သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပညာရေးပြုပြင်ပြောင်းလဲမှုအကျိုး


ကိုတင်မောင်မောင်အေး (ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းကဏ္ဍ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့)
ကိုတင်မောင်မောင်အေး (ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းကဏ္ဍ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့)
တိုက်ရိုက် လင့်ခ်

NLD အစိုးရလက်ထက်မှာ ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ သိသိသာသာ ဆောင်ရွက်လာတာရှိပေမယ့် သူတို့ရဲ့အသီးအပွင့်ကို ခံစားရဖို့ကတော့ နှစ်နည်းနည်းလိုဦးမယ်လို့ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းကဏ္ဍ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က ကိုတင်မောင်မောင်အေးက ပြောပါတယ်။ မခင်ဖြူထွေး တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ အဓိက ကျမတို့ ဒီနေ့ဆွေးနွေးချင်တာက ကိုတင်မောင်မောင်အေး က လက်ရှိမှာ မြန်မာနိုင်ငံရဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုတွေကို ဦးဆောင်ပြီးလုပ်နေတဲ့ အဖွဲ့ထဲမှာလည်း ပါနေတယ်။ နောက် ပညာရေးဆိုင်ရာတွေကို ပညာရေးဦးစီးဌာနကိုလည်း အကြံပေးနေသူတဦးလည်းဖြစ်တော့ အခုလက်ရှိ အနေအထားမှာ ပညာရေးနဲ့ ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေက ဘယ်လောက်အနေအထားအထိ ရောက်နေပြီလဲ။ လက်ရှိ NLD အစိုးရလက်ထက်မှာ ကြိုးပမ်းအားထုတ်မှုတွေက ဘယ်လောက်အတိုင်းအတာအထိ အကောင်အထည်ပေါ်နေပြီလို ပြောလို့ရလဲ။

ဖြေ ။ ။ ပညာရေးပြုပြင်ပြောင်းလဲမှု လမ်းကြောင်းကတော့ လမ်းကြောင်းမှန်ပေါ် ရောက်နေတာတော့ ဒါကတော့ ကျိန်းသေတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင် NLD အစိုးရ မတက်လာခင်ကတည်းက ဦးသိန်းစိန်အစိုးရလက်ထက်မှာ CESR (Myanmar Comprehensive Education Sector) ဆိုပြီးတော့ ပညာရေးစနစ်ကြီးတခုလုံးကို ပြန်လည်သုံးသပ်ပြီးတော့မှ အနှစ် (၃၀) NESC (National Education Strategic Plan) အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း ဆိုပြီး ချမှတ်ဆောင်ရွက်နေခဲ့တယ်။ အခုလက်ရှိမှာလည်း ပညာရေးဥပဒေ (၂) ခု - ၂၀၁၄ အမျိုးသားပညာရေးဥပဒေ နဲ့ ၂၀၁၅ အမျိုးသားပညာရေး ပြုပြင်ပြောင်းလဲရေးဥပဒေ တို့လည်း ရှိနေပြီ။ နောက် CESR ခေါ်တဲ့ အမျိုးသားပညာရေး မဟာဗျူဟာ (၅) နှစ် စီမံကိန်းနဲ့ လောလောဆယ်သွားနေခဲ့တာ ခရီးတဝက် ကျိုးခဲ့ပြီလို့ ပြောလို့ရတယ်။ အခုနပြောခဲ့သလို တဝက်ကျိုးခဲ့တဲ့ အတိုင်းအတာအတွင်းမှာလဲ ပညာရေးအသုံးစရိတ်က အထူးသဖြင့် အရင်တုန်းကဆိုရင် (၂) ရာခိုင်နှုန်းကနေ အခုဆိုရင် (၈) ရာခိုင်နှုန်း (၉) ရာခိုင်နှုန်း နိုင်ငံတော်ရဲ့ စုစုပေါင်းဘတ်ဂျက်ရဲ့ အဲဒီလောက်ကို ရောက်နေပြီဆိုတော့ လမ်းကြောင်းကတော့ တော်တော်လေးကို တည့်နေပြီလို့ ပြောလို့ရတယ်။ ဒါပေမဲ့ သွားတော့သွားနေတုန်းပဲ၊ ဆက်သွားနေတုန်းပဲ။

ဒါပေမဲ့ အပြင်ကကြည့်မယ်ဆိုရင်တော့ ကျနော်တို့နိုင်ငံက နှစ်ပေါင်းများစွာ ပညာရေးစနစ်ကို လစ်လျူရှုခံရတယ်လို့ပဲ ပြောရမယ်။ စနစ်တကျနဲ့ ပြုစုပျိုးထောင်ခဲ့တဲ့ အခြေအနေမရှိခဲ့တဲ့အခါကြတော့ လမ်းကြောင်းမှန်နေပြီဆိုရင်တောင် အသီးအပွင့်တွေကို တွေ့ရဖို့ဆိုတာက တော်တော်ကြီးကို အချိန်ပေးရအုံးမယ်။ ဒါပေမဲ့ တဘက်က ဥပဒေဘက်ကကြည့်မယ်၊ ပေါ်လစီဘက်ကကြည့်မယ်။ နောက်ပြီးတော့ နိုင်ငံတော်၏ ရင်းနှီးမြုပ်နံှမှုဘက်တွေက ကြည့်မယ်ဆိုရင်တော့ လမ်းကြောင်းကတော့ တည့်နေပြီလို့ ပြောလို့ရပါတယ်။

မေး ။ ။ ပြုပြင်ပြောင်းလဲမှုတွေကတော့ စတင်လုပ်ဆောင်နေပြီ၊ အကောင်အထည် စပြီးတော့ဖော်နေတဲ့ အနေအထားတော့ ရောက်နေပြီပေါ့။ ပညာရေးစနစ်ကို ပြောကြမယ်ဆိုရင်တော့ ပညာရေးမှာ အခြေခံမူလတန်း ရှိမယ်။ အလယ်တန်းရှိမယ်။ အထက်တန်းရှိမယ်။ အခု ဒီအစိုးရလက်ထက်မှာလဲ အဲဒီကဏ္ဍအသီးသီးမှာ အဆင့်တိုင်းအဆင့်တိုင်းမှာ စတင်ပြီးတော့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပြီလို့ သိရတယ်။ အထူးသဖြင့် ပညာရေးရဲ့ အခြေခံကတော့ မူလတန်းဆိုတော့ အဲဒါလေးတွေကိုလဲ အသေးစိတ် နည်းနည်းဆွေးနွေးပေးစေချင်ပါတယ်။ အခုလက်ရှိမှာ အခြေခံမူလတန်း ပညာရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုအပြောင်းအလဲတွေ တကယ်တမ်း အဓိကအခြေခံက ဒါပဲဆိုတော့ အဲဒီအပိုင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ ဘာတွေရှိနေလဲ။ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းတို့မှာ။ အရင်နဲ့မတူတဲ့ အခုလက်ရှိမှာ ပြောင်းလဲတာတွေက ဘာတွေဖြစ်မလဲ။

ဖြေ ။ ။ အခြေခံပညာရေးစနစ် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကို အခြေခံပညာရေးစနစ်ဆိုပြီ ခေါ်ကြတယ်။ အခြေခံပညာရေးစနစ်အောက်မှာတော့ အခုနပြောတဲ့ အမျိုးသားပညာရေး မဟာဗျူဟာထဲက ချမှတ်ထားတဲ့ ပေါ်လစီအတိုင်းကို သွားနေတယ်။ ဥပမာအားဖြင့် အခုမြန်မာနိုင်ငံမှာ (၁၀) တန်းထိပဲ ရှိခဲ့တယ်။ (၁၀) တန်းကို အလွတ်ကျက်ပြီးတော့ ဆရာဗဟိုပြုစနစ်နဲ့ ကြီးလာခဲ့တယ်။ ကျနော်တို့ကိုယ်တိုင်လဲ ဒီစနစ်အောက်ကနေ ကြီးပြင်းလာခဲ့တယ်။ အခုလက်ရှိမှာဆိုရင် ဆရာ၊ ဆရာမ ဗဟိုပြုတဲ့စနစ်ကနေ ကျောင်းသားဗဟိုပြုစနစ်ကို ပြောင်းပြီတော့ KG plus 12 စနစ် (၁၂) တန်း၊ အခြေခံပညာရေးစနစ်ကို အကောင်အထည်ဖော်နေတယ်။ အခုလက်ရှိမှာဆိုရင် အခုလာမယ့် ပညာသင်နှစ်မှာ (၂၀၁၉-၂၀၂၀) မှာဆိုရင် သုံးတန်း နဲ့ ခြောက်တန်းကို သင်ရိုးညွှန်တမ်းအသစ်နဲ့ စမယ်။ စခဲ့တာ ပြီးခဲ့တဲ့ (၂) နှစ်ကျော်ကဆိုတော့ KG သူငယ်တန်း၊ (၁) တန်း၊ (၂) တန်းတို့က ပြီးခဲ့တဲ့နှစ်ကတည်းက ပြောင်းခဲ့ပြီးပြီ။ သင်ရိုးညွှန်တမ်းအသစ်တွေနဲ့ သွားနေပြီ။ လာမယ့်နှစ်မှာ (၃) တန်းနဲ့ (၆) တန်းကို သင်ရိုးညွှန်တမ်းအသစ်တွေနဲ့ သွားမယ်။ နောက်လာမယ့်နှစ်မှာဆို (၄) တန်း၊ (၇) တန်း နဲ့ (၁၀) တန်း - နှစ်တိုင်းတိုးသွားပြီတော့ နောက်ပိုင်း ၂၀၂၂-၂၃ မှာဆိုရင် ကျနော်တို့နိုင်ငံရဲ့ လက်ရှိအခြေခံပညာရေးစနစ်က KG plus 12 ခေါ်တဲ့ သင်ရိုးညွှန်တမ်းအသစ်ကို ရောက်ပါလိမ့်မယ်။

