(Zawgyi/Unicode)
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင် ကန့်ကွက်တဲ့ လက်ရှိ ပုံစံမျိုးစုံ လှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေ ရှေ့တန်းကနေ ရဲရဲဝံ့ဝံ့ ဦးဆောင်ပါဝင်နေကြတာကို တွေ့နိုင်သလို၊ ဒီလိုအချိန်မျိုးမှာ အမေရိကန်နိုင်ငံခြားရေးဌာနက နိုင်ငံတကာ အမျိုးသမီးရဲစွမ်းသတ္တိရှင်ဆု သူ့ကို ချီးမြှင့်ခံရတာဟာ မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲတွေမှာ ပါဝင်နေကြတဲ့ အမျိုးသမီးတွေ အားလုံးရဲ့ ကိုယ်စား ဂုဏ်ပြုချီးမြှင့်တာ ဖြစ်တယ်လို့ ခံယူတဲ့အကြောာင်း ဒီနှစ် ၂၀၂၁ ခုနှစ်အတွက် နိုင်ငံတကာအမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆု ချီးမြှင်ခံရသူ မဖြိုးဖြိုးအောင်က ပြောပါတယ်။ လူ့အခွင့်အရေးနဲ့ တရားမ ျှတရေးအတွက် ရှေ့တန်းကနေ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်နေကြတဲ့ ကမ္ဘာတဝှမ်းက အမျိုးသမီးတွေကို နှစ်စဉ် ဂုဏ်ပြုပေးအပ်တဲ့ ဒီဆုကို ဒီနှစ်မှာတော့ မြန်မာနိုင်ငံက လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မဖြိုးဖြိုးအောင် အပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံက အမျိုးသမီး တက်ကြွလှုပ်ရှားသူ ၂၁ ဦး ရရှိခဲ့တာပါ။ မဖြိုးဖြိုးအောင်ကို ဆက်သွယ်မေးမြန်းပြီး မခင်ဖြူထွေးက ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ တင်ဆက်ထားပါတယ်။
အရင်ဆုံးပြောချင်တာကတော့ Congratulations ပါ မဖြိုးဖြိုးအောင်။ အထူးကို ဂုဏ်ယူပါတယ်။ အခုလို အမေရိကန် နိုင်ငံခြားရေးဌာနကနေ နှစ်စဉ်ပေးအပ်တဲ့ နိုင်ငံတကာ အမျိုးသမီးရဲစွမ်းသတ္တိရှင်ဆုကို ဒီနှစ် မဖြိုးဖြိုးအောင် ချီးမြှင့်ခံရတဲ့အတွက် ဂုဏ်ယူပါတယ်လို့ အရင်ဆုံး ပြောချင်ပါတယ်။
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။
ဆိုတော့ ဒီဆုပေးအပ်ခံရတာနဲ့ပတ်သက်လို့ ကမ္ဘာတဝှမ်း နေရာဒေသစုံက အမျိုးသမီးတွေ အများအပြားထဲမှာ ဒီနှစ် ကိုယ့်ကို ဘာကြောင့် ရွေးချယ် ပေးအပ်တာလို့ ထင်ပါသလဲရှင့်။
