မြန်မာနိုင်ငံမှာ ၂၀၂၃- ၂၄ အချက်အလက် ကောက်ယူမှုတွေအရ ရခိုင်ပြည်နယ်ရဲ့ စီးပွါးရေးဟာ လည်ပတ်မှု လုံးဝ မရှိသလောက်နီးပါး ဖြစ်နေတာကြောင့် ဒေသခံ ၂ သန်းကျော် အငတ်ဘေးဆိုက်မယ့် အန္တရာယ် ရှိနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး လက်ထောက်ပြောခွင့်ရ Stephanie Tremblay က နယူးယောက်မြို့ ကုလရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒါဟာ ကုလသမဂ္ဂ ဖွံဖြိုးရေးအစီအစဉ် UNDP ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ ဆန်းစစ်ချက်ဖြစ်ပြီး၊ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေနဲ့ ပတ်သက်လို့ အထူးပြု ဖေါ်ပြထားတာပါ။
ရခိုင်ပြည်နယ်ထဲမှာ ကုန်သွယ်ရေး၊ စိုက်ပျိုးရေးနဲ့ ဆောက်လုပ်ရေးလို အဓိက ကဏ္ဍကြီးတွေဟာ ရပ်ဆိုင်းနေပါတယ်။ ပြည်ပပို့ကုန်ပေါ် မူတည်ပြီး လည်ပတ် လှုပ်ရှားမှုတွေကလည်း ဈေးကွက်တွေ အပိတ်ခံထားရတာကြောင့် ပျောက်ကွယ်ကုန်တဲ့အပြင် ဘိလပ်မြေဈေးတွေ မြင့်မားလာပြီး တင်ပို့မှုလည်း မရှိတဲ့အတွက် ဆောက်လုပ်ရေးလုပ်ငန်းတွေလည်း ရပ်ဆိုင်းနေခဲ့ရတယ်လို့ ပြောပါတယ်။
ဒါကြောင့် ရခိုင်ပြည်နယ်မှာ ၂၀၂၅ မတ်လ- ဧပြီ လလောက်မှာဆို အငတ်ဘေးကြုံလာမယ့် အန္တရာယ် ရင်ဆိုင်နေရပြီး ဒေသတွင်း စားနပ်ရိက္ခာ ထုတ်လုပ်မှုကလည်း နေထိုင်သူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းလောက် အတွက်ပဲ ဖူလုံဖို့ ရှိတယ်လို့ တွက်ချက်ထားတာပါ။
မျိုးစပါးနဲ့ ဓါတ်မြေသြဇာ မလုံလောက်မှုတွေ၊ ရာသီဥတုဆိုးဝါး ပြင်းထန်မှုတွေအပြင် အိုးအိမ်စွန့်ခွါ ထွက်ပြေးရသူ တိုးလာတာကြောင့် စပါးစိုက်ပျိုးမှုမှာလည်း သိသိသာသာ ကျဆင်းလာနေတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ UNDP အဖွဲ့ကတော့ ရခိုင်ပြည်နယ်တွင်း ကုန်စည်စီးဆင်းမှု မပြတ်အောင် ကန့်သတ်ချက်အားလုံးကို ဖယ်ရှားပေးဖို့၊ အကူညီပေးရေး အဖွဲ့အစည်းတွေကို သွားရောက်ခွင့်ပေးပြီး မပိတ်ပင်ဖို့ တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် ဒီဒေသတွင်း အငတ်ဘေး မကြုံရအောင် စိုက်ပျိုးရေးကဏ္ဍနဲ့ ဈေးကွက်ပြန်ရှင်သန်လာစေမယ့် လုပ်ငန်းတွေလုပ်ဖို့ အရေးပေါ် ရံပုံငွေ လိုအပ်နေတယ်လို့လည်း ပြောပါတယ်။
Forum