ဒီဟာရဲ့ ပြုပြင်ပြောင်းလဲရတဲ့ အကြောင်းရင်းက တော်တော်ကြီးကို လိုအပ်ချက်လည်းရှိတယ်။

တိုင်းပြည်မှာ အရင်တုန်းက ဆယ်တန်းပဲ ရှိခဲ့တယ်။ ဆယ်တန်းပဲရှိတော့ ဆယ်တန်းပြီးတဲ့ ကျောင်းသူကျောင်းသားက ဆယ်ခြောက်နှစ်လောက်ပဲ ရှိအုံးမယ်။ အပြည်ပြည်ဆိုင်ရာက ဥပဒေနဲ့ လူ့အခွင်အရေးတွေနဲ့ ပြန်ကြည့်မယ်ဆိုရင် လူတယောက်ရဲ့ ဆုံးဖြတ်ပိုင်ခွင့်နဲ့ ပြန်ကြည့်မယ်ဆိုရင် ဆယ့်ရှစ်နှစ်ကို အဓိကသွားကြတယ်။ ပြီးတော့ ဆယ့်ရှစ်နှစ်ကျော်ရင် တက္ကသိုလ်တွေ၊ ဘာတွေ တက်ကြတယ်ဆိုတော့ ဒီဟာနဲ့ ပြည်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံက နောက်ဆုံးနိုင်ငံတခုလို့တော့ ပြောလို့ရတယ်။ ဆယ့်နှစ်တန်းစနစ်ကို ပြောင်းလဲတဲ့နေရာမှာ။ အခုလောလောဆယ်မှာတော့ စလုပ်နေပြီ။ သင်ရိုးညွှန်တမ်းအသစ် ဖြစ်တဲ့အပြင်၊ ဆရာ၊ ဆရာမတွေကိုလည်း သင်ရိုးညွှန်တမ်းအသစ်ကို ဘယ်လိုသင်ရမယ်ဆိုတဲ့ Training က နှစ်တိုင်းပေးရတယ်။ ဒီနှစ်မှာဆိုရင် ဆရာ၊ ဆရာမပေါင်း နှစ်သိန်းခွဲကို ပညာရေးဝန်ကြီးဌာနက သင်ရိုးညွှန်တမ်းအသစ်ကို Training ပေးရတယ်။ ပြီးလို့ရှိရင် သင်ရိုးညွှန်တမ်းအသစ်မှာလဲ အရင်တုန်းက ဘာသာရပ်တွေ ပါတဲ့အပြင်၊ ဘာသာရပ်အသစ်တွေ ထပ်ပါလာတယ်။ ဥပမာ အနုပညာနဲ့ ပတ်သက်တာတွေ၊ ဂီတနဲ့ ပတ်သက်တာတွေ ပါလာမယ်။ အားကစားနဲ့ ပတ်သက်တာတွေ ပိုပြီးတော့ ပါလာမယ်။ နောက် ကိုယ်တိုင်လေ့လာသုံးသပ်ပြီးတော့ စဉ်းစားတွေးခေါ်မှုနဲ ဆုံးဖြတ်ချက်ချတာက Critical thinking လို့ခေါ်တဲ့ အစိတ်အပိုင်းတွေ တော်တော်များများ ပါလာတယ်။ ဒါတွေက အပြောင်းအလဲတွေကတော့ စတော့စနေပြီ။ တကယ်တမ်းကြတော့ တကယ့်ဒီအပြောင်းအလဲတွေရဲ့ ရလဒ်ကို အသီးအပွင့်တွေကို ခံစားဖို့ကြတော့ အခုန အပြောင်းအလဲကြီး ပြီးသွားပြီတော့မှ တွေ့ကြုံခံစားရမယ်ဆိုတော့ အချိန်တော့ နည်းနည်းပေးရမယ်။

