အရက်သောက်တာကြောင့် အာဟာရဖြစ်ဖို့ အစာကို အူကစုပ်ယူမူ ထိခိုက်နိုင်ပြီး၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျှော်တာ ဖြစ်စေနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြနေပါတယ်။
ကင်ဆာရောဂါ ကာကွယ်ဖို့လိုအပ်တဲ့ အာဟာရတွေကို အရက်သောက်ထားတာကြောင့် အူက ကောင်းကောင်း မစုပ်ယူနိုင်တော့တာမို့၊ ကင်ဆာ ပိုဖြစ်စေနိုင်ပါတယ်။ အစားအသောက်ကနေရတဲ့ ကင်ဆာကာကွယ်စေနိုင်တဲ့ဓာတ် (Antioxidant) ဖြစ်တဲ့ ဗီတာမင် အေ၊ စီ၊ ဒီ၊ အီးနဲ့ Follic Acid ဓာတ်တွေကို၊ အရက်သောက်ထားချိန်မှာ အူကစုပ်ယူတာ အားနည်းသွားလို့ပါ။ ဒါ့အပြင် အရက်ကြောင့် အစားအသောက်ပျက်တာ၊ စားမကောင်းတာတွေနဲ့ပါပေါင်းပြီး၊ ဒီ ကင်ဆာတိုက်ဖျက်ဖို့လိုတဲ့ အာဟာရဓာတ်တွေ ပိုအားနည်းသွားကာ ကင်ဆာကာကွယ်ရေး လုပ်ငန်းစဉ်ထိခိုက်ပြီး ကင်ဆာပိုဖြစ်စေနိုင်တာပါ။
ဒါ့အပြင် အရက်မှာ ကဆီဓာတ် (ကာဘိုဟိုက်ဒရိတ်) ပါပြီးသားမို့ ဗိုက်ရွှဲတာ၊ ပိုဝလာတာ (Obesity) ကို ဖြစ်စေကာ နောက်ဆက်တွဲ ရောဂါတွေ ဆက်ဖြစ်စေနိုင်ပါတယ်။ ဒီကဆီဓာတ်များပြီး ပိုဝလာတာကြောင့် သွေးထဲ မကောင်းတဲ့ အဆီပါတိုးလာကာ သွေးတိုး၊ ဆီးချို၊ ကင်ဆာ စတာတွေဆက်ဖြစ်နိုင်ပါတယ်။ အခု အမေရိကန်မှာတော့ ဒီနာတာရှည်ရောဂါတွေ မဖြစ်ခင်ထဲက၊ ဖြစ်လာနိုင်တာကို ကြိုတင်သတိနိုင်ပေးတဲ့ စစ်ဆေးချက်တွေပုံမှန်လုပ်ကာ၊ တကယ်မဖြစ်အောင် ကြိုတင်ကာကွယ် ကုသမှုတွေ လုပ်ပေးနေရာမှာ၊ ဝတာကိုပါ ရောဂါတစ်ခုအဖြစ် စကုပေးနေပါပြီ။ ဒီအထဲ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအသောက်ဆင်ခြင်တာ၊ ကိုယ်လက်လှုပ်ရှားမှု ပိုလုပ်တာအပြင် အရက်လျှော့သောက်တာ ဖြတ်တာကလည်း အရေးပါလာနေပါတယ်။
တချို့ကတော့ အိပ်လို့မရတာအတွက် အရက်ကို အိပ်ဆေးလိုသုံးပေမဲ့ တကယ်တမ်း အထောက်အကူမပြုဘဲ အိပ်ရေးပိုပျက်စေပါတယ်။ အကြောင်းက အရက်သောက်အပြီးအစမှာ မူးကာ ချက်ချင်း အိပ်ပျော်နိုင်ပေမဲ့၊ အရက်အရှိန်ကြောင့်နဲ့ ရေဆာတာ ဆီးသွားချင်တာ စတာတွေမျိုးစုံကြောင့် ခဏခဏ ပြန်နိုးကာ တောက်လျှောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်မူမရတော့တာပါ။ ပုံမှန် အိပ်ရခက်သူတွေအတွက် အစပိုင်း အိပ်ရခက်ပေမဲ့ အရက်မသောက်ထားလျှင်တော့ စအိပ်ပျော်သွားတာနဲ့ သဘာဝအရ ဆက်တိုက်အိပ်သွားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်မှု ရစေနိုင်ပါတယ်။
