သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကာအကွယ်မဲ့ အကျပ်အတည်းတွေ ပိုကြုံလာရတဲ့ အမျိုးသမီး အလုပ်သမားများ


စစ်တပ်အာဏာသိမ်းပြီး တနှစ်ကျော်လာချိန် နိုင်ငံရေး မတည်ငြိမ်မှုတွေကို အခွင့်ကောင်းယူပြီး ခေါင်းပုံဖြတ်တဲ့ အလုပ်ရှင်တွေ ပိုများလာပြီး အကာအကွယ်ပေးတဲ့ ယန္တရားတွေလည်း မရှိတော့တာကြောင့် စက်မှုဇုံ အလုပ်သမားတွေအတွက် အကျပ်အတည်းတွေ ပိုဆိုးလာတယ်လို့ အမျိုးသမီး စက်ရုံအလုပ်သမားတွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။

[Zawgyi/Unicode]

အကာအကွယ်မဲ့ အကျပ်အတည်းတွေ ပိုကြုံလာရတဲ့ အမျိုးသမီး အလုပ်သမားများ (အမျိုးသမီးကဏ္ဍ)

စစ်တပ်အာဏာသိမ်းပြီး တနှစ်ကျော် ကြာလာချိန်မှာ ကိုဗစ်ကပ်ဘေးနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကို အခွင့်ကောင်းယူပြီး ခေါင်းပုံဖြတ် အမြတ်ထုတ်တဲ့ အလုပ်ရှင်တွေ ပိုများလာပြီး အကာအကွယ်ပေးတဲ့ ယန္တရားတွေလည်း မရှိတော့တာကြောင့် စက်မှုဇုံတွေမှာ အလုပ်လုပ်နေကြတဲ့ အမျိုးသမီးတွေ အတွက် အကျပ်အတည်းတွေ ပို ဆိုးလာနေတယ်လို့ အမျိုးသမီး စက်ရုံအလုပ်သမားတွေနဲ့ သူတို့ကို ကူညီ ပေးနေသူတွေက ပြောပါတယ်။ ငွေကြေးဖောင်းပွမှုနဲ့အတူ ကုန်ဈေးနှုန်း အဆမတန် တက်လာတာနဲ့ အလုပ်အကိုင် အခက်အခဲတွေကြား အမျိုးသမီး စက်ရုံ အလုပ်သမားတွေ ဘယ်လို ရင်ဆိုင် ဖြတ်သန်းနေကြရပါလဲ။ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ဆက်ထားပါတယ်။

ကိုဗစ်ကပ်ဘေးကနေ ပြန် နာလန်ထူဖို့ ကြိုးစားနေချိန်မှာပဲ စစ်တပ်က အာဏာသိမ်း လိုက်တာကြောင့် မြန်မာနိုင်ငံတွင်း စီးပွားရေး လုပ်ငန်းတွေ သိသိသာသာ ထိခိုက်ပြီး ၂၀၂၁ ခုနှစ် ဒုတိယ ၃ လအတွင်း အလုပ်လက်မဲ့ဦးရေ ၂ သန်းနီးပါးလောက် ဖြစ်သွားခဲ့တယ်လို့ နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် ILO အစီရင်ခံစာတခုက ဖော်ပြထားပါတယ်။ ဒီလို အလုပ်အကိုင် ဆုံးရှုံးသူတွေထဲမှာ စက်မှုဇုံ အလုပ်သမားတွေ အဓိက ပါဝင်ပြီး အများစုက အမျိုးသမီးတွေ ဖြစ်ပါတယ်။

အထူးသဖြင့် အထည်ချုပ် လုပ်ငန်းတွေမှာ အလုပ် လုပ်နေကြတဲ့ အလုပ်သမားတွေရဲ့ ၉၀ % လောက်က အမျိုးသမီးတွေပါ။ ကိုဗစ်ကပ်ဘေးနဲ့ စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း ကုန်ကြမ်း ပြတ်လပ်တာနဲ့ လုံခြုံရေးအရ စိုးရိမ်မှုတွေကြောင့် စက်ရုံ အများအပြား လုပ်ငန်း ရပ်ပစ်တာတွေ ရှိသလို၊ အမျိုးသမီး အလုပ်သမားတွေ သိန်းနဲ့ချီ အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတယ်။

