သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် ဂွမြို့အနီး တိုက်ပွဲပြင်းထန် 


ဂွမြို့
ဂွမြို့

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် AA အဖွဲ့က ဂွမြို့နားအထိ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ အကဲခတ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ တောင်ကုတ်၊ မောင်တောနဲ့ အမ်းမြို့နယ်တွေမှာလည်း တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းကပါ တုံ့ပြန်တိုက်ခိုက်နေတယ်လို့လည်း ပြောပါတယ်။ရခိုင်ပြည်နယ်က စစ်ရေးအခြေအနေ ရန်ကုန်ကသတင်းပေးပို့ထားတာကို ကိုရန်နိုင် တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲတွေပြင်းထန်နေတာ ဒီကနေ့ အထိ ဖြစ်ပါတယ်။လက်ရှိမှာတော့ AA အနေနဲ့ ရခိုင်တောင်ပိုင်းနဲ့ မြို့နယ်နှစ်ခုအပါအဝင် ရခိုင် မြောက်ပိုင်းက မောင်တော၊ ရခိုင်ပြည်နယ်အလယ်ပိုင်းက အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်တည်ရှိတဲ့ အမ်းမြို့နယ်တွေကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

ရခိုင်တောင်ပိုင်းက ဂွမြို့နယ်မှာဆိုရင်လည်း ဒီရက်ပိုင်းအတွင်း နှစ်ဘက်တိုက်ပွဲတွေ အတော်ပြင်းထန် နေတာပါ။AAထိုးစစ်တွေမှာ စစ်ကောင်စီတပ်စခန်းတချို့ကို သိမ်းပိုက်ထားနိုင်ပြီး ဂွမြို့နားအထိ ရောက်လာပြီလို့ ရခိုင်စစ်ရေးစောင့်ကြည့်နေသူတဦးကပြောပါတယ်။

“ဂွဘက်မှာတော့ တိုက်ပွဲအခြေအနေကတော့ ဒီနေ့ကတော့ ပစ်ခတ်သံတော့နည်းနည်းရှိတယ်။ ထိတွေ့ တိုက်ပွဲ၊ ဒါပေမယ့် နိုင်ဝင်ဘာလ ၄ ရက်၊ ၅ ရက်၊ ၆ ရက်- ၃ ရက်ဆက်တိုက် တိုက်ပွဲမှာကတော့ တိုင်ကျိုးနဲ့ ပုဂံတောင်ကို သိမ်းလိုက်ပြီ။ အဲဒီတိုက်ပွဲကို စစ်ကူလာတဲ့ မော်ရွှေကြိုင်ကနေ အင်အား ၆ဝ လောက်ပါတဲ့ တပ်ခွဲတခွဲကို AA က ကြားဖြတ်ဝင်တိုက်လို့ အကျဆုံးများတယ်လို့ သတင်းရတယ်အဲဒီ ဘက်မှာ။”

အာရက္ခတပ်တော် AA အနေနဲ့ ရခိုင်တောင်ပိုင်းက သံတွဲမြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း သံတွဲနဲ့ ဆက်စပ်နေတဲ့ ဂွမြို့ကို ဒီနေ့အထိ ဆက်တိုက် ထိုးစစ်တိုက်ခိုက်လာတာပါတယ်။

တဆက်တည်းမှာပဲ AAအနေနဲ့ တောင်ကုတ်မြို့နယ်ကိုလည်း ဒီလဆန်းပိုင်းကစပြီးတော့ ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။ လက်ရှိမှာတော့ တောင်ကုတ်မြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေကို AAဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်စခန်းတချို့ကိုလည်း သိမ်းပိုက်ထားနိုင်တယ်လို့ ရခိုင်စစ်ရေးစောင့်ကြည့်နေသူ ကပြောပါတယ်။

“တောင်ကုတ်မှာကတော့ အရင်သိမ်းထားတဲ့ ပန်းမြောက်တောင်ရှိမယ်။ အခုကတော့ မောင်းတံဂိတ် ပေါ့နော်။ တောင်ကုတ်တက္ကသိုလ်ကျောင်း။ နောက်ပြီးတော့ ခမရ ၅၄၄ အဲဒီဘက်ကို တွေကိုပါ အကုန်လုံးကို AA က ထိုးစစ်ဆင်နေတာ။တိုက်ပွဲကတော့ နေ့တိုင်းဖြစ်နေတယ်။ ပြင်းပြင်းထန်ထန်ကို ဖြစ်နေတာ။”