ဒါကြောင့် အိပ်လို့မရတာအတွက် အရက်သောက်အိပ်မဲ့အစား လိုအပ်လာလျှင် အိပ်ဆေးသောက်တာက အရက်သောက်အိပ်တာထက် ပိုကောင်းပါတယ်။ ဒါ့အပြင် အရက်ကြောင့် ဒီအိပ်ရေးမဝတာကနေ မှတ်ဉာဏ်ကို ဆက်ထိခိုက်စေပါတယ်။ အကြောင်းက အိပ်နေချိန်မှာလည်း မှတ်သားမှုလုပ်ငန်းက ဆက်အလုပ်လုပ်နေလို့ပါ။ Sleep Apnea (အိပ်နေချိန် အသက်ရှုရပ်လိုက် ပြန်ရှုလိုက်ဖြစ်တာ) ရှိသူတွေမှာလိုပဲ၊ အရက်သောက်သူတွေမှာလည်း အိပ်ရေးမဝလို့ မှတ်ဉာဏ်ထိခိုက်တာကနေ မှတ်ဉာဏ်လျှော့တဲ့ သူငယ်ပြန်ရောဂါ (Dementia) အထိ ဆက်ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် မိသားစုနဲ့ ပျှော်ရွင်တန်ဖိုးရှိစွာ အသက်ရှည်ရှည်နေနိုင်ဖို့ အကောင်းဆုံးကတော့ အရက်ကို ဖြတ်ဖို့ပါ။ တချို့ကတော့ အရက်ကို မဖြတ်ဘဲ အားကစားလုပ်တာ၊ အစားဆင်ခြင်တာ၊ အားဆေးသောက်တာတွေ အစားထိုးလုပ်ပြီး ရောဂါတွေကာကွယ်ဖို့ ကြိုးစားကြပေမဲ့ အရက် အတော်သောက်နေသရွေ့ကတော့ တကယ်မထိရောက်နိုင်ပါဘူး။ နည်းနည်းသောက်မယ် ပြောသူတွေလည်း သောက်ရင်း မထိန်းနိုင်ဘဲ များများသောက်တာ ဖြစ်သွားလေ့ ရှိတတ်ပါတယ်။ အထူးသဖြင့် မိတ်ဆွေချင်းဆုံတဲ့ပွဲတွေမှာ အခုလိုဖြစ်တတ်ပြီး၊ သက်ကြီးတွေမှာလည်း မူးလို့မူးမှန်းမသိဖြစ်ကာ ပိုသောက်မိသွားတတ်ပါတယ်။
ဒါကြောင့် ဖြစ်နိုင်လျှင် အရက်ဖြတ်မှုဆိုင်ရာ အထူးကုတွေနဲ့ တိုင်ပင်ပြီး ဖြည်းဖြည်းချင်း အရက်ကိုဖြတ်သွားသင့်ပါတယ်။ အရင်အများကြီးသောက်ခဲ့သူတွေ ချက်ချင်းဖြတ်လျှင် အရက်စွဲဒဏ် (Alcohol Withdrawal) ပြန်ခံရနိုင်တာမို့ ဖြည်ဖြည်းချင်း ဖြတ်သင့်တာပါ။ အရင်တခါတရံသာ သောက်လျှင်တော့ လုံးဝဖြတ်နိုင်လျှင် ပိုကောင်းပါတယ်။ မဖြတ်နိုင်လျှင်လဲ အများကြီးသောက်တာထက်စာလျှင်တော့ တခါတရံ အနည်းငယ်ပဲ လျှော့သောက်တာ ပိုကောင်းပါတယ်။
ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Kaiser Santa Clara (ကိုင်ဇာ စန်တာကလျာ) အထွေထွေဆေးရုံကြီးက၊ သက်ကြီးရောဂါ အထူးကုသမားတော်ကြီး ဒေါက်တာမျိုးမင်းအောင်အား ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။