မေး ။ ။ ကျမတို့ သိရသလောက်ဆိုရင် အခုဒီနှစ် ဆယ်တန်းစာမေးပွဲဆိုရင် မေးခွန်းမေးတဲ့ ပုံစံတွေ စပြောင်းသွားပြီ။ စနစ်လည်း အပြောင်းအလဲရှိတယ်လို့ ပြောတယ်။ ဆယ်တန်းစာမေးပွဲအောင်တဲ့ လူငယ်ကလေးတွေသည် အရင်တုန်းကနဲ့ မတူဘဲနဲ့ စနစ်သစ်တခုကို ရောက်သွားမယ်ဆိုတာကို ဂဃနဏ မသိကြဘူး။ ဥပမာ အရင်လို အောင်တယ်ရှုံးတယ် မဟုတ်တော့ဘဲ အထက်တန်းပညာအဆင့် အောင်လက်မှတ်ရတယ်ဆိုတဲ့ အဆင့်ဖြစ်သွားမယ်ဆိုတာကို ဂဃနဏ နားမလည်ကြဘူး။ အဲဒါကို ပညာရေးဝန်ကြီးဌာနအနေနဲ့ သေသေချာချာ ရှင်းလင်းတင်ပြတာမျိုး ရှိလား။ အဲဒီစနစ် အပြောင်းအလဲလေးကို နည်းနည်းရှင်းပြပေးပါ။

ဖြေ ။ ။ ကျနော် နားလည်သလောက်တော့ ဒီနှစ်ဆယ်တန်း ဖြေပြီတဲ့ကျောင်းသားတွေက အဆင့် (၃) ဆင့်နဲ့သွားပြီ။ (က)(ခ)(ဂ) အဆင့်နဲ့ သွားပြီ။ (က) အဆင့်နဲ့ အောင်တဲ့ကျောင်းသားတွေဆိုရင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွေကို ဝင်ဖြေပြီးတော့ အခုလဲ တက္ကသိုလ်တွေက သူတို့ဘာသာသူတို့ ရွေးချယ်တဲ့ပုံစံတွေနဲ့ တိုးတက်တဲ့ အနောက်နိုင်ငံတွေမှာလို့ သွားမယ်။ အမှတ်တခုတည်းကို ကြည့်တာမဟုတ်တော့ဘူး။ ဒါကတော့ မနှစ်ကတည်းက စခဲ့တယ်။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို သူတို့ကိုယ်တိုင် လျှောက်ရမယ်။ အခုန (A) နဲ့အောင်တဲ့ ကျောင်းသားတွေ။ (B) နဲ့အောင်တဲ့ ကျောင်းသားဆိုရင်တော့ တချို့တဝက်က တက္ကသိုလ်ကို လျှောက်နိုင်မယ်။ ဝင်ခွင့်ဖြေဆိုမယ်ဆိုရင်။ တချို့ကြတော့ ဝင်ခွင့်ရချင်မှရမယ်။ (C) နဲ့အောင်တဲ့ ကျောင်းသားတွေဆိုရင် အခြေခံပညာ ပြီဆုံးသွားတယ်ဆိုတဲ့ လက်မှတ်တော့ ထုတ်လို့ရမယ်။ အဲဒီလက်မှတ်နဲ့ အလုပ်အကိုင်တွေ စသွားလို့ရပြီ။ ပြီးလို့ရှိရင် ကျနော်သိသလောက်ဆိုရင် ပညာရေးဝန်ကြီးဌာနက တခြားမိတ်ဖက်အဖွဲ့အစည်းတွေ၊ UN အထောက်အကူပြု အေဂျင်စီနဲ့ ပူးပေါင်းပြီးတော့ (C) နဲ့ အောင်လာတဲ့ ကျောင်းသားတွေကို ဘယ်လိုနည်းနဲ့ ကြားထဲမှာ သူတို့ရဲ့ သင်ကြားရေးပိုင်းတွေကို ဘယ်လိုဆက်သွားလို့ရမလဲဆိုတဲ့ Online – Offline လေ့လာသင်ကြားနိုင်တဲ့ စနစ်တွေကို လုပ်ဖို့တော့ ဆွေးနွေးမှုတွေ သုံးသပ်မှုတွေနဲ့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မေး ။ ။ ကျမ နားလည်တာကတော့ သင်ရိုးညွှန်တမ်းနဲ့ ပညာရေးစနစ်ကို စပြောင်းတာပေါ့။ ပုံမှန်အတိုင်း သွားတဲ့ပုံစံ။ တဘက်မှာ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ အပြင်သွားလိုက်တာနဲ့ လက်ဘက်ရည်ဆိုင်မှာ ကလေးတွေ အများကြီးရှိတယ်။ လမ်းဘေးမှာ ပန်းရောင်းနေတယ်။ လုပ်ငန်းခွင်ထဲမှာ ဝင်ရောက်နေတဲ့ ကလေးတွေ အတော်များများရှိတယ်။ ကျောင်းပြင်ပကို ရောက်ရှိနေတယ်။ အဲဒီလို ကျောင်းပြင်ပကို ရောက်နေတဲ့ ကလေးတွေအတွက် အစိုးရအနေနဲ့ ဘာတွေဆောင်ရွက်ပေးနေတာ ရှိပါလဲ။

ဖြေ ။ ။ ကျောင်းပြင်ပရောက်နေတဲ့ ကလေးတွေက အများကြီးပါ။ ကျနော်တို့နိုင်ငံမှာ တရားဝင်နံပတ်အရဆိုရင် ၂.၇ သန်းလောက် ရှိနေတယ်ဆိုပြီးတော့ ပညာရေးဝန်ကြီးဌာနက တရားဝင်ကြေညာထားတယ်။ ဒါပေမဲ့ တကယ်တမ်းကြတော့ ဒီကလေးတွေ ဘယ်နေရာရောက်နေတယ်၊ ဘယ်လောက်ရှိတယ်ဆိုတာကို အတိအကျ စစ်တမ်းကောက်ခဲ့တာလဲ မရှိသေးဘူး။ လောလောဆယ်မှာလဲ မရှိဘူး။ ကျနော်တို့ကိုယ်တိုင် ဒီပြဿနာကြီး ရှိနေတယ်ဆိုတာသိလို့ myME Project ဆိုပြီး ဒီကလေးတွေကို သူတို့လုပ်နေတဲ့ အလုပ်ခွင်ကိုသွားပြီးတော့ ကားကြီးတွေကို စာသင်ကျောင်းလုပ်ပြီးတော့ လေ့လာသင်ကြားမှုတွေ စလုပ်ခဲ့တယ်။ အခုန ၂.၇ သန်းလောက်ရှိတဲ့ ကျောင်းပြင်ပရောက်နေတဲ့ ကလေးတွေထဲမှာ (၈၀-၉၀) ရာခိုင်နှုန်းက အလုပ်လုပ်နေကြတဲ့ ကလေးတွေ။ မီးပွိုင့်တွေမှာ ရေသန့်ဘူးရောင်းတဲ့ ကလေးတွေ။ မုန့်ရောင်းတဲ့ကလေးတွေ အများကြီး။

မေး ။ ။ ဒါကြောင့် ဒီပညာရေး ပြုပြင်ပြောင်းလဲမှုထဲမှာ ဒီကလေးတွေအတွက် စဉ်းစားပြီးတော့ လုပ်ဆောင်နေတာ ရှိပါသလား။

