၁၈ ကြိမ်မြောက် နိုင်ငံတကာအမျိုးသမီးသတ္တိရှင်များဆုချီးမြှင့်ပွဲ အခမ်းအနားကို ဒီနေ့ မတ်လ ၄ ရက်နေ့ တနင်္လာနေ့ အခု အသံလွှင့်ပြီး နာရီပိုင်းအကြာ အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ ကျင်းပမှာ ဖြစ်ပြီး သမ္မတကတော် Jill Biden နဲ့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့က ဆုတွေကိုချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီနှစ်အတွက် အမျိုးသမီးသတ္တိရှင်ထဲမှာ မြန်မာနိုင်ငံက ဥပဒေအကြံပေးတဦးဖြစ်သလို ပြည်သူတွေအတွက် တရားရေးပိုင်းမှာ အခမဲ့ကူညီ ရှေ့နေလိုက်ပေးတဲ့ ဒေါ်မဉ္ဇူဝင်းကို ရွေးချယ်ထားပါတယ်။
ဒေါ်မဉ္ဇူဝင်းဟာ နိုင်ငံတကာဥပဒေဖွံ့ဖြိုးရေးအဖွဲ့အစည်း IDLO မှာ ဥပဒေအကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး သူတည်ထောင်ခဲ့တဲ့ ဥပဒေအကူအညီပြုအဖွဲ့ကနေတဆင့် ဥပဒေရေးရာ ကျောင်းသားတွေ အခမဲ့ကူညီရှေ့နေလိုက်ပေးနိုင်ဖို့အတွက် သင်တန်းပေးခဲ့တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံအပြင် အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘဲလာရုစ်၊ ဘော့စနီးယားနဲ့ ဟာဇီဂိုးဗီးနား၊ ကျူးဘား၊ အီကွေဒေါ၊ ဂမ်ဘီယာ၊ အီရန်၊ ဂျပန်၊ မော်ရိုကို နဲ့ ယူဂန်ဒါနိုင်ငံတွေက အမျိုးသမီးတွေကိုလည်း ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။
ကမ္ဘာတဝန်း သူမတူတဲ့ ရဲစွမ်းသတ္တိရှိပြီး ငြိမ်းချမ်းရေး၊တရားမျှတရေး၊ လူ့အခွင့်အရေး၊ ကျားမ တန်းတူညီမျှမှုတွေမှာ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို စိတ်ခွန်အားမြှင့်တင်နိုင်ဖို့ ဦးစီးဦးဆောင် ပါဝင် ဆောင်ရွက်ပေးသူတွေကို ရွေးချယ်ပြီး အမေရိကန်နိုင်ငံခြားရေးဌာနက နိုင်ငံတကာအမျိုးသမီးသတ္တိရှင်များဆုကို နှစ်စဉ် ချီးမြှင့်တာ ဖြစ်ပါတယ်။ သမ္မတအိမ်ဖြူတော်မှာ ကျင်းပတဲ့ ဆုပေးပွဲ တိုက်ရိုက်ထုတ်လွှင့်ချက်တွေနဲ့ သတင်းပေးပို့ချက်တွေကို VOA မြန်မာပိုင်းအစီအစဉ် ရေဒီယို ရုပ်သံနဲ့ လူမှုကွန်ရက်တွေမှာ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5