“ဟုတ်ကဲ့။ ဒီဆုနဲ့ပတ်သက်ပြီးတော့ ဆုရွေးချယ်ရေးအဖွဲ့ရဲ့ စံသတ်မှတ်ချက်တွေကိုတော့ ကျမ သေချာတော့ မသိထားဘူး။ ဒါပေမဲ့ ဆုရတယ်လို့ ဒီ ဇန်နဝါရီလ အစောပိုင်းတုန်းက အကြောင်းကြားတယ်ပေါ့နော်။ သူတို့ ဒီဇင်ဘာအတွင်းထဲမှာကို ရွေးထားပြီးသား ဖြစ်ပါလိမ့်မယ်။ ဆိုတော့ အကြောင်းကြားတဲ့နောက်ပိုင်းမှာ ကျမ ဒီဆုနဲ့ပတ်သက်တဲ့ ဒီဆုရဖူးတဲ့သူတွေ youtube မှာ သူတို့ အင်တာဗျူးလေးတွေကို ကျမ ကြည့်ဖြစ်တယ်။ ကြည့်ဖြစ်တဲ့အခါကျတော့ အကြမ်းမျဉ်းအားဖြင့်တော့ ကျမ သဘောပေါက်ရသလောက် ကတော့ နိုင်ငံရေး၊ အမျိုးသမီးရေး စသဖြင့် ကိစ္စရပ်တွေမှာ ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်နေတဲ့ အမျိုးသမီးတွေ။ အဲ့ဒီလုပ်ဆောင်တဲ့အတွက်ကြောင့်မိုလို့ အာဏာပိုင်အဖွဲ့အစည်းတွေရဲ့ အကြမ်းဖက်တာ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေကို ခံခဲ့ရတယ်။ ဒါပေမဲ့လဲ သူတို့ယုံကြည်ရာကို သူတို့ဆက်ပြီးတော့ ရုန်းကန်လှုပ်ရှားရင်းနဲ့ လုပ်ဆောင်နေကြတဲ့ အမျိုးသမီးတွေကို ပေးတယ်လို့တော့ အကြမ်းမျဉ်းအားဖြင့်၊ ဒီ ဗွီဒီယိုဖိုင်လေးတွေ ကြည့်ခြင်းအားဖြင့်၊ သူတို့အင်တာဗျူးလေးတွေ ကြည့်ခြင်းအားဖြင့် အဲ့ဒီလိုတော့ ကျမ မြင်ပါတယ်ရှင့်။”
ဒီဆုကို ကျမတို့ မြန်မာနိုင်ငံမှာလည်း အရင်က ရခဲ့ဖူးတဲ့သူတွေ ရှိပါတယ်။ မကြာခင်ကပဲ ဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) ရဲ့ ခေတ္တနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် အပါအဝင် ရှေ့ပိုင်းမှာလည်း အမျိုးသမီးတချို့ ရခဲ့ကြဖူးတာ ရှိပါတယ်။ ဒီတကြိမ်မှာ ကိုယ့်ကိုရွေးချယ်ပြီး ပေးတဲ့အပေါ်မှာရော ဘယ်လိုများ ခံစားရပါလဲ။
“ဆိုတော့ ဒီဆုရတယ်ဆိုပြီးတော့ ကျမကို အကြောင်းကြားတယ်ပေါ့နော်။ ဒီဆုက ကျမတို့ ရှေ့ပိုင်းမှာ အမျိုးသမီး ၃ ဦးပေါ့နော်။ ကျမ တကယ်လေးစားရတဲ့ တက်ကြွလှုပ်ရှားတဲ့ အမျိုးသမီး ခေါင်းဆောင်တွေ ရခဲ့ဖူးတယ်။ မဇင်မာအောင်၊ မမေစပယ်ဖြူ၊ ကရင်အမျိုးသမီး နော်ကညောဖော ပေါ့နော်။ ဆိုတော့ ဒီအမျိုးသမီးတွေ မကြာခင် နှစ်တွေကမှ ရထားတာတွေ ရှိတယ်။ ဆိုတော့ ဒီဆုရတဲ့အချိန်မှာ ကျမ အရင်ဆုံး စဉ်းစားမိတာကတော့ ဘာလဲဆိုတော့ ကျမတို့ တိုင်းပြည်မှာရော၊ နိုင်ငံတကာမှာရော တကယ်ကို ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှားပြီး အရေးကိစ္စတွေမှာ ပါဝင်ကြတဲ့၊ အမျိုးသမီးကိစ္စ၊ နိုင်ငံရေးကိစ္စ စသဖြင့် တက်ကြွလှုပ်ရှားကြတဲ့ အမျိုးသမီးတွေ အများအပြား ရှိတယ်။ အဲ့ဒီအထဲကမှ ကျမ အရွေးခံရတဲ့အခါကျတော့ ကျမစိတ်ထဲမှာ ဘာဖြစ်သလဲဆိုတော့ တကယ်ရော ကျမ ထိုက်တန်ပါ့မလားဆိုတဲ့ စိတ်မျိုးပေါ့နော်။ ဒီဆုက ကျမအတွက် ဖိအားဖြစ်လာတာပေါ့။ ရှေ့ဆက်ကို ကျမ ဒီဆုကြီး