ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်
“ တရုတ်ကျေးဇူး မမေ့ကြဘူး”
ဘေဂျင်း၊ ယူနန်၊ စစ်ကောင်စီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တို့ရဲ့ (၄)ပွင့်ဆိုင် ဆက်ဆံရေးဟာ အလွန် ရှုပ်ထွေး နက်ရှိုင်းလှပါတယ်။ NUG ပါလာတော့ (၅)ပွင့်ဆိုင် ဖြစ်သွားပါတယ်။ မြန်မာပြည်မှာ ငြိမ်းချမ်းရေးရဖို့ လောလောဆယ် မဖြစ်နိုင်သေးဘူးဆိုတာကို တရုတ်အစိုးရက နားလည်ပါတယ်။ ဒါပေမဲ့ သူရင်းနှီးမြှုပ်နှံ ထားတာတွေကို အန္တရာယ်ပေးလာမှာစိုးလို့ လက်နက်ကိုင်အဖွဲ့အားလုံး ကျေနပ်အောင် လုံးပမ်းနေကြောင်း ဦးအောင်ခင်က သုံးသပ်ပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ယူနန်ပြည်နယ်အစိုးရရဲ့ နိုင်ငံခြားရေးရာ အထူးသံတမန် မစ္စတာကောပေါင်ရဲ့ တိုက်တွန်းမှုကြောင့် မြောက်ပိုင်းညီနောင် မဟာမိတ်(၃)ဖွဲ့နဲ့ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေ ဇွန်လဆန်းက မိုင်းလား နယ်စပ်မြို့မှာ တွေ့ဆုံဆွေးနွေး ကြပါတယ်။ ညီနောင်(၃)ဖွဲ့ဆိုတာကတော့ ကိုးတန့်၊ ရခိုင်နဲ့ တအာင်းပလောင် တပ်ဖွဲ့တွေပါ။ သူတို့ ချုပ်ကိုင်ရာ နယ်မြေက တရုတ်အကျိုးစီးပွားကို ကာကွယ်မယ်လို့ ဒီညီနောင်(၃)ဖွဲ့က ကြေညာတာကို ဇူလိုင်လ (၅)ရက်နေ့ထုတ် ဧရာဝတီ(အင်္ဂလိပ်ပိုင်း)မှာ ဖော်ပြပါတယ်။
ဒီ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ဖို့ တရုတ်က ပန်ကြားတာဖြစ်တယ်လို့ တအာင်း ဗိုလ်မှူးကြီး မိုင်းအိုက်ကျော် ပြောပါတယ်တဲ့။ မြောက်ပိုင်းညီနောင် မဟာမိတ်(၃)ဖွဲ့ကပေးတဲ့ လက်နက်ခဲယမ်းမျိုးစုံနဲ့ စစ်ရေးအကူအညီဟာ
တိုက်ပွဲတွေမှာ အတော်လေး အထောက်အကူဖြစ်စေတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် တည်ထောင်တဲ့ (၂)နှစ်ပြည့်အခမ်းအနားမှာ KNDF ဥက္ကဌ ခွန်းဘီထူးက ပြောသွားပါတယ်။ စစ်အစိုးရဟာ တရုတ်အစိုးရဆီက အကူအညီရယူပြီး ၊ နယ်စပ်နေ တိုင်းရင်းသား လက်နက်ကိုင်တွေကတော့ ယူနန်ပြည်နယ်အစိုးရ၊ တရုတ်အသင်းအဖွဲ့၊ တရုတ်မှောင်ခို ၊ တရုတ် ဒုစရိုက်လုပ်ငန်းရှင် စတာတွေဆီက အကူအညီရယူပါတယ်။ ရှမ်းပြည်ကတပ်ဖွဲ့တွေဟာ တနည်းမဟုတ်တနည်း တရုတ်နဲ့ ဆက်စပ်နေကြပါတယ်။
တရုတ်လို့သာ ယေဘုယျအားဖြင့် ပြောကြပေမယ့် မြန်မာနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ယူနန်ပြည်နယ်မှာ တရုတ်က (၆၀)ရာခိုင်နှုန်း၊ ဒေသခံတိုင်းရင်းသားက (၄၀)ရာခိုင်နှုန်း ရှိပါတယ်။ ယူနန်ပြည်နယ်မှာ (၁၆)ခရိုင် ရှိတဲ့အနက် (၆)ခရိုင်ဟာ မြန်မာနိုင်ငံနဲ့ ထိစပ်နေပါတယ်။ နုကျန်း လီစူး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်၊ ဘောင်ရှန်းခရိုင် ၊ ဒယ်ဟုန်ဂျိမ်းဖော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်၊ လင်ခေါင့် ဖူအာရ်ခရိုင်၊ ရှိရှောင်ပါးနား(ရှမ်း) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် - စတဲ့ယူနန်(၆)ခရိုင်ဟာ မြန်မာနိုင်ငံနဲ့ထိစပ်နေပါတယ်။ နုကျန်း လီစူး ခရိုင်ကတော့ ကချင်အထူးဒေသ(၁)ဖြစ်တဲ့ ချီဖွေ ပန်ဝါ၊ ဆော့လော်၊ ခေါင်လန်ဖူး စတဲ့မြို့နယ်တွေနဲ့ ထိစပ်နေပါတယ်။ ကချင်ဘက်ခြမ်း မြို့နယ်တွေမှာ လော်- လာချိတ်- ဇိုင်ဝါး -လီဆူ- ရဝမ် မျိုးနွယ်စုတွေအခြေစိုက်ပြီး လာချိတ်လူမျိုးကို စခုန်တိန့်ယိန်း မိသားစုက သြဇာညောင်းပါတယ်။ မြေရှားသတ္တု အကြီးအကျယ် ထုတ်ယူနေတဲ့ နေရာဖြစ်ပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO/KIA အခြေချတဲ့ ဝိုင်း းမော်၊ မိုးမောက်နဲ့ မန်စီမြို့နယ်တွေဟာ ယူနန်ပြည်နယ်က ဘောင်ရှန်း၊ ဒယ်ဟုန်ဂျိမ်းဖေါ ခရိုင်တွေနဲ့ ထိစပ်နေပါတယ်။ ကရင်ပြည်နယ်က ကချင်နဲ့ ယူနန်ဂျိမ်းဖောဟာ မျိုးနွယ်တူတာမို့ ယူနန်မှာ KIA ထောက်ခံသူတွေရှိတာ မဆန်းပါဘူး။ ဒါပေမဲ့ တရုတ်ဗဟိုအစိုးရကတော့ KIA ကို သံသယရှိပြီး “ဝ”တပ်ဖွဲ့ကို ပိုပြီး ယုံကြည်စိတ်ချပုံရပါတယ်။ “ဝ”တပ်မှာ ကြေးစား တရုတ်စစ်သည်တွေပါဝင်ပြီး တရုတ်စာကို ရုံးသုံးလုပ်ထားတာမို့ တရုတ်နဲ့ပိုပြီးနီးစပ်ပုံရပါတယ်။ မြောက်ပိုင်းမဟာမိတ်တွေကို "ဝ”က ခေါင်းဆောင်တာကိုပဲ တရုတ်က လိုလားပုံရပါတယ်။ ဝပြည်နယ်မှာ ထုတ်လုပ်တဲ့ လက်နက်ခဲယမ်းတွေကို မြောက်ပိုင်းမဟာမိတ်တွေသုံးကြပါတယ်။
