ဒီတပတ် မြန်မာ့အရေး ဆွေးနွေးခန်းအစီအစဉ်မှာ နိုင်ငံရဲ့ စီးပွားရေး ကြပ်တည်းမှုနဲ့ ပညာရေးကို သိပ်ဦးစားမှု မပေးနိုင်တဲ့ ပတ်ဝန်းကျင်ကြောင့် ဝမ်းစာရှာရတဲ့ ကလေးငယ်တွေကို ပညာသင်ကြားပေးဖို့ လုပ်ဆောင်ရမှာ ပိုခက်နေတယ်လို့ ဒီကလေးတွေရဲ့ ပညာရေးကို ကူညီပံ့ပိုးလုပ်ဆောင်နေတဲ့ myME Project ကို ဦးစီးတည်ထောင်ခဲ့သူ ကိုတင်မောင်မောင်အေး က ပြောဆိုပါတယ်။ မခင်ဖြူထွေး က ကိုတင်မောင်မောင်အေး ကို တွေ့ဆုံမေးမြန်းထားပါတယ်။
မခင်ဖြူထွေး ။ ။ ကိုတင်မောင်မောင်အေး အခုလို ကျမတို့ VOA ကို တကူးတက လာရောက်ပြီး တွေ့ဆုံမေးမြန်းခွင့်ပြုတာကို အများကြီးကျေးဇူးတင်ပါတယ်ရှင့်။ ပထမဦးဆုံး မေးချင်တာကတော့ ကိုတင်မောင်မောင်အေး က ရှစ်ဆယ့်ရှစ်ကာလတုန်းက လူထုအရေးအခင်းမှာ ပါဝင်လာပြီးတော့ အဲဒီနောက်ကစပြီးတော့ ပြည်ပကိုထွက်လာခဲ့ပြီးတော့ ပြည်ပမှာ အချိန်အတော်ကြာကြာ နေသွားပြီးတဲ့နောက်မှာ မြန်မာနိုင်ငံကို ပထမဦးဆုံးအကြိမ် နှစ်ပေါင်း (၂၅) နှစ်လောက် ကြာပြီးမှ ပြန်သွားခဲ့တယ်လို့ ကျမတို့ သိရတယ်။ အဲဒီလို ပြန်သွားပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ အရွယ်မရောက်သေးတဲ့ ကလေးတွေ၊ ကျောင်းသွားရမယ့်အရွယ်မှာ ကျောင်းမသွားနိုင်ဘဲ၊ အလုပ်ခွင်မှာ ရောက်နေကြတဲ့ ကလေးငယ်တွေကို ပညာသင်ကြားပေးနေတဲ့ ထူးထူးခြားခြား အစီအစဉ်လေးတခုကိုလည်း လုပ်နေတယ်။ myMe Project ရွေ့လျားပညာရေး - ကလေးတွေရှိတဲ့ နေရာတွေကို သွားရောက်ပြီး ပညာသင်ပေးတယ်ဆိုတော့။ ဒီလို အစီအစဉ်လေး လုပ်ဖြစ်အောင် ဘယ်လို စပြီးတော့ စိတ်ကူးရသွားမိတာလဲ။
ကိုတင်မောင်မောင်အေး ။ ။ အဓိကတော့ ရှစ်ဆယ့်ရှစ် အရေးခင်းထဲမှာ ပါဝင်ခဲ့ပြီးတော့ အဲဒီတုန်းက ကျနော်က စတုတ္ထနှစ် ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်နေပါတယ်။ ဒီလိုပဲ ဟိုပြေးဒီပြေးနဲ့ အရေးအခင်းတွေမှာ ပါကြပြီးတော့ ၈၉ လောက်ကတည်းက ဒီဘက်ကို ရောက်ခဲ့တယ်။ နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာမှာ နည်းမျိုးပေါင်းစုံနဲ့ စစ်အစိုးရ တိုက်ဖျက်ရေး၊ တော်လှန်ရေးတွေ လုပ်ခဲ့ကြပြီးတော့ အပြောင်းအလဲတခုကို စောင့်ခဲ့ကြတယ်။ စောင့်ပြီးတော့ ဒီအပြောင်းအလဲ ဖြစ်လာခဲ့ရင်တော့ ငါတို့တွေ ကိုယ့်တိုင်းပြည် ကိုယ်ပြန်ကြပြီးတော့ တနိုင်၊ အဆင်ပြေတဲ့နေရာ၊ သင့်တော်တဲ့နေရာကနေ ဝင်ထမ်းကြမယ်ဆိုတဲ့ စိတ်ကတော့ အမြဲရှိခဲ့တယ်။ ဦးသိန်းစိန်အစိုးရ တက်လာတဲ့အခါကြတော့ အပြောင်းအလဲ စဖြစ်လာတဲ့အခါကြတော့ အဲဒီမှာ မြန်မာပြည်ကို ပြန်ဖြစ်ခဲ့တယ်။ ပြန်ဖြစ်ခဲ့တော့ ထုံးစံအတိုင်း နိုင်ငံရေးစိတ်ဓါတ်တွေနဲ့ အခုန လူ့အခွင့်အရေး စိတ်ဓါတ်တွေကို မျှော်လင့်ပြီးတော့ ကျနော်တို့ ပြန်ကြတယ်။ ဒီလို အခွင့်အရေးတွေနဲ့ ဘယ်လိုကဏ္ဍတွေကနေ ဝင်ပြီးတော့ လုပ်ဆောင်နိုင်ကြမလဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြန်ကြတယ်။ တကယ်တမ်း အပြောင်းအလဲက ဖြစ်လာတဲ့အခါကြတော့ အပေါ်ကနေ သေသေချာချာ ထိန်းချုပ်ပြီးတော့မှ စနစ်တကျနဲ့ ပြောင်းလဲတဲ့ အပြောင်းအလဲ ဖြစ်သွားတဲ့အခါကြတော့ ကျနော်တို့လို ရှစ်ဆယ့်ရှစ်ထဲက ထွက်လာတဲ့ လူတွေအနေနဲ့၊ ကျောင်းသားတွေအနေနဲ့ ပြန်ဝင်ပြီးတော့ ပူးပေါင်းလုပ်ဆောင်ဖို့ဆိုတဲ့ဟာက တော်တော်ကြီးကို ခဲယဉ်းသွားတယ်။ ပထမတကြိမ် ပြန်သွားတဲ့အချိန်မှာ ဒီလိုမျိုး အခွင့်အရေးတွေနဲ့ မတွေ့ခဲ့ရဘူး။ မတွေ့ခဲ့ရတော့ ဘာသွားစဉ်းစားမိလဲဆိုတော့ ကိုယ်ကလည်း ဒီဘက်မှာ ကျောင်းတွေဘာတွေတက်ပြီးတော့ နည်းပညာတွေနဲ့ ပတ်သက်တဲ့ အလုပ်တွေ လုပ်ခဲ့တယ်ဆိုတော့ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ကုမ္ပဏီလေးတွေ၊ Consulting firms တွေ စပြီးလုပ်နိုင်မလားဆိုတာကို စကြည့်ဖြစ်တာပေါ့။ အဲဒီလို စကြည့်ရင်နဲ့ သူငယ်ချင်းဟောင်းတွေနဲ့ ပြန်တွေ့ဖြစ်တယ်။ လက်ဖက်ရည်ဆိုင်တွေမှာ ပြန်ထိုင်ဖြစ်တယ်။ အဲဒီမှာ ဘာသွားတွေ့ရလဲဆိုတော့ ကလေးသူငယ်တွေ နေရာတိုင်းလိုလိုမှာ လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ လမ်းဘေးတွေ၊ လမ်းစုံတွေ၊ မီးပွိုင့်တွေမှာ ပန်းရောင်းနေတဲ့သူတွေ၊ ဆိပ်ကမ်းတွေမှာဆိုရင်လည်း သူတို့ရဲ့ ခန္ဓာကိုယ်လေးတွေနဲ့ မတန်မဆကြီးမားတဲ့ ကုန်တွေဝန်တွေကို ထမ်းပြီးတော့ အလုပ်လုပ်နေကြတဲ့ ကလေးသူငယ်တွေ အများကြီးကို တွေ့ခဲ့တယ်။ အဲဒီကမှတဆင့် ကျနော်တို့ သူငယ်ချင်းတွေ စုမိကြပြီးတော့ ငါတို့ ဒီသူငယ်တွေအတွက် တခုခုတော့ လုပ်မှဖြစ်မယ်ဆိုပြီးတော့ - ဘာလုပ်ကြမလဲဆိုတာကို စပြီးဆွေးနွေးတိုင်ပင်ကြပြီးတော့ အခုလို myME Project - မြန်မာရွေ့လျားပညာရေး စီမံကိန်း ဆိုတဲ့ဟာလေး ပေါ်လာခဲ့တယ်။ အဓိကတော့ ရှင်းရှင်းလေးပဲ စာသင်ကျောင်းတွေကို မသွားနိုင်တဲ့ ကလေးသူငယ်တွေကို ဘတ်စ်ကားကြီးတွေ၊ ကုန်တင်ကားအဟောင်းကြီးတွေကို စာသင်ကျောင်းလေးတွေ လုပ်ပြီးတော့ ဒီကလေးသူငယ်တွေ အလုပ်လုပ်နေတဲ့ နေရာတွေကို သွားပြီးတော့ စာသွားသင်ကြားကြမယ်ဆိုတဲ့ Idea က ထွက်လာတာ။
မခင်ဖြူထွေး ။ ။ အဲဒီတော့ အခုလိုမျိုး ဒီကလေးတွေကို သူတို့အလုပ်ခွင်ထဲထိ လိုက်ပြီးတော့၊ သွားပြီးတော့ စာတွေသင်ပေးတယ်။ ဒီလိုသင်တဲ့အခါမှာ အလုပ်ရှင်တွေက ဒါကို သဘောကျကြရဲ့လား။ နောက်တခုကလဲ ဒီလို သူတို့ရဲ့ အလုပ်ထဲကနေ အချိန်ကို ဖဲ့ပေးရတော့မယ်။ ဒီအပေါ်မှာ ဒီလိုသွားရတဲ့အချိန်မှာ ကလေးတွေက ဒါကို လိုလိုလားလား သင်ကြားချင်စိတ် ရှိသလား။ အဲဒီလို တကယ် လုပ်ငန်းခွင်မှာ လုပ်နေတဲ့အချိန်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေက ဘာတွေများရှိသလဲ။
ကိုတင်မောင်မောင်အေး ။ ။ ဒီကလေးအလုပ်သမားတွေ အလုပ်လုပ်နေရတဲ့ ကလေးသူငယ်တွေက အများကြီးပဲ။ အများကြီးဆိုတော့ ကျနော်တို့က ပထမဦးဆုံး ဘာရွေးလိုက်လဲဆိုတော့ လက်ဖက်ရည်ဆိုင်တွေကို ရွေးလိုက်တယ်။ လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာရှိတဲ့ ကလေးသူငယ်တွေကို ရွေးလိုက်တဲ့အခါကြတော့ ဆိုင်ရှင်တွေနဲ့ ကျနော်တို့ အရင်ဦးဆုံး စပြီးတော့ ညှိနှိုင်းရတာပေါ့။ လက်ဖက်ရည်ဆိုင်ဆိုလဲ တဆိုင်နဲ့တဆိုင်က နားတဲ့အချိန်တွေ မတူဘူး။ ပိတ်တဲ့အချိန်တွေ မတူဘူးဆိုတော့၊ အဓိက ဘာသွားညှိရလဲဆိုတော့ ဒီကလေးသူငယ်တွေ သူတို့နားတဲ့အချိန်မှာ ဆိုင်ပိတ်သွားတဲ့အချိန်မှာ ကျနော်တို့ myME Project က လာပြီးတော့ သူတို့ကို လက်တွေ့ကျတဲ့ အသိဉာဏ်ပညာ၊ ဗဟုသုတတွေ၊ အခြေခံစာတတ်မြောက်ရေးကိစ္စတွေ၊ နောက်ဆုံးမှာ ကွန်ပြူတာ အင်တာနက်တွေနဲ့ အသက်မွေးဝမ်းကြောင်း ပညာတခုအထိ သင်ပေးတဲ့ဟာကို သူတို့ဆီမှာ ခွင့်တောင်းရမှာပေါ့။ ဆိုင်ရှင်နဲ့ ညှိရတာပေါ့။ ကျနော်တို့နိုင်ငံ မြန်မာပြည်ကလည်း အားရစရာတခုကတော့ ဆိုင်ရှင်တွေ အကုန်လုံးလိုလိုက ပရဟိတစိတ်ဓါတ်တော့ အကုန်လုံးရှိကြတယ်။ ပညာဒါန ပရဟိတစိတ်ဓါတ်တော့ အကုန်လုံး ရှိကြတယ်။ အဲဒီတော့ သူတို့နားတဲ့အချိန်လေး တစ်နာရီခွဲ၊ နှစ်နာရီလောက် ဆိုင်ရှင်တွေနဲ့ ညှိပြီးတော့ အဲဒီလိုမျိုးအချိန်မှာ သွားသင်ရတယ်။ သွားသင်ရတဲ့အခါကြတော့ ဘယ်လိုဖြစ်လဲဆိုတော့ ကလေးသူငယ်တွေက လက်ဖက်ရည်ဆိုင်ဆိုတော့ ထုံးစံအတိုင်း မနက်လေးနာရီ၊ ငါးနာရီလောက်က ထကြရတယ်။ ကျနော်တို့ တခါတလေကြရင် ညနေဆိုင်ပိတ်ပြီးမှ သွားသင်ရတဲ့အခါ ပင်ပန်းနေကြတယ်။ ပြီးတော့ ဒီကလေးသူငယ် အများစုက မူလတန်းအဆင့်လောက်ကနေ ကျောင်းထွက်လာကြတဲ့ ကလေးတွေများတယ်။ နှစ်တန်းသုံးတန်းလေးတန်းတွေ။ အဲဒီတော့ သူတို့ကိုယ်တိုင်က စာသင်မယ်ဆိုလို့ရှိရင် ကိုယ့်ကိုယ်ပြန်ကြည့်ပြီးတော့ ‘ဆရာ ကျနော် ကျောင်းမတက်ချင်လို့၊ စာမသင်ချင်လို့ ကျောင်းထွက်ပြီးတော့ ရွာကနေထွက်လာတာ၊ စာပြန်သင်မယ်ဆိုတဲ့ စကားလုံးကြီးက လက်တွေ့မကျတော့ဘူး။’ အဲဒီလို အခက်အခဲတွေ တွေ့ရတဲ့အခါကြတော့ ကျနော်တို့က ဘယ်လိုလုပ်ရသလဲဆိုတော့ သူတို့ နားလည်နိုင်မယ့်၊ လက်တွေ့ကျမယ့် စကားလုံးတွေ၊ ပြီးတော့ သင်ရိုးညွှန်တမ်းဆိုရင် သူတို့ရဲ့ လက်ရှိဘဝ အခြေအနေနဲ့ အပ်ဆက်မယ့် သင်ရိုးညွှန်တမ်းတွေ။ ပြီးတော့ ပြန်ပြီးတော့ ချက်ချင်းအသုံးချနိုင်တဲ့ အသိဉာဏ်ပညာ၊ ဗဟုသုတတွေကို ပေးရတယ်။ သင်ရိုးညွှန်တမ်း ရေးဆွဲတဲ့ဘက်မှာလည်း အခက်အခဲ ရှိတယ်။ ဆိုင်ရှင်တွေနဲ့ ညှိပြီးတော့ သူတို့ကို စာသွားသင်ဖို့ အချိန်ပေးဖို့ကိုလည်း အခက်အခဲ ရှိတယ်။ ပြီးတော့ စာစသင်ပြီ၊ အတန်းစဖြစ်ပြီဆိုရင်တောင်မှပဲ သူတို့ ကလေးသူငယ်တွေကို တောက်လျှောက်စိတ်ဓါတ်တက်ကြွစွာနဲ့ ပျော်ပျော်ပါးပါးနဲ့ myMe အတန်းကို လာဖို့ကို ဆွဲဆောင်ရတဲ့ အခက်အခဲတွေ ရှိတယ်။
မခင်ဖြူထွေး ။ ။ အခက်အခဲတွေကတော့ အများကြီးပေါ့။ စောစောကလဲ ကိုတင်မောင်မောင်အေး တခုထောက်ပြသွားတာက အရင် မြန်မာနိုင်ငံက မထွက်ခင်အချိန်တုန်းက ရှိတဲ့အနေအထားနဲ့ မြန်မာနိုင်ငံကို ပြန်သွားတဲ့အချိန်မှာ တွေ့ရတဲ့ ကလေးအလုပ်သမား အသုံးပြုမှုတွေ။ အရင်တုန်းက ဗမာပြည်မှာ ဆင်းရဲတဲ့နိုင်ငံတွေမှာ ကလေးတွေဆိုတာ မိဘရဲ့ လုပ်ငန်းပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းတွေကို ဝိုင်းကူညီကြတာ ရှိပါတယ်။ ဒါပေမဲ့ အခုအချိန်မှာကြတော့ မြန်မာနိုင်ငံမှာက နေရာတိုင်းမှာ ဘယ်နေရာသွားသွား ကလေးအလုပ်သမားက မရှိသလောက် ဖြစ်နေတယ်။ အိမ်တွင်းအကူမှာပဲဖြစ်ဖြစ်၊ စာသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင် ရှိသမျှ လမ်းဘေးမှာ ဈေးရောင်းတာပဲဖြစ်ဖြစ်၊ ကလေးအလုပ်သမားတွေက တော်တော်များများ ရှိနေတယ်။ ကိုတင်မောင်မောင်အေးလည်း ကိုယ်တိုင် အဲဒီမှာ ထဲထဲဝင်ဝင် သွားပြီးတော့ လုပ်တဲ့အချိန်မှာ ကလေးအလုပ်သမား အသုံးပြုမှုတွေ ဘယ်လောက်အထိ ဆိုးဆိုးဝါးဝါး ဖြစ်နေတာကို တွေ့ခဲ့ရလဲ။
ကိုတင်မောင်မောင်အေး ။ ။ ကျနော်တို့ myMe စကတည်းကဆိုရင် ၂၀၁၄ မှာ သန်းခေါင်စာရင်း ပထမဦးဆုံး နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ ကောက်ယူခဲ့တယ်။ ဒီ ၂၀၁၄ သန်းခေါင်စာရင်းအရဆိုရင်တော့ စုစုပေါင်း ကလေးလူဦးရေ အသက် (၅) နှစ်ကနေ (၁၈) နှစ်ကြာ (၁၃) သန်းကျော်ကျော် ရှိတယ်လို့ ပြောထားတယ်။ အဲဒီအထဲမှာ ကျောင်းနေနေတဲ့ ကလေးကျောင်းသားဦးရေက (၉.၅) သန်းလောက် ရှိတယ်။ အဲဒါ နှုတ်လိုက်လို့ရှိရင် (၅) သန်းကျော်ကျော်က ကျောင်းပြင်ပရောက်နေတဲ့ ကလေးသူငယ်တွေ။ (၅) သန်းကျော်ကျော်ဆိုတာ ကျနော်တို့နိုင်ငံရဲ့ လူဦးရေနဲ့ ကြည့်လိုက်လို့ရှိရင် (၁၀) ရာခိုင်နှုန်း နီးပါးလောက်ရှိတယ်။ အဲဒီလိုမျိုး (၁၀) ရာခိုင်နှုန်းရှိတဲ့ ကလေးသူငယ်တွေက စာသင်ကျောင်းတွေမှာ မရှိဘူး။ ကျောင်းပြင်ပ ရောက်နေတယ်။ အဲဒီအထဲမှာမှ အခုနက (၄) သန်း၊ (၅) သန်း (၃) သန်း (၂) သန်း ဘယ်လောက်လဲလို့ အတိအကျမသိဘူး။ တမျိုးတဖုံအလုပ်တွေ လုပ်နေကြတယ်ဆိုတာပဲ ကျနော်တို့ သိတယ်။ အဓိကက တနေ့တာ ရှင်သန်ရေး၊ စားဝတ်နေရေးအတွက်ကို သူတို့တွေ ရုန်းပန်းနေကြတယ်။ အဲဒီတော့ (၅) သန်းနီးပါးလောက်ရှိတဲ့ လူငယ်တွေ၊ ကလေးသူငယ်တွေကို ကျနော်တို့မှာ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပ ရောက်သွားကြပြီးတော့ သူတို့ရဲ့ဘဝမှာ လက်ရှိ ကလေးသူငယ်တွေဆိုတာ အမှန်တော့ မိဘတွေနဲ့ ချစ်ချစ်ခင်ခင်၊ ကြင်ကြင်နာနာ၊ နွေးနွေးထွေးထွေးနဲ့ ကြီးပြင်းပြီးတော့မှ လိုအပ်တဲ့ အသိဉာဏ်၊ ပညာတွေကို သင်ကြားရမယ့် အချိန်အရွယ်မှာ မသင်ကြားနိုင်ဘဲနဲ့ အခုလိုမျိုး၊ မိဝေးဖဝေး လုပ်နေရတဲ့အခါကြတော့ ဘယ်လိုဖြစ်သွားလဲဆိုတော့ တိုင်းပြည်အတွက်ကော ဒီအင်အားတွေက ဆုတ်ယုတ်သွားတယ်။
မခင်ဖြူထွေး ။ ။ ကျမတို့ မြန်မာပြည်မှာတော့ ပြဿနာတွေက နှစ်ပေါင်းအစဉ်အဆက် အစိုးရလက်ထက်ကစလို့ ယိုးယွင်းလာခဲ့တဲ့ ပြဿနာတွေ ဖြစ်နေတယ်။ ပညာရေးပိုင်းဖြစ်ဖြစ်၊ လူဦးရေးပိုင်းပဲဖြစ်ဖြစ်၊ ကလေးလုပ်သား၊ လူ့အခွင့်အရေးမှာ ဒါတွေက အများကြီး ရှိခဲ့တယ်။ ဆိုတော့ အခုလက်ရှိ အချိန်မှာ NLD ဦးဆောင်တဲ့ အရပ်သားအစိုးရ တက်လာပြီဆိုတော့ ဒီကလေးအလုပ်သမားတွေရဲ့ ပြဿနာနဲ့ ပတ်သက်ပြီးတော့ ပိုပြီးတော့ ကလေးအလုပ်သမား အသုံးပြုမှုတွေ၊ ကလေးအလုပ်သမားတွေ နှိပ်စက်ညဉ်းပန်းခံရတဲ့ ဖြစ်ရပ်တွေ၊ ကျမတို့နောက်ပိုင်း အများကြီး ကြားသိခဲ့ရတယ်။ ဒီအခြေအနေတွေ ပြောင်းလာဖို့ မျှော်လင့်ချက်၊ ပြည်သူ့အစိုးရလက်ထက်မှာ ဘယ်လောက်အထိ မျှော်မှန်းလို့ ရမလဲ။
ကိုတင်မောင်မောင်အေး ။ ။ အရင်စစ်အစိုးရနဲ့ ပြန်နှိုင်းယှဉ်လိုက်ရင်တော့ အရင်တုန်းကဆို ကလေးအလုပ်သမားဆိုတဲ့ စကားလုံးတောင်မှ သုံးခွင့်မရှိတဲ့ အခြေအနေ။ အဲဒီအခြေအနေကနေ အခုလက်ရှိမှာ အစိုးရကိုယ်တိုင်က အခုနက ကျောင်းပြင်ပရောက်နေတဲ့ ကလေးတွေ ဘယ်နှစ်ယောက်ရှိလဲ။ ကလေးအလုပ်သမား ဘယ်နှစ်ယောက်ရှိလဲဆိုတာကို ကြေညာခဲ့တယ်။ ပြီးတော့ NLD အစိုးရ တက်ပြီးတဲ့နောက်ပိုင်းမှာ ကျောင်းပြင်ပနဲ့ တသက်တာ ဦးစီးဌာနဆိုပြီးတော့ ပညာရေးဝန်ကြီးဌာနအောက်မှာ ဦးစီးဌာနအသစ် ဖွင့်ဖြစ်တယ်။ အဲဒီဦးစီးဌာနရဲ့ အဓိက ဦးတည်ချက်နဲ့ လုပ်ဆောင်ချက်တွေကတော့ ကျောင်းပြင်ပရောက်နေတဲ့ ကလေးသူငယ်တွေကို လက်တွေ့ကျတဲ့ အသိဉာဏ်ပညာ၊ ဗဟုသုတတွေ ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်ပဲ။ အဓိကတော့ myMe ရဲ့ ရည်ရွယ်ချက်တွေ၊ ဦးတည်ချက်တွေနဲ့ အတူတူပဲ ဖြစ်နေတယ်။ အဲဒီဦးစီးဌာန စကတည်းက သူတို့ ကျနော်တို့ကို လက်ဆင့်ကမ်းတယ်၊ လက်ကမ်းကြိုဆိုပြီးတော့ myME နဲ့ ပတ်သက်ပြီး Presentation တွေ သွားပေးဖြစ်တယ်။ နေပြည်တော်မှာ။ အဲဒီဦးစီးဌာန စကတည်းက ကျနော်တို့ကိုယ်တိုင် ဝင်ပြီးတော့ ဒီဦးစီးဌာနအတွက် လိုအပ်တဲ့ ပေါ်လစီတွေ၊ Strategy တွေ ဝိုင်းပြီးတော့ ဆွဲပေးခဲ့တာ (၆) လကျော်လောက် ရှိပြီ။ အပြောင်းအလဲကြီးကတော့ ဖြစ်နေပြီ။ အစိုးရကလည်း ဒီပြဿနာကြီးကို ရှင်းရမယ်ဆိုတာတော့ သိနေပြီ။ ဒါပေမဲ့ တပြိုင်တည်းမှာပဲ အခုနက ဒီပြဿနာကြီးကို ရှင်းဖို့အတွက်မှာပဲ လိုအပ်ချက်တွေက အများကြီးရှိတယ်။ အားရစရာတွေကတော့ ဖြစ်နေပြီ။ ဒါပေမဲ့ အချိန်တော့ လိုသေးတယ်။ နေ့ချင်းညချင်းတော့ ဒီကလေးသူငယ်တွေ ချက်ချင်းကျောင်းတွေကို ပြန်ဝင်သွားမှာ မဟုတ်သေးဘူး။ ဒါပေမဲ့ တပြိုင်တည်းမှာပဲ ဘာတွေ့ရလဲဆိုတော့ NLD အစိုးရ တက်လာပြီးနောက်ပိုင်းမှာ အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေးတွေ အဲဒါတွေက ပိုပြီးတော့ ခက်ခဲလာတာကို တွေ့ရတယ်။ ကျနော်တို့ကိုယ်တိုင် ကျူးကျော်ရပ်ကွက်တွေ ရောက်ခဲ့တယ်။ လက်ဖက်ရည်ဆိုင်တွေ ရောက်ခဲ့တယ်။ သူတို့ရဲ့ တနေ့တာ ရုန်းကန်လှုပ်ရှားပြီးတော့ ဖြတ်သန်းနေရတဲ့ အခက်အခဲတွေ ပိုများလာတယ်ဆိုတာကို တွေ့ခဲ့ရတယ်။ အဲဒီအတွက်လဲ ကျနော်တို့ဆီကို ရောက်လာတဲ့ ကလေးသူငယ်တွေ ပိုများလာတယ်။ တပြိုင်တည်းမှာ ကလေးအလုပ်သမား ပြဿနာကို ဖြေရှင်းဖို့အတွက်က စားဝတ်နေရေးတွေ အဆင်ပြေဖို့လိုမယ်။ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ လိုမယ်။ တပြိုင်တည်းမှာ စာသင်ကျောင်းတွေ၊ ပညာရေးစနစ်တွေက လက်တွေ့ကျလာဖို့လိုတယ်။ ဒါတွေ အကုန်လုံးကို တခုချင်းဆီကို လိုက်ရှင်းနေလို့ မရဘူး။ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ ပူးပေါင်းပြီးတော့မှ ကိုင်တွယ်ဖြေရှင်းမှရမယ့် ပြဿနာ ဖြစ်တယ်။ အခုလက်ရှိမှာ အခုနပြောတဲ့ ကျောင်းပြင်ပ တသက်တာ ဦးစီးဌာန ဖြစ်လာတဲ့အတွက် ကျနော်တို့အတွက်က အများကြီး မျှော်လင့်ချက်တွေ ဖြစ်လာတယ်။ အခုလက်ရှိမှာလည်း ဦးစီးဌာနတွေ ဦးဆောင်နေတဲ့ လူတွေနဲ့ ပူးပေါင်းလုပ်ဆောင်ရတဲ့အတွက် အများကြီးလည်း တန်းဖိုးရှိတယ်။ ကျနော်တို့လည်း မျှော်လင့်ထားတာနဲ့ ပိုပြီးတော့ လုပ်ဆောင်ခွင့်တွေ ရခဲ့တဲ့အတွက်လည်း အားရကျေနပ်မှုရှိတယ်။ ကျနော်ထင်တယ် နောက် သုံးလေးနှစ်လောက်မှာတော့ ပြုပြင်ပြောင်းလဲမှုတွေ၊ တိုးတက်မှုတွေ အများကြီး ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
မခင်ဖြူထွေး ။ ။ အခုလို ဖြေကြားပေးတာ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။
ကိုတင်မောင်မောင်အေး ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။