ပုခုံးပေါ်တင်ပြီးတော့ ရှေ့ဆက် လုပ်ရတော့မယ့်အခါကျတော့ ငါ တကယ်ထိုက်ထိုက်တန်တန်နဲ့ ငါလုပ်နိုင်တဲ့အလုပ်တွေကို ရည်ရွယ်ချက်တွေကို ပေါက်မြောက်အောင် လုပ်ဆောင်နိုင်ပါ့မလား ဆိုတဲ့ စိတ်မျိုးပေါ့နော်။ ကျမ ခံစားရတာကတော့ ပထမဆုံးပေါ့နော်။ ဒီဆုရတဲ့အတွက် ဝမ်းသာတာကတပိုင်း။ ဝမ်းသာတယ်ဆိုတာက ကျမ လုပ်တဲ့အလုပ်အတွက် ကျမကိုသိတဲ့သူ၊ ကျမရဲ့အလုပ်အပေါ်မှာ လေးစားတဲ့ တန်ဖိုးထားတဲ့သူတွေ ရှိတယ်။ ဒါက အရေးကြီးတယ်လို့လည်း သူတို့မှတ်ယူလို့ ဒီဆုပေးတယ်လို့လည်း ကျမ မှတ်ယူပါတယ်။ တဘက်ကလည်း ကျမတို့တိုင်းပြည်မှာက တကယ့်ကို အလှည့်အပြောင်း ဖြစ်သွားတဲ့၊ အလှည့်အပြောင်း ဖြစ်ခဲ့တဲ့အချိန် ဖြစ်နေတယ်။ အလှည့်အပြောင်းဖြစ်တဲ့ အချိန်အတွင်းမှာလည်း တကယ်ကို ထင်ထင်ပေါ်ပေါ်နဲ့ လှုပ်ရှား ဆောင်ရွက်နေတဲ့၊ စပြီးတဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ထင်ထင်ပေါ်ပေါ် လှုပ်ရှား ဆောင်ရွက်နေတဲ့ အမျိုးသမီးခေါင်းဆောင်တွေ၊ လူငယ်တွေ လူကြီးတွေ အစရှိသဖြင့် အရွယ်မျိုးစုံ အမျိုးသမီး ခေါင်းဆောင်တွေ ပေါ်လာတယ်။ ဆိုတော့ ဒီအမျိုးသမီးတွေရဲ့ ရွတ်ရွတ်ချွံချွံ တိုက်ပွဲ ဝင်နေတာတွေကိုလည်း ကျမတို့ သိနေတယ်။ ဒါ တနိုင်ငံလုံးကလည်း သိနေတယ်။ ပြီးတော့ အဲ့ဒီလို ပါဝင်တဲ့အထဲမှာ အချို့ အမျိုးသမီးငယ်လေးတွေ ဆိုရင် အသက်ပါ ပေးလိုက်ရတယ်ပေါ့နော်။ အဲ့လိုလူတွေ ကြားထဲမှာ ထပ်ပြီးတော့ ကျမက စိတ်မကောင်း ထပ်ဖြစ်တာပေါ့နော်။ စိတ်မကောင်း ထပ်ဖြစ်တယ်ဆိုတာက ဒီလိုလူတွေ ရှိတယ်။ ဒီလိုလူတွေကြားထဲမှာ ကျမက ဒီဆုကို ရတယ်ဆိုတဲ့ ကြေညာခံရတဲ့ အခါကျတော့ သူတို့ကို အားနာတယ်။ စိတ်မကောင်းဖြစ်မယ်တယ်။ ကိုယ့်ကိုယ်လည်း တကယ် မလုံမလဲ ခံစားရပါတယ် ဒီအတွက်လေ။ အဲ့ဒါကြောင့်မို့လည်း ဒီဆုနဲ့ပတ်သက်ပြီး အမြဲတမ်း ကျမ စိတ်ထဲမှာ ထား ထားတာက ဒါက မြန်မာပြည် ဒီမိုကရေစီရေးတိုက်ပွဲတွေမှာ ပါဝင်ခဲ့တဲ့ အမျိုးသမီးတွေ ကိုယ်စား ကျမ လက်ခံရရှိတယ်လို့ပဲ မှတ်ယူပါတယ်။ ကိုယ်လုပ်နိုင်တာကို ဆက်လုပ်ဖို့ ဖိအားဖြစ်တယ်။ ဆက်လုပ်ဖို့ ကျမ ကြိုးစားမှာဖြစ်တယ်။ တဘက်ကလည်း ကျမ ဒီဆုက အမျိုးသမီးထုကိုယ်စား လက်ခံရရှိတယ်လို့ပဲ ကျမ အနေနဲ့ သတ်မှတ်ပါတယ်ရှင့်။"
စောစောက မဖြိုးဖြိုးအောင် ပြောသလိုပါပဲ။ ဒါ လက်ရှိ မြန်မာနိုင်ငံမှာ အခုဆိုရင် အလှည့်အပြောင်း ကြီးကြီးမားမား ဖြစ်သွားတဲ့အခါမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေ၊ စစ်အုပ်ချုပ်မှုကို ဖီဆန်ပြီး အလုပ်မဆင်းဘဲ အကြမ်းမဖက် CDM လှုပ်ရှာမှုတွေ၊ ပုံစံမျိုးစုံနဲ့ လှုပ်ရှားနေကြတဲ့အချိန်မှာ မြန်မာနိုင်ငံက အမျိုးသမီးတယောက်ကို ခုလို နိုင်ငံတကာ ရဲစွမ်းသတ္တိရှင်ဆု ချီးမြှင့်တယ်ဆိုတာက နိုင်ငံတကာ အနေနဲ့လည်း လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို အာရုံစိုက် အလေးထားတယ် ဆိုတာမျိုးလည်း မြင်နိုင်တယ်လို့ ထင်ပါတယ်။ အခုလို နိုင်ငံတကာက အသိအမှတ်ပြုခံရတဲ့ သူတယောက်အနေနဲ့ လက်ရှိ အခုဖြစ်နေတဲ့ အခြေအနေတွေ အပေါ်မှာ နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေ မြန်မာနိုင်ငံအတွက် ဘယ်လောက်အထိ လိုအပ်နေတယ်လို့ ထင်ပါသလဲ။ ဘယ်လိုဖိအားမျိုးတွေ ဘယ်လို တုံ့ပြန်မှုတွေက မြန်မာနိုင်ငံ လက်ရှိသွားနေတဲ့ အခြေအနေအတွက် အထောက်အပံ့ ဖြစ်နိုင်တယ်လို့ရော ထင်ပါသလဲရှင့်။
“နိုင်ငံတကာက ဆက်ပြီးတော့ ကျမတို့ကို မျက်ခြေမပျက် ကြည့်နေဖို့ သိပ်ကို အရေးကြီးပါတယ်။ ကမ္ဘာမှာရှိတဲ့ တိုင်းပြည်တခုက အလွယ်တကူနဲ့ စစ်အာဏာသိမ်းလို့ရတယ်။ အလွယ်တကူနဲ့ လူသားမျိုးနွယ်ကို အကြမ်းဖက်မှု ကျူးလွန်လို့ရတယ်။ အလွယ်တကူနဲ့ ဥပဒေတွေကို ကပြောင်းကပြန် လုပ်လို့ရတယ်ဆိုတဲ့ သာဓကမျိုး တခြား ဘယ်နိုင်ငံမှာမှ ကျမတို့မဖြစ်စေချင်ဘူး။ ဒါမျိုးမဖြစ်အောင် ကျမတို့ ဆက်ပြီး ထိန်းနေဖို့လိုတဲ့အခါကျတော့ ကျမ မြင်တာကတော့ ဒီလိုမျိုး အကြမ်းဖက်မှုတွေ၊ ရက်ရက်စက်စက် ဖြိုးခွင်း နှိပ်စက် ညှင်းပမ်းမှုတွေကို လုံး၀ လက်မခံနိုင်ကြောင်း ပြတ်ပြတ်သားသား ပြောဖို့လိုတယ်။ နိုင်ငံ အကျိုးစီးပွားတွေ ကြည့်တာကိုလေ ျှာ့ပြီး ဒါကို ပြတ်ပြတ်သားသား ပြောဖို့။ ဖမ်းဆီး ထိန်းသိမ်းခံရတဲ့သူတွေကို ပြန်လည် လွှတ်ပေးဖို့ ကိစ္စတွေ နောက်တခုက လက်နက်ကိုင် အကြမ်းဖက်ဖြေရှင်းတာတွေကို ရပ်တန့်ဖို့ကိစ္စတွေကို ပြတ်ပြတ်သားသားနဲ့ ရပ်တည်ပေးဖို့ လိုအပ်တယ်လို့ ကျမ အနေနဲ့ ထပ်ပြီးတော့ တိုက်တွန်းချင်တယ်ပေါ့နော်။ ဆိုတော့ ဒီနေရာမှာ ကမ္ဘာကြီးက ဒါကို လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးဆိုတာမျိုးကိုလည်း သတိပေးဖို့လိုအပ်လိမ့်မယ်လို့ ကျမ မြင်တယ်။ ကျမတို့ အခု ဘာဖြစ်နေလဲ ဆိုတော့ ကိုယ့်တိုင်းပြည် ကိုယ့်ပြည်တွင်းရေး ဖြစ်တယ်။ ကိုယ်ကြိုက်သလို လုပ်လို့ရတယ်။ ကိုယ့်အိမ်မှာ တံခါးပိတ်ပြီးတော့ ရိုက်လို့လည်း ရတယ်။ သတ်လို့လည်းရတယ်ဆိုတဲ့ သိပ်ကိုဆိုးရွားတဲ့ အကြမ်းဖက်မှုကို ကျူးလွန်ပြတာ ပေါ့နော်။ အိမ်တွင်းအကြမ်းဖက်မှုတောင် လက်မခံတော့တဲ့ ကမ္ဘာကြီးဖြစ်နေပြီ။ နိုင်ငံတွင်း အကြမ်းဖက်မှုကတော့ ဘယ်နည်းနဲ့မှ ကျမတို့ လက်ခံလို့ မရဘူး။ နိုင်ငံတွင်း အကြမ်းဖက်မှုကို လက်မခံတဲ့ကမ္ဘာကြီး ဖြစ်အောင်လည်း ကမ္ဘာ့နိုင်ငံတွေက ဒါကို ဝိုင်းပြီး ထိန်းသိမ်းဖို့တော့ မဖြစ်မနေ လိုအပ်တယ်လို့ ကျမ အနေနဲ့ ဒါကို ပြောချင်ပါတယ်။”
မဖြိုးဖြိုးအောင် ဆိုရင် ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှု၊ ၂၀၁၅ ပညာရေးသပိတ်လို လှုပ်ရှားမှုတွေမှာ ရှေ့တန်းက ပါဝင်ခဲ့တဲ့သူတယောက် ဖြစ်တယ်။ အခု လက်ရှိ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက် လှုပ်ရှားမှုတွေ မှာလည်း ပါဝင်နေတယ်။ လက်ရှိ လှုပ်ရှားမှုထဲမှာဆိုရင် အမျိုးသမီးတွေ လူငယ်တွေ အများကြီး ရှေ့တန်းကနေ တက်တက်ကြွကြွ ပါဝင်နေကြပါတယ်။ ဆိုတော့ ဒီလို မျိုးဆက်သစ် လူငယ်အမျိုးသမီးတွေကိုရော နိုင်ငံတကာ အမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆု ဂုဏ်ပြုချီးမြှင့်ခံရတဲ့သူ တယောက်အနေနဲ့ သူတို့ကို ဘယ်လို စိတ်ခွန်အားမျိုး ပေးနိုင်ပါမလဲ။
“ဒီလှုပ်ရှားမှုမှာတော့ တကယ်ကို မြင်ရတယ်ပေါ့နော်။ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုတွေ။ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ချက် ချနိုင်မှုတွေ။ အမျိုးသမီးတွေရဲ့ ပူးပေါင်း ပါဝင်မှုတွေ။ ဆုံးသွားတဲ့ အမျိုးသမီးငယ်လေးတွေ ဆိုရင်လည်း ဥပမာ မကြယ်စင် လိုမျိုးပေါ့နော်။ သူတို့ဆိုရင် သူတို့ရဲ့ တက်ကြွမှုတွေကို မြင်ရတယ်။ လှုပ်ရှားမှုတွေက ဗွီဒီယိုဖိုင်တွေ ကျန်ခဲ့တဲ့အခါကျတော့ သူတို့ ဘယ်လို တက်တက်ကြွကြွ လှုပ်ရှားကြတယ်ဆိုတာကို ကျမတို့ မြင်ရပါတယ်။ ဒါက သူတင်မဟုတ်ဘူး။ တခြား မိန်းခလေးတွေလည်း ရှိတယ်။ ဆိုတော့ ဒါတွေကို ကြည့်ခြင်းအားဖြင့် ဒီလှုပ်ရှားမှုတွေမှာ အမျိုါ်သမီးတွေရဲ့ ပါဝင်မှု ဦးဆောင်မှုတွေက တကယ်ကို ကြီးကြီးမားမား ကျမတို့ တွေ့နေရတာပေါ့နော်။ အရင်က ဒီ ၂၀၀၇ မှာ အတိုင်းအတာ တခုအထိရှိတယ်။ ၂၀၁၅ မှာလည်း အတိုင်းအတာ တခုအထိ ရှိတယ်။ ဒါပေမဲ့ အခုကတော့ ပိုပြီးတော့ ထဲထဲဝင်ဝင်နဲ့ များများပြားပြား တွေ့ရတယ်။ ဒါက တနိုင်ငံလုံး အတိုင်းအတာနဲ့လည်း ဖြစ်တာဆိုတော့ များများစားစား ကျမတို့တွေ့လာတယ်။ နောက်ပြီးတော့ ပအဖ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တွေ ဖွဲ့တဲ့နေရာမှာလည်း အမျိုးသမီးကိုယ်စားလှယ်တွေ အများကြီး တွေ့လာရတာ ရှိတယ်။ ဒါက အမျိုးသမီးတွေရဲ့ ပါဝင်မှုက တော်တော်ကို အားရစရာ ကောင်းတဲ့ အနေအထားမျိုး ဖြစ်လာတာပေါ့နော်။ ဒီလို လှုပ်ရှားမှုထဲမှာတော့။ ဒါကို ကျမတို့က ဆက်ထိန်းထားရမယ်။ ဒီအခြေခံကောင်းကို ဆက်ပြီးတော့ ဆက်ထိန်းသွားစေချင်တယ်။ ဒီလှုပ်ရှားမှုတွေ ပြီးသွားလို့ရှိရင်လည်း ဆက်ပြီးတော့ ဒီလိုမျိုးပဲ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို ဆက်ထိန်းပြီးတော့ ဒီထက်ပိုပြီးတော့ အာမခံချက်ရှိတဲ့ လမ်းကြောင်းပေါ်ကိုရောက်အောင် မြှင့်တင်သွားဖို့။ ဒါကို နိုင်ငံရေးခေါင်းဆောင်တွေ ထည့်သွင်းစဉ်းစားဖို့ လိုအပ်လိမ့်လို့ ကျမ ကတော့ မြင်တယ်။”
ဟုတ်ကဲ့။ ဆိုတော့ ဒါက အမျိုးသမီးတွေရဲ့ ပါဝင်မှုအခန်းကဏ္ဍက အရေးကြီးသလို၊ ရှေ့လေ ျှာက်မှာလည်း ဒီလိုမျိုး ဆက်ပြီး ပါဝင်နေနိုင်ဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။
”ဒီလို အမျိုးသမီးတွေက ရုန်းကန်ရတဲ့နေရာမှာ ပါဝင်လာတာဟာ တစုံတယောက်ရဲ့ တိုက်တွန်းမှု မဟုတ်ဘူးပေါ့နော်။ အိမ်မှာပဲ နေတာမျိုး မဟုတ်ဘဲနဲ့ အိမ်နဲ့ အတိုက်အခံကို ဖြစ်ပြီးတော့ သူတို့ သာသာယာယာနေရတဲ့ နေရာမျိုးမှာ သူတို့ ပါဝင်တာမဟုတ်ဘဲနဲ့ ခက်ခက်ခဲခဲ နေရတဲ့ နေရာမျိုးမှာ၊ ခက်ခက်ခဲခဲ ရင်ဆိုင်ရတဲ့ ကျော်လွှားရတဲ့၊ ဖြေရှင်းရတဲ့ နေရာမျိုးတွေမှာ ပါဝင်လာတဲ့အခါကျတော့ ဒါက ပိုပြီးတော့ စိန်ခေါ်မှုက ကြီးတယ်။ စိန်ခေါ်မှုကြီးတဲ့အချိန်မှာ ပါဝင်လာတာက တကယ်ကို စစ်မှန်တဲ့ သူတို့ရဲ့ နိုင်ငံရေး အမြင်တွေ ခံယူချက်တွေ၊ ရင်ဆိုင်နိုင်မှုတွေ ဖြစ်ပါတယ်။ ဆိုတော့ ဒီဟာကို ဆက် ထိန်းသိမ်းပြီးတော့ အမျိုးသမီးတွေရဲ့ ရှေ့ရေးအတွက် အမျိုးသမီးတွေရဲ့ အခြေအနေတွေကို ဆက် ထိန်းသိမ်းပြီးတော့ ဒီလိုမျိုးပဲ နောက်နောင်မှာလည်း နိုင်ငံရေးအခန်းကဏ္ဍတွေမှာ အမျိုးသမီးတွေ ဆက်ပြီးတော့ ပါဝင်နိုင်အောင် နိုင်ငံရေးခေါင်းဆောင်တွေက အမေ ျှာ်အမြင်ရှိရှိနဲ့ လမ်းစဉ်တွေ ချမှတ်နိုင်ရင်တော့ ပိုကောင်းလိမ့်မယ်လို့ ကျမကတော့ မြင်ပါတယ်။”
ဟုတ်ကဲ့ မဖြိုးဖြိုးအောင် အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။
===========================================
[Unicode Version]