အလုပ် ဆက်လုပ်ခွင့် ရနေသူတွေ အတွက်လည်း အလုပ်ရှင်တွေဘက်က ခေတ်ကာလ ကုန်ဈေးနှုန်းနဲ့အညီ လိုက်ပြီး လုပ်ခလစာ မတိုးပေးတဲ့အပြင် အချိန်ပို၊ လုပ်အားပို ခိုင်းစေတာတွေ သိသိသာသာ ပိုပြီး ကြုံလာရတယ်လို့ မြန်မာပေါင်ချိန် ဖိနပ်စက်ရုံမှာ အလုပ် လုပ်နေတဲ့ မဖြိုးသီတာဝင်းက ပြောပြပါတယ်။

“ဝန်ထမ်းတယောက်က ကြိုးချုပ်တယ်ဆိုရင် အရင်တုန်းက စက်ချုပ်ကို ကြိုး ၁၈၀ ပေးရတယ်ဆိုရင် အခုဆိုရင် ၂၀၀ တောင်းတာ။ ကြိုးချုပ်တဲ့ဟာကိုပဲ ၂၀၀ ချုပ်ပေး။ နောက်တပွိုင့်ကလည်း ၂၀၀ ချုပ်ပေး။ ပြီးတော့မှ အဲ့ဒီ ၂၀၀ စီ ချုပ်လိုက်တဲ့ဟာတွေက နောက်ဆုံး ပါကင်မှာ ၁၈၀၊ ၂၀၀ အထိ သွားရတာ။ ညီမတို့က ပြောရမယ်ဆိုရင် ဒီလို Target တိုးတောင်းတာကိုတော့ မပြောလိုဘူးပေါ့နော်။ သူတို့တောင်းရင် တောင်းသလောက်ကို ပေးနိုင်ရင် ဆုကြေး ဆိုလည်း ဆုကြေး ထုတ်ပေးသင့်တယ်ပေါ့။ အခုဟာက ဆုကြေးလည်း မရ၊ ထောက်ပံ့ကြေးလည်း မရ။ ဘာမှမရတာကို ကျမတို့ အနေနဲ့ကတော့ တောင်းဆိုတာပေါ့နော်။ တခုခုဆိုရင် သူတို့က ဝန်ထမ်းတွေကို ဘာနဲ့ခြောက်လဲ ဆိုတော့ အပြစ်ကြီးလက်မှတ်တွေ ထိုးခိုင်းတယ်။”

လုပ်ခလစာ တိုးမပေးဘဲ ခုလို အလုပ်တိုး လုပ်ခိုင်းတာတွေ ရှိပေမဲ့လို့၊ ဒါကို မကျေနပ်လို့ တိုင်ကြားရင်လည်း အလုပ်ဖြုတ်ခံရတာတွေ ရှိတာကြောင့် အလုပ်သမားအများစု ကတော့ ခိုင်းစေတဲ့အတိုင်း ဆက်ပြီး လုပ်နေကြရတယ်လို့ ပြောပါတယ်။

အလုပ်သမားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ မရတာကြောင့် စုပေါင်း တောင်းဆိုနိုင်အောင် အလုပ်သမား အဖွဲ့ ဖွဲ့ဖို့ ကြိုးစားတဲ့အတွက် အလုပ်ဖြုတ်ခံခဲ့ရတယ်လို့ ထုံဖူး အထည်ချုပ်စက်ရုံမှာ အလုပ် လုပ်ခဲ့တဲ့ အမျိုးသမီးတဦးက ပြောပြပါတယ်။

“ဘယ်လိုလဲဆိုတော့ ဗိုက်ကြီးသည်တွေ ဘာတွေဆိုရင်လည်း ဖူလုံရေး ဆေးခွင့်တွေဘာတွေ မရဘူး။ အလုပ်သမား အခွင့်အရေးနဲ့ ပတ်သက်ရင် အဲ့စက်ရုံက ဘာမှမပေးဘူး။ ညီမတို့က အဲ့ဒါနဲ့ ကိုယ့်အဖွဲ့အစည်းလေးကိုယ် ဖွဲ့စည်းမယ်၊ အလုပ်သမားအဖွဲ့အစည်းလေး ဖွဲ့စည်းမယ်ဆိုပြီး သူငယ်ချင်းတွေ လိုက်ပြောတယ်။ ဒီလိုမျိုး အလုပ်သမားအဖွဲ့အစည်း ရှိရင် ငါတို့အတွက် စက်ရုံမှာ အလုပ်တဲ့အခါ အခွင့်အရေးတွေ ရတယ်။ အဲ့ဒီလိုမျိုး ပြောပြတယ်။ အဲ့ဒါကို ကျမတို့က လိုက်ပြီးတော့ စည်းရုံးပါတယ် ဆိုပြီးတော့ ညီမတို့ကို သူတို့စက်ရုံကနေ အလုပ် ဖြုတ်ဖို့ လုပ်ပစ်လိုက်တာ။”

