သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမ်း၊ မောင်တောနဲ့ တောင်ကုတ်မြို့နယ်တွေဘက် တိုက်ပွဲပြင်းထန်


ရခိုင်ပြည်နယ်တိုက်ပွဲတွေအတွင်း စခန်းတချို့သိမ်းဆည်းရမိကြောင်း AA ထုတ်ပြန်သည့် ယခင် မှတ်တမ်းပုံ
ရခိုင်ပြည်နယ်တိုက်ပွဲတွေအတွင်း စခန်းတချို့သိမ်းဆည်းရမိကြောင်း AA ထုတ်ပြန်သည့် ယခင် မှတ်တမ်းပုံ

စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား ရခိုင်ပြည်နယ်က အမ်း၊ မောင်တောနဲ့ တောင်ကုတ်မြို့နယ် တွေမှာ တိုက်ပွဲတွေဆက်ပြင်းထန်နေပါတယ်။ ရခိုင်ပြည်နယ်တောင်ပိုင်းက တောင်ကုတ်မြို့နယ် ကိုတော့ ဒီလဆန်းပိုင်းမှာပဲ AAဘက်က စစ်မျက်နှာထပ်ဖွင့်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ စစ်ကောင်စီဘက်က ခုခံစစ်အဖြစ် ရခိုင်ပြည်နယ် တိုက်ပွဲတွေမှာ လေကြောင်းကို အဓိကသုံးပြီးတော့ တိုက်ခိုက်နေတယ်လို့ စစ်ရေး စောင့်ကြည့်သူတွေကပြောပါတယ်။ရခိုင်ပြည်နယ် တိုက်ပွဲအခြေအနေနဲ့ ပတ်သတ်ပြီး ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုစံကျော် တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့နယ်တွေကို အာရက္ခတပ်တော် AA ဘက်က ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းလောက်ကစပြီး စစ်မျက်နှာဖွင့် ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ လက်ရှိမှာတော့ တောင်ကုတ်မြို့နယ်က နေရာသုံးခုလောက်ကို AA ဘက်က ဒီလနိုဝင်ဘာလဆန်းပိုင်း AAဘက်က စစ်မျက်နှာ ထပ်ဖွင့်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ရခိုင်စစ်ရေးစောင့်ကြည့်နေသူ တဦး က ဗွီအိုအေကို ပြောပါတယ်။

“အခုလက်ရှိ တောင်ကုတ်မှာ စစ်မျက်နှာဖွင့်လို့တိုက်နေတာက ၃ မျက်နှာရှိတယ်။ ဇီးကိုင်းမှာတော့ မနေ့က ညကနေတိုက်ပွဲတွေဖြစ်နေတာ အခုထိ ဖြစ်နေတုန်းပဲ။ စစ်ကောင်စီကတော့ ဂျက်ဖိုက်တာ နှစ်စီးနဲ့ လာပြီး ပစ်နေတယ်။ နောက်တခုကတော့ ပန်းမြောက်တောင်ပတ်ဝန်းကျင်တွေကို ဂျက်ဖိုက်တာနဲ့ ပစ်တယ်။ ပြီးတော့တက္ကသိုလ်ကျောင်းဝန်းကျင်။ပန်းမြောက်တောင်မှာတော့ နှစ်ဘက်တိုက်ပွဲဖြစ်တာမရှိတော့ဘူး၊ သိမ်းပိုက်ပြီလို့လည်း သတင်းထွက်နေတယ်။လက်နက်ပစ်သံတွေမရှိတော့ဘူး။”

အခုလိုတိုက်ပွဲပြင်းထန်နေတဲ့ တောင်ကုတ်မြို့နယ်က တိုက်ပွဲဧရိယာတွေနဲ့ ကျေးရွာတော်တော် များများကို စစ်ကောင်စီလေကြောင်းကနေ ဆက်တိုက်ဆိုသလို ဗုံးကြဲနေတာကြောင့် အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာရှိနေသလို နေအိမ်အဆောက်အဦးတော်တော်များများ ပျက်စီးဆုံးရှုံးမှုတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

ဒါ့အပြင် အာရက္ခတပ်တော် AAအနေနဲ့ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိတဲ့ အမ်းမြို့ ကိုလည်းဆက်လက်ပြီးတော့ ထိုးစစ်ဆင်တိုက်ခိုက်နေသလို စစ်ကောင်စီတပ်စခန်း တချို့ကိုလည်း သိမ်းပိုက်ထားတယ်လို့ ရခိုင်စစ်ရေးစောင့်ကြည့်နေသူ ကပြောပါတယ်။

“တမိုင်ကုန်းရယ်၊ ဒီဘက်ဆိုရင်တော့ ဂျင်တောင်ရယ်၊ ဟိုဘက်မှာဆိုရင်တော့ ပဲပဒုံဘက်မှာလည်း သရက်ပင်စခန်းကထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ၃၇၁ ဘက်က စစ်ကူလိုက်သွားတဲ့ သူတွေနဲ့ ပူးပေါင်းပြီးတော့ AA ထိုးစစ်ကို ပြန်ပြီးတော့ ခုခံနေလို့ တိုက်ပွဲပြင်းထန်နေတယ်။ BE တပ်ကတော့ ကျသွားပြီလို့ သိရတယ်။ ပြီးတော့ ဂျင်တောင်အနီးက ဒိုင်ကြီးရွာမှာ စစ်ကောင်စီက နေရာယူထားပြီးတော့ ခုခံနေတယ်။ အဲဘက်မှာလည်း တိုက်ပွဲပြင်းထန်နေတယ်။နောက်တခုက စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စီးနဲ့ ဂျင်တောင်ရယ်၊ တမိုင်ကုန်းရယ်၊ ပဲပဒုံဘက်တွေရယ် အကုန်လုံးကိုဗုံးကြဲပြီးတော့ တိုက်ခိုက်နေတာရှိတယ်။”

လက်ရှိ AA ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အမ်းမြို့ဟာ စစ်ကောင်စီရဲ့ ဂုဏ်သိက္ခာအတွက် အရေးကြီးတဲ့ မြို့ဖြစ်တာကြောင့် စစ်ကောင်စီအနေနဲ့ အမ်းမြို့မကျဆုံးရေးအတွက် လူအင်အား၊ လက်နက်အင်အား အလုံးအရင်း တိုးမြှင့်ပို့ဆောင်ပေးထားသလို လေကြောင်းကနေလည်း မနားတမ်းပစ်ခတ်ပြီး ခုခံတိုက်ခိုက်နေတယ်လို့ စစ်ရေးစောင့်ကြည့်သူတွေ ကပြောပါတယ်။

ဒီရက်ပိုင်းအတွင်းမှာပဲ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းကို စစ်ကောင်စီလေကြောင်းကနေ လေယာဉ်ဆယ်စီးလောက်နဲ့ လူအင်အား၊ လက်နက်အင်အားတွေ လာရောက်ဖြည့်တင်းခဲ့တယ်လို့ ရခိုင်စစ်ရေး စောင့်ကြည့်နေသူကပြောပါတယ်။

“အဓိက သူတို့ပို့တာက စစ်လက်နက်ရယ်၊ စစ်သည်အင်အားရယ်၊ ဆေးဝါးရယ်၊ ရိက္ခာထောက်ပို့ရယ် အဲလိုပို့ပြီးတော့ပြန်သွားတဲ့အချိန်မှာ အရာရှိမိသားစုတွေနဲ့ ဒဏ်ရာရထားတဲ့အရာရှိတွေ အများကြီး ရှိတယ်ပေါ့နော်။ ကျနော်သိရသလောက်ဆိုရင် ၃ဝ လောက်ရှိတယ်လို့ သိရတယ်။ အဲဒါတွေကို အကုန်ပြန်ပြီးတော့ သယ်သွားတယ်။”

အာရက္ခတပ်တော် AA နဲ့စစ်ကောင်စီကြား ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ်နေတာ တနှစ် မပြည့်ခင်မှာပဲရခိုင်ပြည်နယ်ရဲ့ မြို့နယ် ၁၇ ခုထဲက မြို့နယ် ၁ဝ ခုကို AA ဘက်က တိုက်ခိုက် သိမ်းပိုက်ထားနိုင်တာပါ။ ဒါ့အပြင်ကျန်ရှိနေသေးတဲ့ ရခိုင်ပြည်နယ်က လက်ကျန်မြို့တွေနဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို တိုက်ခိုက်သွားမယ်လို့ AAဘက်က ပြောထားပါတယ်။

လက်ရှိမှာတော့ သိမ်းပိုက်ဖို့ကျန်နေသေးတဲ့ မြို့နယ် ၇ ခုထဲက အမ်း၊ မောင်တော၊ ဂွနဲ့ တောင်ကုတ် မြို့နယ်တွေကို AAဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေသလို ကျောက်ဖြူ၊ မာန်အောင်နဲ့ စစ်တွေမြို့နယ်တွေကိုလည်းဝိုင်းရံပိတ်ဆို့ထားတာလည်းဖြစ်ပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်တွင်းက စစ်ရေးပဋိပက္ခအခြေအနေတွေ၊ တိုက်ပွဲတွေဖြစ်နေတာတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG