မြန်မာနိုင်ငံ တရားစီရင်ရေးမှာ အဆိုးရွားဆုံးက လာဘ်ပေးလာဘ်ယူကိစ္စဖြစ်ပြီး လက်ရှိအနေအထားအရ တရားစီရင်ရေးကဏ္ဍ ပြောင်းလဲတိုးတက်လာဖို့ ဘယ်လောက်ထိ အလားအလာ ရှိနေပါသလဲ။ ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့ ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်ကို ကိုကျော်ကျော်သိန်း တွေ့ဆုံမေးမြန်းထားပါတယ်။
မေး ။ ။ ပထမဦးဆုံး လက်ရှိ မြန်မာနိုင်ငံ တရားစီရင်ရေးလောကမှာ အဓိက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကြီးတခုကို ပြောပြပါလား။
ဖြေ ။ ။ အဓိက စိန်ခေါ်မှုကြီးက တခုတော့ မဟုတ်ဘူး။ နံပတ်တစ် အကြီးဆုံးကတော့ လာဘ်စားမှု။ နံပတ်နှစ်က အရည်အသွေးတွေ ကျလာတယ်။ နံပတ်သုံးက စာရိတ္တတွေလည်း ကျလာတယ်။ အဲဒါတွေကို ကျနော်တို့ ရင်ဆိုင်နေရတယ်။
မေး ။ ။ လာဘ်စားမှုဆိုတဲ့နေရာမှာ လာဘ်စားမှု အန္တရာယ်က ဘယ်လောက်တောင် ကြီးပါသလဲ။ နမူနာလေး တစ်ခု၊ နှစ်ခုလောက်နဲ့ ပြောပြပါ။
ဖြေ ။ ။ ၁၉၈၈ နောက်ပိုင်းမှာ လုံးဝကို လွှတ်ပေးလိုက်တာ။ မင်းတို့ ပေးအပ်တဲ့အမိန့်ကို နာခံ။ မင်းတို့လည်း သင့်တော်သလို နေကြ၊ လုပ်ကြဆိုပြီး လွှတ်ပေးလိုက်တဲ့အတွက်ကြောင့်မို့ လုံးဝအကန့်အသတ်၊ အတားအဆီးမရှိ လာဘ်စားမှုကြီး ဖြစ်လာတာ ဒီနေ့အထိ ပတ်ထုတ်လို့မရဘူး ကျန်နေသေးတာကို တွေ့ရတယ်။
မေး ။ ။ လာဘ်စားမှုဆိုတဲ့နေရာမှာ အဆင့်ဆင့်ပေါ့ - တရားစီရင်မှုပိုင်းကို ကျနော် နားလည်သလောက်ဆိုရင် အစိုးရဘက်က တာဝန်ရှိသူတွေပါမယ်။ ဥပဒေရေးရာပိုင် ကျွမ်းကျင်သူတွေဖြစ်တဲ့ ရှေ့နေချုပ်ရုံးပိုင်း။ ဒီဘက်ကဆိုရင် ရှေ့နေတွေနဲ့ ဆက်စပ်တဲ့အပိုင်း အဲဒီလိုနှစ်ပိုင်း ရှိမယ်လို့ ကျနော်ထင်ပါတယ်။ လာဘ်စားမှုက ဘယ်နေရာတွေမှာ ဘယ်လောက်တောင် ကျယ်ကျယ်ပြန့်ပြန့် ရှိနေသလဲ။