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် အလုပ်သမား သမဂ္ဂတွေကို တရားမဝင် အသင်းတွေအဖြစ် စစ်ကောင်စီက ကြေညာထားတာ ရှိသလို၊ အလုပ်သမားရေး လှုပ်ရှားသူတွေ ဖမ်းဆီး ခံရတာ၊ ထွက်ပြေး တိမ်းရှောင်ရတာတွေ အများအပြား ရှိနေတာပါ။

ဒီလို အခြေအနေတွေကို သိတဲ့ လုပ်ငန်းရှင်တချို့က စစ်တပ် အာဏာသိမ်းမှု နောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေကို အခွင့်ကောင်းယူပြီး ခေါင်းပုံဖြတ် အမြတ်ထုတ်ကြတာကြောင့် အလုပ်သမားတွေ အတွက် ခုလို အကျပ်အတည်းတွေ ပိုပြီး ကြုံလာရတာလို့ မြန်မာနိုင်ငံ အထွေထွေ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (FGWM) ဥက္ကဋ္ဌ မမိုးစန္ဒာမြင့်က ပြောပါတယ်။

“အဆိုးရွားဆုံး အခက်ခဲဆုံး အချိန်ကို ကျမတို့ လုပ်ငန်းခွင်မှာရှိနေတဲ့ အလုပ်သမားတိုင်း ပေါ့နော်။ အထည်ချုပ်လုပ်ငန်းခွင်မှာ ဆိုရင်တော့ အမျိုးသမီးတွေက များတော့ အမျိုးသမီးတိုင်း ပိုပြီးတော့ ခံစားနေရတာပေါ့နော်။ ဘာကြောင့်လဲ ဆိုတော့ အလုပ်ရှင်တွေက အခုချိန်မှာ အပြစ်မရှိဘဲနဲ့တောင်မှ နှစ်ကြီးသမား အလုပ်သမားတွေကို သူတို့က ပုံမှန် ပေးနေကျ၊ ရသင့်ရထိုက်တဲ့ Skill level နဲ့အညီ ပေးရမယ့်အရာတွေကို မပေးချင်တော့ဘူးပေါ့နော်။ နိုင်ငံရေး မတည်ငြိမ်မှုပေါ်ကို အမြတ်ထုတ်ပြီးတော့ မပေးချင်တော့တဲ့အတွက်ကို သူတို့က ဈေးပေါပေါနဲ့ နေ့စား ဝန်ထမ်းတွေပေါ့နော်။ အဲ့ဒါကလည်း ကျွမ်းကျင်လုပ်သားတွေပဲ။ နေ့စားဝန်ထမ်းတွေကို ခန့်တာမျိုး လုပ်ချင်ကြတော့ အမျိုးသမီး ကျွမ်းကျင် အလုပ်သမားတွေကို ဥပဒေမဲ့ အလုပ်ထုတ်ပစ်ကြတယ်။ လူ့အခွင့်အရေးရော အလုပ်သမား အခွင့်အရေးရော ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီးတော့ နိုင်ငံရေး မတည်ငြိမ်တာကို အမြတ်ထုတ်ပြီးတော့ အလုပ် ထုတ်ပစ်ကြတယ်။ လျော်ကြေးလည်း မပေးကြဘူး။ မပေးကြတဲ့အတွက် အဲ့ဒီ ကျွမ်းကျင်အလုပ်သမား အမျိုးသမီးတွေက လုပ်ငန်းခွင်ကနေ စွန့်ခွာပြီး အလုပ်လက်မဲ့ အခြေအနေကို ကြုံရတယ်။ ဒါဟာ အမျိုးသမီးတွေ အနေနဲ့ အိမ်ထောင့်တာဝန် ထမ်းနေတဲ့ မိခင်တွေရော၊ အခြားသော မိသားစုတွေရော၊ အမျိုးသမီး လူငယ်တွေရော အတွက် အလုပ်အကိုင် ခက်ခဲမှုကလည်း ပြောစရာမလိုအောင် အဆိုးရွားဆုံး အခြေအနေကို ကြုံတွေ့နေရပါတယ်။ လုပ်ငန်းခွင်မှာ လုပ်နေတဲ့ အလုပ်သမားတွေ အနေနဲ့ ဆိုရင်လည်း ခေတ်ကာလ ကုန်ဈေးနှုန်းနဲ့ သူတို့ရရှိတဲ့ လုပ်ခလစာနဲ့က၊ ကုန်ဈေးနှုန်းက ၃ ဆလောက် မြင့်တက်နေတဲ့အပေါ်မှာ အလုပ်ရှိနေတဲ့ အလုပ်သမား အမျိုးသမီးတွေ အတွက်ကလည်း ဘယ်လိုမှ မလောက်ငှနိုင်တဲ့ အခြေအနေ၊ အကျပ်အတည်းတွေ၊ စီးပွားရေး အကျပ်အတည်းတွေလည်း ရင်ဆိုင်ကြုံတွေ့နေရပါတယ်။”

အလုပ်အကိုင် အခက်အခဲ လို့ဆိုတဲ့နေရာမှာ အခုနောက်ပိုင်း စက်ရုံတချို့က အလုပ်သမား ခန့်တဲ့နေရာမှာ အလုပ်သမားတွေရဲ့ မှတ်ပုံတင်ပါ ဇာတိမြို့နယ် ဒေသကို ကြည့်ပြီး အလုပ် ငြင်းပယ်တာတွေ ရှိနေပြီး အလုပ်သမား တချို့အတွက် အခက်အခဲ ပိုများစေတယ်လို့ ထုံဖူး အထည်ချုပ် စက်ရုံက အလုပ်ဖြုတ်ခံခဲ့ရတဲ့ အမျိုးသမီးက ပြောပါတယ်။

“ပဲခူးတိုင်းဘက်တို့၊ ဧရာဝတီတိုင်း ဘက်ကလား။ စစ်ကိုင်းတိုင်းဘက်ကလား အဲ့ဒီလိုမျိုး မေးတယ်လေ။ အဲ့ဒီလိုဆိုရင် မခေါ်ဘူး။ မခေါ်တော့ ညီမတို့က မေးတယ်လေ ဘာလို့မခေါ်တာလဲ ဆိုတော့။ အဲ့ဘက်က စစ်တပ်ကို တော်လှန်နေတဲ့သူတွေ ဖြစ်တဲ့အတွက် အဲ့ဒီလူတွေကို စက်ရုံက လက်မခံဘူးတဲ့။ ပြဿနာဖြစ်ရင် သူတို့ မဖြေရှင်းပေး နိုင်ဘူးပေါ့ အစ်မရယ်။ အဲ့ဒီလိုမျိုးတွေ သူတို့က ပြောပါတယ်။”

အလုပ်ရှင်နဲ့ အလုပ်သမားကြား အခွင့်အရေးဆိုင်ရာ ပြဿနာတွေ၊ ပဋိပက္ခတွေ ကတော့ အရင်ကတည်းက ရှိလာခဲ့ဖူးပါတယ်။ ဒါပေမဲ့ အရင်က ပဋိပက္ခတွေမှာ အလုပ်သမား သမဂ္ဂတွေက ဦးဆောင်ပြီး သက်ဆိုင်ရာ အလုပ်ရှင်၊ အလုပ်သမားနဲ့ အုပ်ချုပ်သူ အစိုးရတာဝန်ရှိ သူတွေပါ ပါဝင်ပြီး သုံးပွင့်ဆိုင် ညှိနှိုင်း ဖြေရှင်းတာတွေ လုပ်နိုင်ခဲ့ပေမဲ့လို့၊ စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာတော့ ဒီလို အခြေအနေတွေလည်း ပျက်သွားခဲ့တာပါ။

အခုဆိုရင် အလုပ်သမားတွေအတွက် အလုပ်အကိုင် အခက်အခဲတွေ၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတာတွေ သိသိသာသာ ပိုဆိုးလာပေမဲ့လို့ ဒါကို ကူညီ ကာကွယ်ပေးနိုင်တဲ့ အဖွဲ့အစည်းတွေ၊ အလုပ်သမားသမဂ္ဂတွေကို စစ်ကောင်စီက ပစ်မှတ်ထား နှိမ်နင်းတာ ရှိတာကြောင့် အလုပ်သမားတွေ အတွက်ကတော့ နစ်နာ ဆုံးရှုံးမှုတွေ၊ အကာအကွယ်မဲ့တဲ့ အခြေအနေတွေ ပိုပြီး ကြုံလာတယ်လို့ မမိုးစန္ဒာမြင့် က ပြောပါတယ်။

“စစ်အာဏာသိမ်းမှု ကာလ ရောက်လာတဲ့အခါကျတော့ ကျမတို့လို အဖွဲ့ချုပ်တွေကလည်း စစ်အာဏာရှင် လက်အောက်ကနေ မတရားပုဒ်မတွေ၊ ဖမ်းဆီးမှုတွေနဲ့ ကျမတို့က ထွက်ပြေး တိမ်းရှောင်နေရတာတွေလည်း ရှိသလို၊ ဖမ်းဆီး ထောင်ချ ခံနေရတာတွေလည်း ရှိကြတယ်။ ဆိုတော့ ဒီကာလမှာတော့ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေ ဆိုတာက လုံးဝကို မရှိတော့ဘူး။ နစ်နာဆုံးရှုံးမှုတွေ များစွာနဲ့ ကြုံနေရတယ်။ ပြောရမယ်ဆိုလို့ရှိရင် စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ လို နေရာမျိုးတွေမှာ ဆိုရင် အမျိုးသမီးတွေ အတွက် ပိုပြီး မလုံခြုံတဲ့ ပတ်ဝန်းကျင်တွေမှာ အလုပ်သွား အလုပ်ပြန် သွားလာရမှုတွေမှာ မတရားခြိမ်းခြောက် ခံရတာတွေ၊ စော်ကား ပြုမူခံရတာတွေ။ ပြီးလို့ရှိရင် နှိပ်စက်မှုတွေ၊ မုဒိန်းကျင့်မှုတွေကြောင့် တချို့ စက်ရုံတွေမှာ အသက်ဆုံးရှုံးရတဲ့ အမျိုးသမီးတွေလည်း ရှိကြတယ်။ ဒါပေမဲ့ ကျမတို့က အဲ့လို အသက်သေသွားတဲ့ အမျိုးသမီးတွေ၊ မုဒိန်းကျင့်ခံရတယ် ဆိုတဲ့ အသံတွေ ကျမတို့ ကြားတယ်။ ဒါပေမဲ့ အဲ့ဒီနောက်ကို လိုက်ဖို့မှာ ဘယ်လောက်တောင်မှ ဖိအားပေးမှုတွေ၊ စိုးရိမ်မှုတွေ၊ ကြောက်လန့်မှုတွေ ရှိလဲဆိုရင် လုံးဝကို အစပျောက်တယ်။ ကျမတို့ အသံကြားတယ်။ သတင်းတိတိကျကျ ရပေမဲ့ ကာယကံရှင်တွေ နောက်ကို ကျမတို့ သေသေချာချာ မလိုက်နိုင်ဘူး။ အဆက်အသွယ် မရနိုင်တဲ့ အခြေအနေမျိုး နဲ့တောင် ကျမတို့ ကြုံလာရတာမျိုးတွေ ရှိတယ်။ ဒါက အလုပ်သွား အလုပ်ပြန် စက်ရုံ ဝန်ထမ်းတွေမှာ မလုံခြုံတဲ့ အမျိုးသမီးတွေရဲ့ အစစအရာရာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာရော နိုင့်ထက်စီးနင်း ခံနေရတဲ့အခြေအနေပေါ့။”

ဒီလို အခြေအနေတွေ ကြားမှာပဲ လက်တလော ငွေကြေး ဖောင်းပွမှုနဲ့အတူ ကုန်ဈေးနှုန်းတွေ အဆမတန် တက်လာတဲ့အခါ အရင်နဲ့မတူတဲ့ အကျပ်အတည်းတွေ ပိုပြီး ကြုံလာရတယ်လို့ မြန်မာပေါင်ချိန် စက်ရုံက မဖြိုးသီတာဝင်း က ပြောပါတယ်။

“အရင်တုန်းကဆိုလို့ရှိရင် ညီမတို့ လစာနဲ့ အိမ်ကိုလည်း လောက်လောက်ငှငှ ပေးလို့ရတယ်။ ညီမတို့ဆိုရင် အိမ်ငှားပြီး နေရတာလေ။ အိမ်လခတွေ ပေးလို့ရတယ်။ အခုဆိုလို့ရှိရင် ညီမတို့မှာ အိမ်လခတောင် အနိုင်နိုင်ပေါ့နော်။ တခါတလေ အိမ်လခကို ခုချိန်ထိ လ တဝက်တောင် မပေးနိုင်သေးတာတွေ ရှိတယ်။ တသိန်း ဆိုရင် ၅ သောင်းပဲ ပေးရသေးတယ်။ ကျန်တဲ့ ၅ သောင်း အိမ်ရှင်ကို မပေးရသေးဘူး။ အဲ့လို အခက်အခဲတွေလည်း ရှိတယ်။ ဆန်တွေ ဆီတွေ ဝယ်တဲ့အခါ ဆိုရင်လည်း အရင်တုန်းက နှစ်ပိဿာ သုံးပိဿာ ဝယ်နိုင်တယ်ဆိုရင် အခု တပိဿာလောက်နဲ့ တင်းတိမ် ရတာမျိုးတွေ ရှိတယ်။ ပြီးရင် အရင်က ပိုက်ဆံမချေးဘဲ တလလုံး ဒီလစာလေးနဲ့ အဆင်ပြေအောင် နေနိုင်ပေမဲ့ အခုဆိုရင် မချေးလို့မရတော့ဘူး။ ဆိုတော့ ချေးလိုက်၊ လကုန်ရင် ပြန်ဆပ်လိုက်နဲ့ အဲ့ဒီလိုမျိုးပေါ့ စားသောက်စရိတ်ကအစ အကုန်လုံး ရှားပါးနေတယ်။ လမ်းမှာဆိုရင်လည်း အခု လုယက်မှုတွေက အရမ်းများတယ်။ ညီမ ဆိုရင် ဟိုတလောတုန်းက ဖုန်းတောင် အလုပ်ခံလိုက်ရ သေးတယ်။ လမ်းမှာ ဖုန်းမပြောရဲတဲ့ အနေအထားတခုတောင် ဖြစ်သွားတယ်။ လမ်းမှာ ဖုန်းလာပြီဆို ဘယ်ဖုန်းပဲဖြစ်ဖြစ် မကိုင်ရဲတော့ဘူး။ ဘာလို့လဲဆိုတော့ ဖုန်း အလုခံရမှာ ကြောက်တာရယ်။ ပြီးရင် တချို့ဆိုရင် ရွှေပြည်သာဘက်မှာ၊ တော်ဝင်လမ်းဘက်မှာ ဆိုရင် ကားပေါ်ကို ဓားပြတိုက်တာ။ အဲ့လိုမျိုးတွေတောင် ဖြစ်တယ်။ လစာ ထုတ်ရက်မှာလေ။ အဲ့လိုမျိုးတွေတောင် ဖြစ်တဲ့အခါ ကျတော့ ညီမတို့အတွက်က သွားလာမှုတွေလည်း လုံခြုံမှု မရှိတော့ဘူး။ နေထိုင် အစားအသောက်တွေ ကအစ ကျပ်တည်းတဲ့ဘဝကို ရောက်နေတာပေါ့နော်။ သိသိသာသာကြီးကို ပြောင်းလဲသွားတာပေါ့နော်။”

ဒီလို သိသိသာသာ ပြောင်းလဲသွားတဲ့ အခြေအနေအောက်မှာ အလုပ်သမား အများစုကတော့ တက်လာတဲ့ ကုန်ဈေးနှုန်းနဲ့အပြိုင် ရပ်တည် နေထိုင် စားသောက်နိုင်ဖို့အတွက် လုပ်အားခလစာ တိုးပေး စေချင်သလို၊ လုံခြုံဘေးကင်းတဲ့ လုပ်ငန်းခွင်မှာ အလုပ် လုပ်ခွင့် ပြန်ရချင်ပြီလို့ ပြောကြပါတယ်။

ဒါပမေဲ့ ဒီလို ပြန်ရဖို့မှာတော့ နိုင်ငံရေး အကျပ်အတည်းတွေ ပြေလည်ပြီး တိုင်းပြည် တည်ငြိမ်အေးချမ်းဖို့ လိုအပ်သလို၊ အလုပ်သမားတွေရဲ့ အခွင့်အရေး အပါအဝင် အခြေခံ လူ့အခွင့်အရေးကို လေးစား လိုက်နာတဲ့ အုပ်ချုပ်မှုစနစ်တရပ် ရှိမှသာ ဖြစ်နိုင်လိမ့်မယ် ဆိုတာ တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့်ပြုပါ။ ကျမ ခင်ဖြူထွေးပါရှင်။

=============================

[Unicode]

အကာအကှယျမဲ့ အကပြျအတညျးတှေ ပိုကွုံလာရတဲ့ အမြိုးသမီး အလုပျသမားမြား (အမြိုးသမီးကဏ်ဍ)





















XS
SM
MD
LG