ရှေ့နှစ်ကျင်းပမယ့် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ သမ္မတလောင်းဝင်ပြိုင်ဖို့ ကြိုးစားနေတဲ့ Republican ပါတီဘက်က ထိပ်ဆုံးကပြေးနေသူ သမ္မတဟောင်း Trump ဟာ သူ့ကိုယ်ကျိုးသက်သက် အာဏာမက်မောသူဖြစ်ပြီး Trump နဲ့ အပေါင်းအပါတွေက ဒီမိုကရေစီစံတန်ဖိုးတွေကို ခြိမ်းခြောက်နေတယ် လို့ သမ္မတ Joe Biden က ကြာသပတေးနေ့က ပြောဆိုပါတယ်။
“Make America Great Again” အမေရိကန် ပြည်ထောင်စု ပြန်လည်ကြီးမြတ်စေရမယ်ဆိုတဲ့ သမ္မတ Trump ရဲ့ MAGA အစွန်းရောက် လှုပ်ရှားမှုတွေက ဒီမိုကရေစီ အခြေခံယုံကြည်ချက်တွေကို ခြိမ်းခြောက်နေကြောင်းနဲ့ သူ့ဘဝတလျှောက်လုံး Republican တွေနဲ့ လက်တွဲလုပ်ကိုင်လာခဲ့တာဖြစ်လို့ MAGA အစွန်းရောက်အတွေးအမြင်တွေကို Republican ပါတီဝင်တိုင်းက လက်ခံထားလည်း မဟုတ်ဘူးဆိုတာ သူပြောနိုင်ပါတယ်လို့ သမ္မတ Joe Biden ကပြောကြားခဲ့တာဖြစ်ပါတယ်။ Republican ပါတီတွင်းမှာ MAGA အစွန်းရောက်အမြင်ရှိသူတွေရဲ့ ဖိအားပေးမှုတွေရှိနေတာကြောင့် သူတို့အစီအစဉ်တွေအတိုင်း လက်တွေ့ဖြစ်လာခဲ့ရင် အမေရိကန် ဒီမိုကရေစီစံတန်ဖိုးတွေ ထိခိုက်သွားလိမ့်မယ်လို့ Arizona ပြည်နယ်မှာ သမ္မတ Biden မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အများလေးစားမှုခံခဲ့ရပြီး Republican ပါတီတွင်း ဩဇာညောင်းခဲ့တဲ့ ကွယ်လွန်သူ အထက်လွှတ်တော်အမတ် John McCain အတွက် ဂုဏ်ပြုစာကြည့်တိုက် အုတ်မြစ်ချပွဲမှာ သမ္မတ Biden ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။
ရွေးကောက်ပွဲ ပြန်ဝင်မယ့် သမ္မတဟောင်း Trump ဟာ က သူ့ရဲ့ အယူအဆတွေကို ရွေးကောက်ပွဲ မတိုင်ခင်ထဲက ပြန်ပြီး အသက်သွင်းဖို့ကြိုးစားနေသလို ပြင်းထန်တဲ့ စကားလုံးတွေနဲ့ ထိုးနှက်တိုက်ခိုက်နေတယ်လို့လည်း သမ္မတ Biden ကပြောဆိုပါတယ်။ ဒါကြောင့် ဒီမိုကရေစီရှင်သန်ရေး ပြည်သူတွေအနေနဲ့ နှုတ်ဆိတ်မနေကြဖို့နဲ့ ဒီမိုကရေစီစနစ်အပေါ် ခြိမ်းခြောက်မှုတွေကို လက်မခံ ရှုတ်ချကြဖို့လည်း သမ္မတ Biden က တိုက်တွန်းသွားခဲ့ပါတယ်။