ကိုးကန့်နဲ့ “ဝ”ဒေသဟာ ယူနန်ပြည်နယ် လင်ခေါင့် Lin Cang ခရိုင်နဲ့ ထိစပ်နေပါတယ်။ လင်ခေါင့်ခရိုင်ဟာ ဟန်၊ ယီ၊ ဒိုင်း၊ လားဟူနဲ့ “ဝ”မျိုးနွယ်တွေ အခြေစိုက်တဲ့ နယ်မြေဖြစ်ပါတယ်။ ယူနန်က “ဝ”ဦးရေ သုံးပုံနှစ်ပုံဟာ လင်ခေါင့်ခရိုင်မှာ နေထိုင်ကြပါတယ်။ တကယ်တော့“ဝ”နယ်မြေဟာ ယူနန်မှာတဝက် ရှမ်းပြည်မှာတဝက် ရှိနေတာ ရာစုနှစ်နဲ့ချီနေပါပြီ။ သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၀၉ ခုနှစ်မှာ ကိုးကန့်ဒေသက ဟန်တရုတ်ကို စစ်တပ်က တိုက်ထုတ်လိုက်တဲ့ ကိစ္စဟာ တပ်ချုပ် မင်းအောင်လှိုင်ရဲ့ လက်ချက်ဖြစ်တယ်လို့ တရုတ်ဘက်က ယူဆပုံရပါတယ်။ ဖုန်ကြားရှင်တပ်ဖွဲ့က ကိုးကန့်ဒေသကို ပြန်လည်ချုပ်ကိုင်ဖို့ ကြိုးပမ်းတဲ့အခါမှာ တရုတ်အစိုးရဟာ သူ့နယ်မြေကို သုံးခွင့်ပြုရုံတင်မကပဲ ရန်ပုံငွေရှာဖို့အတွက် ဘေဂျင်းမှာ ဘဏ်စာရင်း ဖွင့်ခွင့်ပေးတယ်လို့ တရုတ်သုတေသီ ယွန်ဆွန်းက ဆိုပါတယ်။
စစ်အာဏာသိမ်းပြီး (၂)နှစ်ကျော်အတွင်း ရှမ်းပြည်နယ်က တရုတ်မြန်မာ စီးပွားရေးစင်္ကြန် စီမံကိန်းဒေသမှာ တိုက်ပွဲဖြစ်ပွားမှု (၅၀)ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ ဇွန်လ(၃၀)ရက်နေ့ထုတ် ISP သတင်းမှာဖော်ပြထားပါတယ်။ တိုင်းရင်းသားအရေးမှာ ပုဂ္ဂလိက တရုတ်လုပ်ငန်းရှင်တွေ ပါဝင်လာပုံကို လူသိနည်းပါတယ်။ ဥပမာ ယုချန်အုပ်စုဆိုရင် တိုင်းရင်းသားလက်နက်ကိုင်(၆)ဖွဲ့ကို ရန်ပုံငွေထောက်ပံ့ကြောင်း တရုတ်သုတေသီ ယွန်ဆွန်းက ထောက်ပြပါတယ်။ ယုချန်အုပ်စုဟာ ရာဇဝတ်ကြောင်းအရ အရေးယူခံရပေမယ့် “ဝ”တပ်ဖွဲ့အတွက် လက်နက်နဲ့ စစ်သားရဖို့ စီစဉ်ပေးတယ်လို့ ဆိုပါတယ်။
ဘယ်လိုလိုပဲဖြစ်ဖြစ် တရုတ်ပိုးလမ်းမ စီမံကိန်းအောင်မြင်ရေး ၊ ယူနန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ စီမံကိန်းကြီးတွေဟာ မြန်မာနိုင်ငံနဲ့ အများကြီး ပတ်သက်နေပါတယ်။ တည်ငြိမ်အေးချမ်းတဲ့ မြန်မာနိုင်ငံ ဖြစ်လာစေဖို့ အလားအလာ နည်းပါးတာကိုလည်း တရုတ်က နားလည်ပုံရပါတယ်။ ဒါကြောင့်မို့ စစ်ကောင်စီအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တွေ ကျေနပ်အောင် တရုတ်က လုပ်ပေးနေပါတယ်။ တရုတ်အစိုးရပိုင်း၊ ပြည်နယ်ပိုင်း၊ ပုဂ္ဂလိကပိုင်း၊ မှောင်ခိုဒုစရိုက် လုပ်ငန်းပိုင်း စတဲ့ တရုတ်လူတန်းစားမျိုးစုံနဲ့ ပတ်သက်နေတာမို့ ရှေ့ဆက်ပြီး ဘယ်လိုစခန်းသွားမလဲဆိုတာ စောင့်ကြည့်ဖို့သာ ရှိပါတယ်။