သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နယ်စပ်မြို့တချို့ စက်သုံးဆီပြတ်လပ် 


ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ပေါ်မှာ သွားလာနေကြတဲ့ မော်တော်ယာဉ်တချို့ (အောက်တိုဘာ ၁၆၊ ၂၀၂၄)
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ပေါ်မှာ သွားလာနေကြတဲ့ မော်တော်ယာဉ်တချို့ (အောက်တိုဘာ ၁၆၊ ၂၀၂၄)

တရုတ်- မြန်မာနယ်စပ်ဒေသမှာရှိတဲ့ မြို့တွေကို စက်သုံးဆီ တင်ပို့တာကို တရုတ်ဘက်က ရပ်ဆိုင်းလိုက်တဲ့အတွက် ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စက်သုံးဆီတွေ ပြတ်လပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်သုံးဆီရှားပါးလာတာနဲ့အမျှ ဈေးတွေလည်း တက်လာနေတယ်လို့ ပြောပါတယ်။ တရုတ်ပြည်နယ်စပ်က စက်သုံးဆီပြတ်လပ်တဲ့ အခြေအနေ ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ အရှေ့ပိုင်းက နယ်စပ်ဂိတ်တွေကို တရုတ်ကပိတ်ပြီး သီတင်းတပတ်လောက် ကြာတဲ့အခါမှာတော့ မြန်မာနယ်စပ်တလျှောက်က မြို့နယ်တွေမှာ စက်သုံးဆီပြတ်လပ်မှုတွေနဲ့ ကြုံနေရပါတယ်။ လက်ကျန် စက်သုံးဆီတွေလည်း ဈေးတက်သွားပြီး ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ ဓာတ်ဆီဈေးက အရင်ကထက် သုံးလေးဆ တက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တရုတ်-မြန်မာ အဓိက ကုန်သွယ်ရေးစခန်းဖြစ်ခဲ့တဲ့ မူဆယ်မြို့မှာ ဒီနေ့ စက်သုံးဆီပြတ်လပ်သွားတဲ့အခြေအနေ ဒေသခံတဦးက ဗွီအိုအေကို အခုလိုပြောပြပါတယ်။

"ဒီနေ့ မူဆယ်မှာ (ဆီ)ပန့်ဆိုင်တွေ အကုန်ပိတ်သွားပြီ။ ဆိုင်ကယ်တစီးတောင်မှ ၅ထောင်ဖိုးပဲ ရတယ်တဲ့။ အဲဒီတော့ မူဆယ်မှာ ဆီပန့်ဆိုင်တွေ အကုန်ပိတ်သွားပြီ၊ တချို့ဆိုင်တွေတော့ ကားတွေရော ဆိုင်ကယ်တွေရော တိုးနေတာ အများကြီးပဲ။ မူဆယ်ကတော့ စက်သုံးဆီအခက်အခဲ လက်တွေ့ဖြစ်နေတယ်၊ တလီတာကို ၇၃၀၀။ ဟိုအရင်တုန်းကဆိုရင် ၂,၀၀၀၊ ၂,၇၀၀၊ ၂,၈၀၀ ဒီလောက်ပဲရှိတာ။ တော်တော်ကွာတာပေါ့ အခုဆိုရင် ၇,၄၀၀ ကျော်။"

တရုတ်နဲ့ထိစပ်နေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ အရှေ့ပိုင်းက နယ်စပ်ဂိတ်တွေကနေ တရုတ်ကုန်ပစ္စည်းတွေကို မတင်ပို့ဖို့ တရုတ်အကောက်အခွန် ဌာနဘက်က မကြာသေးခင်က ကန့်သတ်လိုက်တာပါ။ စက်သုံးဆီ တင်ပို့မှု ကန့်သတ်တာနဲ့ ပတ်သက်လို့ ၂ နိုင်ငံ အာဏာပိုင်တွေက တစုံတရာ ပြောဆိုတာတော့ မတွေ့ရပါဘူး။

