ကယ်ဆယ်လိုက်နိုင်တဲ့ ထိုင်းရောက်ညှဉ်းဆဲခံ မြန်မာလုပ်သားတချို့

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်ထဲမှာ နွားခြံလို့ပြောပြီး ကြံခင်းကိုပို့ခံရပြီး ညှင်းပမ်းခံနေရသူ မြန်မာအလုပ်သမား ၁၄ ယောက်ကို ထိုင်းတာဝန်ရှိသူတွေနဲ့အတူ ကယ်ဆယ်ခဲ့ပုံ။ (မတ်လ ၆၊ ၂၀၂၃/ ဓာတ်ပုံ- HRDF)

{{Zawgyi/Unicode}}

ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်မှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရတဲ့ မြန်မာအလုပ်သမား ၁၄ ဦးကို ဥဒဒေကြောင်းအရ အကာကွယ်ပေးနိုင်ဖို့ ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့က ကူညီပေးနေပါတယ်။ သူတို့ကို ပွဲစားက နွားခြံမှာအလုပ်ရမယ်ဆိုခေါ်ယူခဲ့ပြီး ကြံခင်းကိုပို့ဆောင်ပေးခဲ့တဲ့အပြင် အလုပ်ရှင်ကလည်း ဥပဒေပြဌာန်းချက်နဲ့အညီ လုပ်အားခမပေးဘဲ ခြိမ်းခြောက်တာ၊ ညှင်းပမ်း နှိပ်စက်တာတွေလည်း ခံခဲ့ရတဲ့အကြောင်း ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကမ်ချနဘူရီပြည်နယ်အတွင်းက နွားခြံမှာအလုပ်ရမယ်လို့ ပွဲစားက ပြောခဲ့ပေမယ့် တကယ်တော့ အဲဒီမြန်မာအလုပ်သမားတွေကို ကြံစိုက်ခင်းဆီ ပို့ပေးခဲ့ပါတယ်။ အလုပ်ရှင်ကလည်း အလုပ်သားတွေရဲ့ စာရွက်စာတမ်း အထောက်အထားတွေကို သိမ်းဆည်းထားပြီး လုပ်အားခမပေးဘဲ သေနတ်နဲ့ခြိမ်းခြောက်တာ၊ ရိုက်နှက်ညှဉ်းပမ်းတာတွေလည်းရှိတာကြောင့် အလုပ်သမားတွေက လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (HRDF) ကိုတိုင်ကြားခဲ့တာပါ။ အဲဒီကအလုပ်သမား ၁၄ ယောက်ကို နယ်မြေအာဏာပိုင်တွေနဲ့ပူးပေါင်းပြီး သွားရောက်ကယ်ဆယ်ခဲ့ရတယ်လို့ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း Human Rights and Development Foundation (HRDF) ရုံးတာဝန်ခံ မအေးမာချိုကပြောပါတယ်။

အလုပ်သမားတွေထဲကတချို့ဆိုရင် နှစ်နဲ့ချီပြီး စားစရာဝယ်ဖို့တပတ်မှာ ဘတ်ငွေ ၅၀၀ လောက်ပဲပေးခဲ့ပြီး အလုပ်ထွက်ချင်တယ်လို့ ပြောတဲ့အလုပ်သမားတွေကိုတော့ ခြိမ်းခြောက်ရိုက်နှက်ခဲ့တယ်လို့ မအေးမာချိုကပြောပြပါတယ်။

“လစာလည်းမထုတ်ပေးဘူးဆိုရင် ဖုန်းပေးပေါ့။ လစာမထုတ်ပေးရင် အလုပ်မလုပ်ဘူးပြောတော့ သူကခြင်ထောင်ကြိုးတွေကိုဖြတ်ပြီး အကုန်လုံးကို အပြင်မှာ ထုတ်ထားတယ်။ ပြီးတော့ ရပ်ကွက်သူကြီး (ဖုယိုင်ဘန့်) ကိုခေါ်လာတယ်။ ဖုယိုင်ဘတ့်ကလည်း ခါးမှာသေနတ်ထိုးထားတယ်။ သူကတော့ ကြံခုတ်တဲ့ဒါးပြားကြီးနဲ့ အလုပ်သမားတွေကို ရိုက်တယ်။ အလုပ်မဆင်းတဲ့အလုပ်သမားကို ရိုက်တယ်။ လူ ၇ ယောက်ကို ရိုက်တယ်။”

ဒီအမှုနဲ့ပတ်သက်လို့ တိုင်ကြားလာတာကြောင့် နယ်မြေခံအာဏာပိုင်တွေရဲ့အကူညီနဲ့ အလုပ်သမားတွေကို သွားရောက်ကယ်ဆယ်ချိန်မှာ အလုပ်ရှင်သူဌေးက ထွက်ပြေးသွားခဲ့တယ်လို့ိ ဆိုပါတယ်။ တကယ်တော့ ဒီမူဟာ အတင်းအကြပ် အလုပ်စေခိုင်းမှုတွေအပြင် တခြားလူ့အခွင့်ရေးချိုးဖောက်မူတွေလည်း အကျုံးဝင်တယ်လို လည်း မအေးမာချိုကပြောပါတယ်။

“အမှုကတော့ အတင်းအဓမ္မ ခိုင်းစေတာ ဝင်တယ်။ လုပ်အားခလည်းမရဘူး။ အလုပ်သမားတွေကို ကြောက်အောင်ခြိမ်းခြောက်တယ်။ စာရွက်စာတမ်းတွေလည်း သိမ်းထားတယ်။ ထိုင်းနိုင်ငံထဲမှာ အနိမ့်ဆုံးလုပ်အားခလည်းမရဘူး။ တပတ်မှာ ဘတ် ၅၀၀ ပဲရတယ်။”

လက်ရှိမှာတော့ အလုပ်သမားတွေကို လုံခြုံတဲ့နေရာမှာစောင့်ရှောက်ထားပြီး ဆက်လက် စစ်ဆေးမေးမြန်းနေပါတယ်။ ဒီထဲကအလုပ်သမား ၅ ယောက်ကတော့ ရောက်တာ ၃ လလောက်ပဲရှိသေးသလို အလုပ်သမား ၉ ယောက်ကတော့တနှစ်ကျော်ကြာပြီလို့ ဆိုပါတယ်။ သူတို့တွေဟာ ထွက်ပြေးတာမျိုးလည်း လုပ်မရအောင် ခြိမ်းခြောက်ခံထားရသလို သူတို့ရဲ့အထောက်အထားစာရွက်စာတမ်ေးတွ သိမ်းဆည်းထားတာကြောင့်ထွက်ပြေးလို့မရခဲ့ဘူးလို့ အဲဒီအလုပ်သမားတွေက ပြောဆိုခဲ့ပါတယ်ရှင်။

Your browser doesn’t support HTML5

ကယ်ဆယ်လိုက်နိုင်တဲ့ ထိုင်းရောက်ညှဉ်းဆဲခံ မြန်မာလုပ်သားတချို့.mp3

============

{{Unicode}}