ဖြေ ။ ။ အရင်တုန်းကတော့ မရှိခဲ့ဖူးဘူး။ မရှိခဲ့တဲ့အပြင် ကလေးအလုပ်သမားဆိုတဲ့ စကားလုံးတောင် သုံးဖို့ခက်ခဲ့တယ်။ NLD အစိုးရ တက်လာခဲ့ပြီးနောက်ပိုင်းမှာ ပညာရေးဝန်ကြီးဌာနရဲ့အောက်မှာ ကျောင်းပြင်ပနဲ့ တသက်တာ ဦးစီးဌာနအသစ်တခု ဖွဲ့ဖြစ်ခဲ့တယ်။ အဲဒီဦးစီးဌာနအောက်မှာပဲ - အဲဒီဦးစီးဌာနရဲ့ အဓိကရည်ရွယ်ချက်က အခုနပြောတဲ့ ကျောင်းပြင်ပရောက်နေတဲ့ ကျောင်းနေရွယ်ကလေးသူငယ်တွေကို ပညာရေးပံ့ပိုးဝေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ အဲဒီအဖွဲ့ထဲမှာ ကျနော်တို့ ထဲထဲဝင်ဝင် စဖွဲ့ကတည်းက Strategy ဆွဲတာ၊ ဗျူဟာဆွဲတာတွေမှာ ပါဝင်ခဲ့ပါတယ်။ အခုလောလောဆယ်မှာ DAE – Department of Alternative Eduation ဦးစီးဌာနအောက်ကနေ စာတတ်မြောက်မှု လှုပ်ရှားမှု၊ ကျောင်းပြင်ပ မူလတန်း တန်းညှိပညာရေးစနစ်ဆိုတာတွေ လုပ်ဖြစ်နေတယ်။ ပြီးနောက် ကျောင်းပြင်ပ မူလတန်းတန်းညှိပညာရေးစနစ်ကိုလည်း စမ်းသပ်ကာလအနေနဲ့ လုပ်ဆောင်နေတာ (၃) နှစ်ကာလ ရှိနေပြီ။ အပြင်ကနေ ကျောင်းအတွင်း ပြန်ဝင်လာလို့ရတဲ့ နည်းလမ်းတွေ။ အားရစရာ ကောင်းပါတယ်။

မေး ။ ။ ဆောင်ရွက်မှုတွေကတော့ ရှိနေတယ်ပေါ့။ အချိန်ကလဲ သိပ်မရလို့ပါ အချုပ်အနေနဲ့ အခုလက်ရှိ NLD အစိုးရလက်ထက်မှာ လုပ်နေတဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုရဲ့ အခုလက်ရှိအတိုင်းသွားနေတဲ့ ပုံစံသည် ဘယ်လောက်အထိ အားရစရာ ရှိနေပြီလဲ။ ဒီအတိုင်း ဆက်သွားမယ်ဆိုရင် နောင်နှစ်ဘယ်လောက်လောက်မှာ ပညာရေးစနစ်က ဘယ်အတိုင်းအတာအထိ ရောက်လိမ့်မယ်လို့ သုံးသပ်မိပါလဲ။