ဒ့ါအပြင် AA အနေနဲ့ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာချုပ်တည်ရှိတဲ့ အမ်းမြို့ကိုလည်း အင်းအားအလုံးအရင်းနဲ့နေ့ရောညပါ ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပြီး အမ်းမြို့အတွင်းက တပ်စခန်းတော်တော်များများကို သိမ်းပိုက်ထားနိုင်တယ်လို့ ဒေသခံတွေနဲ့ စစ်ရေးစောင့်ကြည့် သူတွေကပြောပါတယ်။

လက်ရှိမှာတော့ AAထိုးစစ်ဟာ နပခဌာနချုပ်အထိ ရောက်ရှိလာပြီး ဌာနချုပ်အနီး နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ရခိုင်စစ်ရေးစောင့်ကြည့်နေသူကပြောပါတယ်။

“အမ်းမှာတော့ ပဲပဒုံနဲ့ ဒိုင်ကလေးဘက်တွေမှာ တိုက်ပွဲတွေကတော့ ပြင်းနေတယ်။ AA ဘက်ကတော့ ၃၇၁ နဲ့ COT တပ်ကိုတော့ သိမ်းလိုက်ပြီ။ အမ်းကို လေကြောင်းတိုက်ခိုက်မှုလည်း နေ့တိုင်းရှိတယ်။ မရှိတဲ့နေ့ဆိုတာမရှိဘူး။ AAစစ်မျက်နှာကလည်း မနည်းဘူး။ တမြို့လုံးကိုဖြန့်ထားတာ။ အဲဒီမှာ အဓိကဖြစ်နေတာ စစ်ကောင်စီဘက်က ပဲပဒုံကိုဘက်ကို စစ်အင်အားတွေဖြည့်ပေးထားတယ်။ ပြီးတော့ ဒိုင်ကလေးဘက်ကို ခုခံစစ်ပြင်ထားတယ်။ ပြီးတော့ နပခ ဘက်ကို ခုခံစစ်တွေပြင်ပြီးတော့ ခုခံနေတယ်။ တိုက်ပွဲကတော့ နေ့တိုင်းပြင်းထန်နေတယ်။”

အာရက္ခတပ်တော်AAအနေနဲ့ အမ်းမြို့နယ်အတွင်းရှိတဲ့ တပ်စခန်းအားလုံးနီးပါးကို တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်နေသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးနေကြတာတွေကို တွေ့နေရတယ် လို့လည်း အမ်းမြို့ခံတဦးကပြောပါတယ်။

“တိုက်ပွဲအခြေအနေကတော့ အမ်းမှာနေ့တိုင်းဆိုသလို ဘယ်တပ်ရယ်လို့မဟုတ်ဘူး။ အဆင်ပြေတဲ့ တပ်တွေကို ဝင်တိုက်နေတာ။ ပြီးတော့တခါ သူတို့က တိုက်ပွဲဖြစ်ရင် ထွက်ပြေးကြတယ်။ ပြီးတော့ အနောက်ပိုင်းစစ်ဌာနချုပ်မှာသွားပြီးစုပြီးတော့ ခုခံကြတယ်၊ အဲဒီ့ကနေ လက်နက်ကြီးတွေနဲ့ ဟိုလှမ်းထု ဒီလှမ်းထုနဲ့ အဲ့လို ရမ်းထုနေကြတယ်ခင်ဗျာ။”

စစ်ကောင်စီဘက်ကတော့ အမ်းမြို့နယ်အတွင်း လေကြောင်းကနေ အကြီးအကျယ်ပစ်ခတ်နေသလို အခုလိုပစ်ခတ်မှုတွေကြောင့် ထိခိုက်သေဆုံးဒဏ်ရာရကုန်ကြတဲ့ စစ်ဘက်နဲ့မဆိုင်တဲ့ အရပ်သားပြည်သူတွေလည်း ရှိနေတယ်လို့လည်းဒေသခံတွေကပြောပါတယ်။

လက်ရှိမှာလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ နေ့ရောညပါ လက်နက်ကြီးတွေနဲ့ မြို့အနှံ့ကို ပစ်ခတ်နေတာကြောင့် အမ်းမြို့ပေါ်မှာ ရှိနေတဲ့ ဒေသခံရဲ့ အသက် အန္တရာယ်စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ရခိုင်တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီနဲ့ AA နှစ်ဘက်လုံးက တစုံတရာ ထုတ်ပြန်တာမျိုးမတွေ့ရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG