သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ တနှစ်သာလိုတော့တဲ့ အမေရိကန်ပြည်ထောင်စုမှာ မနေ့ နိုဝင်ဘာ ၇ ရက်နေ့က ကျင်းပတဲ့ ပြည်နယ်ရွေးကောက်ပွဲတွေမှာ ဒီမိုကရက်တွေနဲ့ တရားဝင် ကိုယ်ဝန်ဖျက်ချခွင့်အတွက် လှုံ့ဆော်သူတွေက ပြည်နယ်အများအပြားမှာ ဆက်တိုက် အနိုင်ရရှိနေပါတယ်။
Ohio ပြည်မှာတော့ ကိုယ်ဝန်ဖျက်ချခွင့်နဲ့ မျိုးပွားမှုဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုပုံစံတွေ ရရှိစေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြင်ဆင်ချက်တရပ်ကိုလည်း အတည်ပြုနိုင်ခဲ့ပါတယ်။ Ohio ပြည်နယ်ဟာ ကိုယ်ဝန်ဖျက်ချခွင့်ကို တားမြစ်ထားတဲ့ ပြည်နယ်တွေထဲက တခုလည်းဖြစ်ပါတယ်။
Ohio ပြည်နယ်မတိုင်ခင်ကတော့ California ၊ Kansas ၊ Kentucky ၊ Michigan ၊ Montana နဲ့ Vermont အပါအဝင် အခြားပြည်နယ်အများအပြားမှာ ကိုယ်ဝန်ဖျက်ချခွင့်ကို တားမြစ်ဖို့ မနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့ကြတာပါ။
Kentucky ပြည်နယ်မှာတော့ ဒီမိုကရက်တစ်ပါတီက ပြည်နယ်အုပ်ချုပ်ရေးမှူး Andy Beshear က ပြန်လည်ရွေးကောက်ခံရပြီး၊ Mississippi ပြည်နယ်မှာတော့ ရီပတ်ဘလစ်ကန် ပြည်နယ်အုပ်ချုပ်ရေးမှူး Tate Reeves က ဒီမိုကရက် တဦးဖြစ်တဲ့ Brandon Presley ကို အနိုင်ရခဲ့ပါတယ်။
Virginia ပြည်နယ်မှာတော့ ဒီမိုကရက်ပါတီက အထက်နဲ့ အောက်လွှတ်တော် နှစ်ရပ်စလုံးမှာ အနိုင်ရလိုက်တဲ့အတွက် ရီပတ်ဘလီကန် ပြည်နယ်အုပ်ချုပ်ရေးမှူး Glen Youngkin ရဲ့ ပြည်နယ်လွှတ်တော်တခုလုံးကို ရီပတ်ဘလီကန်ပါတီက ထိန်းချုပ်လိုတဲ့အစီအစဉ် ပျက်သွားခဲ့ပါတယ်။
၂၀၂၄ ရွေးကောက်ပွဲမှာ အမေရိကန် အောက်လွှတ်တော်က အမတ်နေရာ ၄၃၅ နေရာနဲ့ အထက်လွှတ်တော်က ၃၃ နေရာအတွက် ရွေးချယ်သွားမှာဖြစ်ပါတယ်။