ဖြေ ။ ။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျနော်အနေနဲ့ဆို ဒီထက်ပိုပြီးတော့ ဖြစ်စေချင်တာပေါ့။ အားရကျေနပ်မှုက တစ်ရာရာခိုင်နှုန်းတော့ မဟုတ်ဘူး။ လမ်းကြောင်းကတော့ မှန်နေပြီ။ အခုနပြောတဲ့ အမျိုးသားပညာရေးမဟာဗျူဟာအရပဲ ကြည့်ကြည့်၊ အမျိုးသားပညာရေးဥပဒေအရကြည့်ကြည့် ဒီလမ်းကြောင်းက မှန်နေပြီဆိုတော့ ဘယ်အစိုးရတက်တက် ဒီလမ်းကြောင်းအတိုင်းသာ ဆက်သွားမယ်။ တိုင်းပြည်လွှတ်တော်ကလည်း လိုအပ်တဲ့ ဘတ်ဂျက်ကို ပြည့်ပြည့်စုံစုံနဲ့ ထောက်ပံ့ပေးနိုင်မယ်ဆိုရင်တော့ လမ်းကြောင်းကတော့ မှန်နေပြီ၊ ဒီအတိုင်းဆက်သွားရင်တော့ ကျနော်တို့နိုင်ငံက တကယ်ကို နောက်မကြာတော့တဲ့ အနာဂတ်မှာ တိုင်းပြည်မှာ တကယ့်ကို လိုအပ်မယ့် သားကောင်းသမီးကောင်း ရတနာတွေ၊ တိုင်းပြည်အတွက် တကယ့်ကို လိုအပ်မယ့် အင်အားတွေကို ဖြည့်စွမ်းပေးနိုင်မယ်ဆိုတာကိုတော့ ယုံကြည်တယ်။ ဒါပေမဲ့ တဘက်မှာလဲ ဒီဟာကြီးက အစိုးရတခုတည်းကိုပဲ ထားခဲ့လို့မရဘူး။ ပညာရေးဝန်ကြီးဌာနတခုတည်းကို ပစ်ထားခဲ့လို့မရဘူး။ ပညာရေးဝန်ကြီးဌာနက စနစ်ဟောင်းကြီးကနေ ထိုးဖောက်ဖို့ ကြိုးစားနေတဲ့အဆင့်မှာပဲ ရှိနေသေးတော့ အကုန်လုံး ဝိုင်းလုပ်မှရမယ်။ မိဘ-ဆရာအသင်းထဲမှာ မိဘတွေကိုယ်တိုင် ဝင်ပြီးတော့ ထဲထဲဝင်ဝင်လုပ်ဖို့၊ ပံ့ပိုးပေးဖို့ လိုလိမ့်မယ်။ ပြီးတော့ ပညာရေးစနစ်ဟောင်းမှာ အလွတ်ကျက်ပြီးတော့ သားသမီးတွေ တတွတ်တွတ်အော်ပြီးတော့မှ အကျယ်ကြီးဆိုနေမှ မိဘတွေက စာတတ်တယ်၊ စာကျက်နေတယ်။ စာသင်ကြားနေတယ်လို့ ထင်နေတဲ့ အတွေးအမြင်တွေကိုလည်း တနည်းတဖုံနဲ့ ပြန်ပြီးတော့ သုံးသပ်ဖို့လိုလိမ့်မယ်။

နောက်ဆုံးပြောချင်တာကတော့ ကျနော်တို့နိုင်ငံရဲ့ ပညာရေးစနစ်က နှစ်ပေါင်းများစွာ လစ်လျူရှုခံခဲ့ရတဲ့ သစ်ပင်ကြီးလို့ ဖြစ်နေတယ်။ သစ်ပင်ကြီးက အသီးအပွင့်တွေလည်းမရှိ၊ အဖူးအပွင့်တွေလည်း မရှိတော့ဘူး။ သစ်ပင်ကြီးပဲ ငုတ်တုတ်ကြီး။ ဒီသစ်ပင်ကြီးကို ကျနော်တို့က ပြန်ပြီးတော့ ဝေဝေဆာဆာနဲ့ အသီးအပွင့်တွေ ဖြစ်လာအောင် စလုပ်တဲ့အဆင့်မှာပဲ ရှိနေသေးတယ်။ အောက်ပိုင်းက ရေသောက်မြစ်ကတော့ ခိုင်ခိုင်မာမာ ရှိနေတုန်းပဲ။ ကျနော်တို့ မြန်မာပြည်က ပညာရေးဆိုရင် မိဘ၊ ဆရာသမားတွေက ထိပ်ဆုံးမှာ အထွဋ်အမြတ်ထားကြပါတယ်။ ပညာတတ်ဆိုတာက ကျနော်တို့နိုင်ငံအတွက် အရမ်းကိုတန်းဖိုးရှိတဲ့ စကားလုံး။ အဲဒီတော့ အခု အပြောင်းအလဲတွေ ဖြစ်တာက (၂) နှစ် (၃) နှစ်လောက်ပဲ ရှိသေးတော့ ဒီအသီးအပွင့်တွေနဲ့ အရွက်တွေ ဝေဝေဆာဆာ ဖြစ်လာဖို့တော့ အချိန်တော့နည်းနည်းပေးရအုံးမယ်။ ဒါပေမဲ့ ပြောနိုင်တာကတော့ အောက်ဘက်မှာ ရေသောက်မြစ်က တောင့်တောင့်တင်းတင်းနဲ့ ရှိနေပြီ၊ လိုအပ်တဲ့ သဘာဝဓါတ်မြေသြဇာနဲ့ ရေတွေလည်း လက်ရှိ NLD အစိုးရသစ်မှာ စပြီးတော့ လုံလုံလောက်လောက်နဲ့ ပေးနေပြီဆိုတော့ တချိန်မဟုတ် တချိန်မှာတော့ ပညာရေးသစ်ပင်အုံကြီးက ဝေဆာလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

XS
SM
MD
LG