ဖြေ ။ ။ လာဘ်စားမှုက ၈၈ ဟိုဘက်ပိုင်းမှာ ထိန်းထားနိုင်တယ်။ မရှိသလောက် နီးပါးလောက်ကို ပြောလို့ရတယ်။ ဒီဘက်ပိုင်းမှာတော့ သူတို့က အာဏာတည်မြဲရေး အဓိကဖြစ်သွားတဲ့အတွက်ကြောင့်မို့ သူတို့က ဝန်ထမ်းတွေ၊ တရားသူကြီးတွေကို သူတို့ပေးတဲ့အမိန့်ကို နာခံအောင်လို့ဆိုပြီး လွှတ်ပေးလိုက်တာ။ အဲဒီလို လာဘ်စားတဲ့အခါကြတော့ တရားသူကြီးတွေ လာဘ်စားလာကြတော့ လာဘ်စားတဲ့ တရားသူကြီးနဲ့ သင့်မြတ်မှာပဲ ရှေ့နေတွေက အမှုရတယ်။ ထိုနည်းတူပဲ ရဲတွေလည်း ပျက်လာတယ်။ ဥပဒေဝန်ထမ်းတွေလည်း ပျက်လာတယ်။ နောက် ကုန်ဈေးနှုန်းတွေက တအားတက်လာတယ်။ တက်လာတဲ့အခါမှာ လခနဲ့ မလောက်တာတွေ ပြဿနာတွေ ပေါ်လာတယ်။ အဲဒီအခါမှာ ဒီဟာကို တရားစီရင်ရေးကို ဖျက်ဆီးတဲ့အထဲမှာ ရှေ့နေတွေလည်းပါတယ်။ ရှေ့နေတွေနဲ့ တရားသူကြီးတွေ အပေးအယူလုပ်ကြတယ်။ တရားသူကြီးက ဘယ်ရှေ့နေကိုငှား၊ အဲဒီရှေ့နေကလည်း လာဘ်ထိုး။ အဲဒီလိုလုပ်ကြတော့ တောင့်မထားနိုင်တဲ့ ရှေ့နေတွေ ဖျက်ရင်နဲ့ ဥပဒေဝန်ထမ်းတွေ၊ ရဲတွေ၊ တရားသူကြီးတွေ အကုန်ပျက်ကြတယ်။ အဲဒီလို တသုတ်၊ one-set အားလုံးပျက်တာ။ ယန္တရားကြီးတခုလုံး ပျက်တာ။ ပြည်သူတွေပါ ပျက်တာ။
ပြည်သူတွေက ဘယ်လိုပျက်သလဲဆိုရင် အဲဒီလို လာဘ်ပေးမှ ရတော့တဲ့အခါကြတော့ လာဘ်မပေးရရင် ငါတို့ ရှုံးတော့မှာပဲဆိုပြီး လာဘ်ပေးကောင်းတဲ့ ရှေ့နေ၊ လာဘ်ပေးစားတဲ့ တရားသူကြီးတွေကို ပေါင်းတဲ့အဆင့်ကို ရောက်ပြီးတော့ ပြည်သူပါပျက်တာ။
မေး ။ ။ ဒီအမှုဖြစ်နေတဲ့ လူတွေကိုယ်တိုင်က သူတို့သာ လာဘ်ငွေမပေးနိုင်ရင် ဒီအမှုကို သူတို့ရှုံး၊ သူတို့ဘက်က ယုံကြည်စိတ်ချတယ်၊ ငါတို့က ဒီအမှုမှာ မှန်တယ်လို့ အယူအဆ၊ ယုံကြည်ချက် ရှိရင်တောင် လာဘ်ပေးမှပဲ ဒီအမှုကို နိုင်မယ်လို့ အဲဒီလို ယူဆထားကြလား။
ဖြေ ။ ။ ဟုတ်တယ်။ သူတို့က အဲဒီလို ခံစားကြတယ်။ မျက်မြင်ကလည်း တွေ့နေတာ - လာဘ်ပေးလို့ ပိုက်ဆံရှိတဲ့လူက နိုင်သွားတာကို မြောက်မြားစွာ တွေ့နေတော့ အလိုလို ကြောက်လန့်၊ ထိတ်လန့်ပြီးတော့ မရှိရှိတာ ရောင်းချပေါင်နံှ - အဲဒီလိုလုပ်ပြီးတော့ ပေးရတဲ့ဘဝရောက်တာ။
မေး ။ ။ အဲဒီတော့ ကျနော် ဒီရက်ပိုင်းမှာပဲ အမှုပွဲစားကိစ္စ - အမှုပွဲစားဆိုတဲ့ ဝေါဟာရ ကြားဖူးပါတယ်။ ဆိုတော့ အမှုပွဲစားဆိုတာ ဘယ်လိုလူမျိုးတွေကို ခေါ်ပါလဲ။
ဖြေ ။ ။ အမှုပွဲစားကတော့ ပထမတော့ တရားရုံးတွေမှာလာပြီးတော့ လျှောက်လွှာစာရေးတွေနဲ့ ပေါင်းပြီတော့ အမှုပွဲစားဆိုပြီတော့ အပြင်ကလူတွေကော ရှေ့နေတွေကို ငှားပေးတယ်။ ရှာပေးတယ်။ ရှေ့နေတွေအတွက် ပိုက်ဆံကိုယူတယ်။ အဲဒီလိုလုပ်ရင်နဲ့ လက်ဘက်ရည်ဆိုင်အဆင့်လောက် ပွဲစားပဲရှိတယ်။ သူတို့လည်း စားဝတ်နေရေးလေးရပေါ့။ နောက်တော့ အဲဒီပွဲစားအလုပ်ကို ၈၈ နောက်ပိုင်းမှာ ဘယ်သူတွေက လုပ်လာလဲဆိုတော့ တရားသူကြီးတွေကိုယ်တိုင်က လုပ်တယ်။ ဥပဒေဝန်ထမ်းတွေလုပ်တယ်။ ရဲတွေက အမှုဖွင့်ကတည်းက အဲဒီမှာစပြီး လာဘ်စားတယ်။ ဘယ်တရားသူကြီးကိုငှား လုပ်ကြတယ်။ အုပ်ချုပ်ရေးမှူးတွေလည်း ပွဲစားတွေ။ အကုန်လုံး - နောက်ပိုင်းကြတော့ ဌာနဆိုင်ရာတွေကပါ ပွဲစားအလုပ်တွေကို တွင်တွင်ကျယ်ကျယ် လုပ်လာကြတယ်။ အဲဒါကြောင့် ပွဲစားဆိုတာ အပြင်ကလာလုပ်တယ်ဆိုတာထက် နောက်ပိုင်းကြတော့ အတွင်းကပဲ ပွဲစားအလုပ်တွေကို လုပ်တယ်ဆိုတာကို သွားတွေ့ရတယ်။
မေး ။ ။ ဆိုတော့ တရားစီရင်ရေးလောကအတွင်းက ပြောရရင် အဆင့်ဆင့်တာဝန်ရှိသူတွေ ကိုယ်တိုင်ကိုယ်က အမှုတွေကို ပွဲစားလုပ်ပြီတော့ ကိုင်လာကြတယ်။ ဆုံးဖြတ်ဖို့ လုပ်လာကြတယ်။ တရားစွဲဖို့ လုပ်လာကြတယ်။ အဲဒီလို ဖြစ်လာတာပေါ့။
ဖြေ ။ ။ တရားသူကြီးတွေက လောဘကြီးလာတယ်။ ဥပဒေဝန်ထမ်း၊ ရဲတွေကလည်း သာမန်သူတို့ရတာ ပုံသဏ္ဍာန်မျိုးစုံနဲ့ ယူတဲ့အထဲမှာ ဒီပွဲစားကလည်း တရားသူကြီးက ငှားခိုင်းလို့ ငှားတယ်ဆိုရင် တရားသူကြီးကို percentage နဲ့ ကန်တော့ရတယ်။ ရဲဆိုရင် အပြတ်ပြောတာ ငါ့အတွက် ဘယ်လောက်တောင်းခဲ့၊ ဘယ်လောက်မှာလိုက်တာ။ ကျနော်တို့က လက်တွေ့ကြုံခဲ့လို့ ပြောတာပါ။ အဲဒါကြောင့်မို့ တရားသူကြီးတွေကလည်း ရှေ့နေတွေငှားတာ၊ ပထမတော့ စိတ်ကောင်း၊ စေတနာကောင်းနဲ့ ငှားကြပါတယ်။ မဟုတ်ကဟုတ်က ရှေ့နေတွေ သွားငှားမိရင်၊ အရည်အသွေးညံ့တဲ့ ရှေ့နေတွေကို ငှားမိရင် ဒုက္ခရောက်မှာစိုးလို့ ပထမတော့ သဘောရိုးနဲ့ ကူညီကြတယ်။ ကူညီကြရင်နဲ့ နောက်ဆုံးတော့ ပွဲခယူတဲ့အဆင့် ရောက်သွားတာ။ တကယ်တမ်းကြတော့ ကျင့်ဝတ်အရ ဘယ်လိုအကြောင်းကြောင့်နဲ့မှ သူတို့က အဲဒီလိုလုပ်ခွင့် မရှိဘူး။ သို့သော်လဲ အဲဒီလိုကိုလုပ်တယ်။ အခုလဲ လုပ်တာပဲ။ နည်းတာနဲ့ များတာပဲ ရှိတယ်။
မေး ။ ။ ဆိုတော့ ကျနော်တို့ လက်လှမ်းမီတဲ့အချိန် - ကျနော်မွေးတဲ့အချိန်ကနေ ကျနော်မီတဲ့အချိန်။ ဥပမာ ၈၈ မတိုင်ခင် ဆိုရှယ်လစ်ခေတ်။ ၈၈ ကနေ ဒီဘက်နောက်ပိုင်းကာလကို ကောင်းကောင်းမီတယ်။ ဆိုတော့ ၈၈ ကနေ ဒီနောက်ပိုင်းကာလ ကောင်းကောင်းနားလည်တဲ့အချိန်။ အခုပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ကာလ မတိုင်မီ - အဲဒီအချိန်ကာလကဆိုရင် တရားစီရင်ရေးပိုင်းမှာ အုပ်ချုပ်ရေးပိုင်း ဝင်ရောက်စွက်ဖက်မှုက သိပ်ကိုကြီးပါတယ်။ ဆရာလည်း ဒါကို အားလုံးလည်းသိကြတယ်။ အုပ်ချုပ်ရေးပိုင်းက ဒါလုပ်ဆိုရင် တရားစီရင်ရေးပိုင်းက လုပ်လိုက်တာပဲ။ ဆိုတော့ အဲဒီအခြေအနေကရော ဒီနေ့အထိ ဆက်ရှိနေတုန်းပါပဲလား။
ဖြေ ။ ။ အုပ်ချုပ်ရေးပိုင်းက ဝင်ရောက်စွက်ဖက်တာကတော့ နိုင်ငံရေးအမှုတွေလောက်ကလွဲလို့ ကျန်တဲ့အမှုတွေ မရှိတော့ဘူး။ ဟိုတုန်းကတော့ အကုန်စွက်ဖက်တယ်။ အခုတော့ ၅၀၅ (ခ) လို ဟာမျိုးတွေ၊ ၂၇ (၁) လို ဟာမျိုးတွေ၊ ၁၂၄ လိုဟာမျိုးတွေ၊ အဲဒီမှာကတော့ တိုက်ရိုက်ကြီး မဟုတ်တောင်မှပဲ သူတို့ကို အပေါ်ကိုကြောက်ရတဲ့ အဂတိတရား (၄) ပါးမှာ ကြောက်တယ့် ဘယဘေး - အဲဒါတွေကတော့ ရှိနေတုန်းပဲ။ အဲဒါကိုသွားတွေ့ရတယ်။
နောက်တခုက တရားသူကြီးချုပ်ကိုယ်တိုင်က စစ်ဗိုလ် - စစ်တပ်က ဦးသန်းရွှေ ခန့်ပေးခဲ့တဲ့ တရားသူကြီးချုပ်။ သူကိုယ်တိုင်မှာ ဒီမိုကရေစီ အသွင်ရောင်၊ စိတ်ဓါတ်နဲ့ စစ်ရဲ့ခန့်ခဲ့တဲ့ အသွင်အရောင်တွေပဲ သူ့မှာ များသောအားဖြင့် ရှိနေပြီတော့ အဲဒီအတိုင်းပဲ သွားနေတဲ့ဟာတွေက အခုထိ မပျောက်သေးတာတွေ သွားတွေ့ရတယ်။ ဒါကြောင့်မို့ တရားသူကြီးချုပ်က ဒီမိုကရေစီအရ ခန့်ထားတဲ့ တရားသူကြီးချုပ် ဖြစ်ရင်တော့ ပိုပြီးတော့ ဒီထက်ပိုပီပြင်မှာလို့ ဆုတ်ယုတ်မှုတွေလည်း နည်းလိမ့်မယ်လို့ အဲဒီလိုယူဆမိတယ်။
မေး ။ ။ ဆရာ အခုနပြောသွားတာ ဘယကတိ - စိုးရိမ်ပြီတော့၊ ကြောက်ပြီတော့ - ငါက ဒါကို ဒီလိုဆုံးဖြတ်လိုက်ရင် အပေါ်က ငါ့ကို စိတ်ဆိုးမလား၊ ငြိုငြင်မလား စတဲ့စိတ်နဲ့ တရားသူကြီးတွေ ဆုံးဖြတ်ကြတယ်။ တိုက်ရိုက်တော့ အုပ်ချုပ်ရေးပိုင်းက ဒီအမှုကိုတော့ ဒီလိုဆုံးဖြတ်လိုက်၊ ထောင်ဘယ်လောက်ချလိုက်၊ လွှတ်ပေးလိုက် ဆိုတာမျိုးတော့ မရှိတော့ဘူး။ အဲဒီနေရာမှာ ၆၆(ဃ)၊ ၅၀၅ (ခ) တို့ ငြိမ်းစုစည်းဥပဒေ ဒီလိုမျိုးတွေက ဒီနေ့ခေတ်မှာ အများဆုံးဖြစ်တာ။ ဆိုတော့ အမှုတမှု ဖြစ်တယ်ဆိုကြပါစို့ ၅၀၅ (ခ) လိုမျိုး၊ ၆၆(ဃ) လိုမျိုး၊ ငြိမ်းစုစည်းလိုမျိုး ဖြစ်ရင်၊ သတင်းသမားတွေက တာဝန်ရှိသူတွေကို မေးတယ်။ အဲဒီလိုမျိုး တာဝန်ရှိသူ တဦးဦးက သူတို့နဲ့ နယ်မြေတိုင်းဒေသကြီးဖြစ်ဖြစ်၊ ပြည်ထောင်စုပဲဖြစ်ဖြစ်၊ ပြည်နယ်ပဲဖြစ်ဖြစ် - ဖြစ်နေတဲ့အချိန်မှာ ပေါ်လာတဲ့ကိစ္စတရပ်အပေါ်ကို သတင်းသမားတွေကမေးလို့ သူက တခုခုပြောလိုက်ရင်၊ အဲဒီလို ပြောလိုက်တဲ့ဟာက တရားသူကြီးတွေအတွက် ဘယ်လိုခေါ်မလဲ - လွှမ်းမိုးမှု သွားဖြစ်သွားစေမလား။
ဖြေ ။ ။ တခုတော့ရှိတယ် - မီဒီယာကလည်း အင်မတန်ထက်မြက်တဲ့ ယန္တရားတခုဆိုတော့ မီဒီယာတွေရဲ့ ဥစ္စာကိုလည်း သတိမထား၊ သဘောမထား၊ ဂရုမထားလို့တော့ မရဘူး။ သို့သော်လဲပဲ အဲဒီ မီဒီယာတွေကို သတိထားတာထက် ကျနော် တွေ့ကြုံရတာတော့ တရားရုံးချုပ်လိုဟာမျိုးတွေ၊ တိုင်းတရားရုံးလိုဟာမျိုးတွေ၊ များသောအားဖြင့် တရားရုံးချုပ်က အဲဒီလို အမှုမျိုးတွေဆိုလိုရှိရင် ရုံးချိန်တိုင်းကို report လုပ်ရတယ်။ ဘာဖြစ်နေလဲ။ တိုးတက်မှု ဘာလုပ်တယ်၊ ညာလုပ်တယ် အဲဒီလိုတွေတောင်းတယ်။ ဒီကလဲ ပေးပို့ရတယ်။ အဲဒီလို ပို့နေရတာကိုက သူတို့ကို ကြောက်ရွံစေတာပဲ။ အဲဒီတော့ ဘယ်လိုပြောရမလဲဆို အုပ်ချုပ်ရေးကတော့ ဝင်မဖိဘူး။ အဲဒီတရားစီရင်ရေးအတွင်းမှာပဲ ဘယဖြစ်အောင်၊ ဖြစ်စေတဲ့ … တွေကို လုပ်ထားတဲ့ဟာတွေ တွေ့ရတယ့်အခါမှာ လွတ်လပ်တဲ့ တရားစီရင်ရေး ဖြစ်တယ်ဆိုတဲ့ဟာက များစွာသံသယဖြစ်စရာကောင်းတယ်။
မေး ။ ။ လက်ရှိ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုယ်တိုင်က တရားရေးလောကထဲက သွားတဲ့ ဝါရင့်ရှေ့နေတယောက်လို့ ပြောလို့ရတဲ့ ရှေ့နေကြီးတယောက်ပေါ့ - ဥပဒေကြောင်းလည်း ကျွမ်းကျင်တယ်။ တရားစီရင်ရေးပိုင်းလည်း ကျွမ်းကျင်တယ်။ သူ သမ္မတဖြစ်ပြီး နောက်ပိုင်းမှာလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ တွေ့တယ့်အကြိမ်တိုင်းမှာ တရားစီရင်ရေးနဲ့ ပတ်သက်လို့ - ဟိုတလောကဆိုရင် လူတွေကြားမှာ စိတ်ဝင်တစား ဖြစ်နေတဲ့ အမှုတွေနဲ့ ပတ်သက်လို့ သူကပြောလိုက်လို့ အပြောင်းအလဲတွေ ဖြစ်သွားတာရှိတယ်။ ဆိုတော့ လက်ရှိသမ္မတ ဦးဝင်းမြင့်ရဲ့ တရားစီရင်ရေးပိုင်း၊ ဥပဒေပိုင်း၊ လုပ်ဆောင်ချင်နေတဲ့စိတ် - အဲဒီလုပ်ဆောင်ချင်နေတဲ့စိတ်က တရားစီရင်ရေးလောက အပြောင်းအလဲ ဖြစ်လာဖို့အတွက် ရောင်ခြည်ဘယ်လောက်လောက်များ ရှိသလဲ။
ဖြေ ။ ။ ကျနော်ကတော့ ရောင်ခြည်တင်မကတော့ဘူး တော်တော်လေး ရာခိုင်နှုန်းအားဖြင့် အများကြီး၊ ရာခိုင်နှုန်းပြည့်နီးပါး သမ္မတကြီးပေါ် ယုံကြည်တယ်။ သူ့ရဲ့ သမ္မတကြီးရဲ့ ကြိုးစားအားထုတ်မှုတွေ၊ လှုပ်ရှားနေပုံတွေက ကျနော် အင်မတန်မှ အားတက်တယ်။ အောင်ရဲထွေးအမှုဆိုရင်လဲ ဒီအတိုင်းပဲ။ ထိုနည်းတူစွာပဲ Eleven Media အမှုမှာဆိုရင်လဲ ပြောဆိုမှု မှားနေတယ်ဆိုပြီးတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို ထောက်ပြတယ်။ ဒါက ကြီးကျယ်တဲ့၊ ထင်ရှားတဲ့ ကိစ္စတွေပဲ။ အလားတူပဲ တရားစီရင်ရေးနဲ့ ပတ်သက်လို့ ဘာဖြစ်လို့ တရားစီရင်ရေးတွေမှာ အခုတလော အမှုတွေ ကြန့်ကြာနေသလဲဆိုတာကို လုပ်တဲ့အခါမှာ တရားသူကြီးတွေ နည်းလို့ပါ။ ဒါဆိုထပ်ခန့်။ ဘတ်ဂျက်မရှိဘူး။ ဘတ်ဂျက်မရှိရင် ထပ်ချပေးမယ်ဆိုတဲ့အထိ စိတ်ဝင်တစား ဖြစ်လာတယ်။ နောက် မျက်ခြေမပျက်လဲ - သမ္မတကြီး တက်လာပြီနောက်မှာလဲ တရားရုံးချုပ်ရဲ့ လှုပ်ရှားမှုတွေ၊ လုပ်ဆောင်ချက်တွေက ပိုမိုသွက်လက်လာပြီတော့ တော်တော်လေး မြန်ဆန်လာတာကို တွေ့ရတယ်။
မေး ။ ။ ဒါကတော့ တကယ်ဝမ်းသာစရာ သတင်းပါ။ ဆရာကိုယ်တိုင် ဝါရင့်တရားလွှတ်တော်ရှေ့နေတဦးအနေနဲ့ အပြုသဘောကောင်းကောင်း မြင်တယ်ဆိုတာ လူတွေအတွက်လည်း ဝမ်းသာစရာပေါ့။ ဒါပေမဲ့ တကယ်လက်တွေ့မှာ ဒီလောက်ကြီး ပျက်ဆီးနေတဲ့ ယန္တရားကြီး၊ ဒီထက်ပိုပြီးတော့ ခပ်သွက်သွက်လေး ပိုပြုပြင်လာနိုင်အောင်ဆိုရင်၊ ဒီလိုပြုပြင်နိုင်အောင် ဘယ်လိုအတားအဆီးတွေ ရှိနေသလဲ။ သမ္မတကြီးကိုယ်တိုင်က ဒါကို ဆန္ဒရှိတယ်၊ ပြောလဲပြောတယ်ဆိုတာတောင်မှ
ဖြေ ။ ။ အခု ကျနော်ပြောမယ့်ဟာကတော့ အချို့ရှေ့နေတွေ၊ ပညာရှင်တွေကတော့ ခက်ခဲတယ်၊ မဖြစ်နိုင်ဘူး ပြောတယ်။ ဝေဖန်တာတွေ ရှိတယ်။ ကျနော်တို့က Workshop တွေ အကြိမ်ကြိမ် ထိုင်ပြီးပြီ။ သမ္မတကြီးလည်း ကျနော် အခုပြောမယ့် အကြောင်းအရာကို သမ္မတကြီးဆီကို ကျနော်တို့က တရားဝင်တင်ပြမှာ။ အဲဒါဘာလဲဆိုတော့ Jury စနစ်ကို ကျနော်တို့ ကျင့်သုံးမှဖြစ်မယ်။ ဘားတိုင် စနစ်ကတော့ ဘယ်လိုမှ မျှော်လင့်ချက်မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရည်အသွေးတွေကလည်းကျတယ်။ လာဘ်ပေးလာဘ်ယူတွေကလည်း ဘယ်လိုမှ နှစ်သုံးဆယ် ပျက်လာတာကြီးကို ဒီ (၁) နှစ် (၂) နှစ်နဲ့ ဘယ်လိုမှ လုပ်လို့မရဘူး။ Jury မှာလုပ်မယ့် လူတွေကို စာရင်းကောက်ထားလို့ရတယ်။ သူတို့တွေက Volunteer ဘာမှ ပိုက်ဆံပေးနေစရာ မလိုဘူး။ ဒါက စေတနာဝန်ထမ်း ထမ်းဆောင်တာ။ မြန်လည်းမြန်သွားမယ်။ Jury တွေ ပါလို့ရှိရင် သူတို့မှာ တခြားတာဝန်တွေလည်း ရှိသေးတော့ အကြာကြီးစစ်နေလို့ မရဘူး။ ဒါကြောင့် အမှုတွေမြန်လာမယ်။ နောက်တခါ ဒီ ဘားတိုင်တရားသူကြီးကို ဝိုင်းပံ့ပိုးပေးမှာ၊ သူကို ဖြုတ်ပစ်မှာ မဟုတ်ဘူး။ သူက ဥက္ကဋ္ဌဖြစ်မယ်၊ ကျန်တဲ့လူတွေက အဖွဲ့ဝင် ဖြစ်မယ်ဆိုရင် လက်ရှိတရားစီရင်ရေးစနစ်ကို ကပြောင်ကပြန် မဖြစ်စေဘူး။ ဝိုင်းပြီးတော့ ပံ့ပိုးပေးတဲ့စနစ်နဲ့ သွားမှပဲ တရားစီရင်ရေးက အောင်မြင်မယ်လို့ ကျနော်က ဒီလိုပြောချင်ပါတယ်။