ကချင်ပြည်နယ်မှာ နယ်စပ်ဂိတ် ၄ခုထက်မနည်းကို တရုတ်က ပိတ်လိုက်သလို ရှမ်းပြည်နယ်နယ်စပ်က မူဆယ်၊ မိုင်းလား၊ ကိုးကန့်နဲ့ 'ဝ'ဒေသက ဂိတ်တွေမှာလည်း ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။ စားသောက်ကုန်တချို့ကလွဲလို့ လျှပ်စစ်ပစ္စည်း၊ စက်သုံးဆီနဲ့ လုံခြုံရေးဘက်သုံး ပစ္စည်းအများစုကိုလည်း မြန်မာဘက်ကို တင်သွင်းခွင့် ပိတ်လိုက်တာ ဖြစ်ပါတယ်။ ဒီရက်ပိုင်း တရုတ်ဘက်က ဂိတ်တွေကိုပိတ်လိုက်သလို ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံကိုပို့မဲ့ သွင်းကုန်တွေကို တင်းတင်ကြပ်ကြပ် စစ်ဆေးခဲ့တာမို့ လူသုံးကုန်နဲ့ စားသောက်ကုန်ပစ္စည်းတွေ ပြည်တွင်းမှာ ရှားပါး၊ ပြတ်လပ်တာမျိုးတွေ ရှိနေပါတယ်။ တရုတ်ဘက်က စစ်ဆေးတဲ့အထဲမှာ စစ်အသုံးအဆောင်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ၊ တရားမဝင် ပစ္စည်းတွေ အဓိကပါဝင်ခဲ့ပါတယ်။

တရုတ် - မြန်မာ နယ်စပ်ဖြစ်တဲ့ မူဆယ် - ကျယ်ခေါင်၊ မိုင်းလား - တာ့လော့ဂိတ်တွေကို တရုတ်ဘက်က ကုန်စည်တင်သွင်းခွင့် ကန့်သတ်လိုက်ပြီး ဂိတ်တွေပါပိတ်လိုက်တဲ့သတင်းတွေကြောင့် ဟိုပန်၊ နမ့်တစ်၊ ကွမ်းလုံဘက်မှာ စက်သုံးဆီ အလုအယက် ဝယ်ယူလာနေကြတာဖြစ်ပါတယ်။ တရုတ် - မြန်မာ နယ်စပ်ဂိတ်တွေဖြစ်တဲ့ မူဆယ် - ကြယ်ခေါင်၊ မိုင်းလား - တာ့လောဂိတ်တွေမှာ ကုန်ပစ္စည်း တင်သွင်းခွင့်တွေကို တရုတ်ဘက်က ကန့်သတ်လိုက်ပြီးနောက် "ဝ" ပြည်နယ်အတွင်း ကုန်ဈေးနှုန်းတွေ ဈေးတင်မရောင်းကြဖို့ ဗဟိုအစိုးရက ထုတ်ပြန်ထားတယ်လို့ ဒေသတွင်း သတင်းတွေမှာလည်း ဖော်ပြနေပါတယ်။

မန္တလေးမြို့က တရုတ်ကောင်စစ်ဝန်ရုံး အခုအောက်တိုဘာလ ၁၈ရက်မှာ လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရပြီးနောက် မြန်မာနဲ့ ဆက်သွယ်ထားတဲ့ နယ်စပ်ဂိတ်တွေကို တခုပြီးတခု တရုတ်ဘက်က ပိတ်လာနေတာပါ။ ဒါဟာ နယ်စပ်မှာ စစ်ရေးပဋိပက္ခတွေ တိုးပြီးဖြစ်မလာဖို့ တောင်းဆိုနေတဲ့ တရုတ်ရဲ့ မူဝါရဲ့ နောက်ဆက်တွဲ တုံ့ပြန်မှုလည်း ဖြစ်နိုင်တယ်လို့ ဒေသခံတချို့က ဗွီအိုအေကို ပြောပါတယ်။

အခုလို နယ်စပ်ဂိတ်တွေ ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်တာကြောင့် ရေရှည်ဖြစ်လာရင် ဈေးကွက်တွေနဲ့ ကုန်စည်ပို့ဆောင်ရေးတွေကို ထိခိုက်နိုင်သလို ကုန်ပစ္စည်းတွေပြတ်လပ်ပြီး ကုန်ဈေးနှုန်း မြင့်တက်လာမှာကို လုပ်ငန်းရှင်တွေဘက်က စိုးရိမ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG