးနေ့မှာ စစ်ဆေးမှုတွေ စတင်နေတာပါ။

မူဆယ်နယ်စပ်ဂိတ်ကနေ ဒေသခံတွေအတွက် အစားအသောက်သွင်းလို့ရနေပေမဲ့ အခွန်မဆောင်ထားတဲ့ ပစ္စည်းမှန်သမျှကို တရုတ်က သွင်းခွင့်မပြုတော့ကြောင်း မူဆယ်ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

" သူတို့ တင်းတင်းကျပ်ကျပ် စစ်ဆေးတာပေါ့နော် ဆင်ဖြူပေါက်မှာ။ ဒီနေ့အထိတော့ ထွက်နေတုန်းပဲ ဆိုင်ကယ်တွေ၊ ကားတွေ။ သူတို့ခွင့်ပြုတဲ့ ပစ္စည်းပေါ့ စားသောက်ကုန်တွေ၊ အေးခဲအသားတွေ ဒါတွေကတော့ ထွက်နေတာပါပဲ။ ပန်းတွေ၊ အသီးအနှံတွေ ဒါတွေက ထွက်နေတာပဲ။ စစ်အသုံးအဆောင်ပစ္စည်း ဂျမ့်ပါတို့၊ ကျည်ကာတို့၊ ဝေါ်ကီတော်ကီတို့ ဒါတွေတော့ တင်းတင်းကျပ်ကျပ် စစ်တာပေါ့နော်။ အဲဒါတွေမိရင်တော့ လူပါအရေးယူတယ်။ တရုတ်ပြည်မှာ အခွန်မဆောင်ထားတဲ့ ပစ္စည်းတွေပေါ့။ ကျယ်ဂေါင်နဲ့ ရွှေလီကြားမှာ အကောက်ခွန်ရှိတယ် အဲဒါကို ရှောင်ကွင်းပြီး လာတဲ့ဟာတွေဆို သူတို့ပိုပြီး အရေးယူတဲ့သဘောမျိုး တွေ့ရတာပေါ့။"

ရှမ်းပြည်နယ်မြောက်ပိုင်းက နယ်စပ်ဂိတ်တွေကို MNDAAနဲ့ ပူးပေါင်းအဖွဲ့က ထိန်းချုပ်ခဲ့ပြီးတဲ့နောက် တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးကိုလည်း ရပ်တန့်ထားပါတယ်။ တရုတ်ဘက်က ပစ္စည်းတွေလည်း အရင်လို များများစားစား ဝင်မလာတော့ပါဘူး။

တချိန်တည်းမှာပဲ ထိုင်းနယ်စပ်က ဝင်လာတဲ့ လူသုံးကုန်၊ စားသောက်ကုန်တွေကိုလည်း သိုလှောင်၊ ရောင်းချနေသူတွေကိုလည်း မြန်မာစစ်ကောင်စီက ဒီရက်ပိုင်းထဲမှာ စစ်ဆေး ဖမ်းဆီးနေပါတယ်။ တရားမဝင် ကုန်သွယ်တာကို တားဆီးဖို့ လိုင်စင်မဲ့ သွင်းကုန်တွေကို စစ်ဆေးရမယ်ဆိုပြီး စစ်ကောင်စီရဲ့ ဒုတိယခေါင်းဆောင် ဗိုလ်ချုပ်စိုးဝင်းက အောက်တိုဘာလ ၉ရက်မှာလုပ်တဲ့ အစည်းအဝေးတခုမှာ ပြောခဲ့တာပါ။ အဲဒီနောက် ပစ္စည်းသိုလှောင်ရုံတွေ၊ ဂိုထောင်တွေကို လိုက်လံ ရှာဖွေ ဖမ်းဆီးတာတွေလည်း လုပ်ခဲ့ပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ ထိုင်းနဲ့ တရုတ်ကဝင်တဲ့ လူသုံးကုန်၊ စားသောက်ကုန်တွေ ပြတ်လုနီးပါးအထိ ဖြစ်ခဲ့ပါတယ်။ ရန်ကုန်မှာ စတိုးဆိုင်ဖွင့်ထားသူတဦးက အခုလိုပြောပါတယ်။

"သူတို့က ပစ္စည်းလှောင်တဲ့သူတွေကို ဖမ်းတယ်လို့ပြောတာ၊ ကြားတာတော့ ဟိုရက်တွေကတည်းက ကြားနေတာ။ ဆိုင်တွေပေါ်တော့ မဟုတ်ဘူးတဲ့ ဂိုထောင်တွေကို ဝင်မယ်ဆိုတော့ လိုင်းဘက်က၊ ယိုးဒယားနယ်စပ်က သွင်းတဲ့ဟာတွေကို ကာစတန်အခွန်မဆောင်ဘဲ လှောင်တဲ့ဂိုထောင်တွေကို လိုက်တာ။ နယ်စပ်ကုန်သွယ်ခွန် မရဘဲနဲ့ ပစ္စည်းတွေက ဒီကို ဘယ်လိုဝင်လာလဲပေါ့နော်၊ အခွန်ကရတာက ဒီနှစ် အရမ်းနည်းတယ် အဲလို။ ဒါပေမဲ့ ပစ္စည်းတွေက ဝင်တယ်၊ ကုမ္ပဏီမှ မသွင်းနိုင်တဲ့ကိစ္စကို၊ ကုမ္ပဏီက Ensure (အာဟာရမှုန့်) မသွင်းလို့၊ ပြတ်နေလို့ နယ်စပ်ကနေဝင်မှ လူတွေက သောက်နေရတာ။ ကုမ္ပဏီက သောက်နိုင်လားဆိုတော့ ဈေးတွေကကြီး မသောက်နိုင်။"

အခုလိုမျိုး တရုတ်- မြန်မာနယ်စပ် ကုန်စည်တွေ ထိုင်း-မြန်မာနယ်စပ်က ကုန်စည်တွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေတဲ့အတွက် လက်လီ၊ လက်ကားရောင်းနေတဲ့ စတိုးဆိုင်ကြီးတွေကတော့ ထိုင်းနဲ့ တရုတ်ကုန်ပစ္စည်း အတော်များများကို စင်တွေပေါ်ကနေ ဖယ်ရှားပါတယ်။

စစ်ကောင်စီဟာ နိုင်ငံခြားငွေ အလွန်အကျွံစီးထွက်တာကို ကာကွယ်ဖို့ နယ်စပ်သွင်းကုန်လိုင်စင်လျှောက်ထားမှုတွေကိုလည်း ရပ်ဆိုင်းထားပါတယ်။ ဒါကြောင့် နယ်စပ်သွင်းကုန်တွေ ရှားပါးပြီး အများစုက ပိုပြီး ကျပ်တည်းလာနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကုန်စည်လုပ်ငန်းလုပ်ကိုင်နေသူတွေက သုံးသပ် ပြောဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG