(Zawgyi / Unicode)
ဗီယက်နမ် ကွန်မြူနစ်ပါတီက အသက် ၇၆ နှစ်အရွယ် Nguyen Phu Trong ကို အာဏာရပါတီ အကြီးအကဲအဖြစ် တနင်္ဂနွေနေ့က ပြန်လည်ရွေးချယ် ခန့်အပ်လိုက်ပါတယ်။ ဒါဟာ ၅ နှစ်သက်တမ်းရှိတဲ့ ပါတီအကြီးအကဲ ရာထူးအတွက် ရှားရှားပါးပါး သုံးကြိမ်ဆက်တိုက် ခန့်အပ်ခံရတာလည်း ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ် ပါတီညီလာခံ ကျင်းပတုန်းကတော့ Trong က အာဏာလွန်ဆွဲပွဲနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ပြီးခဲ့တဲ့ ၅ နှစ်သက်တမ်း ကာလထဲ အဂတိလိုက်စားမှုတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ပြီးနောက် အခုလို ပြန်လည် ရွေးချယ်ခံခဲ့ရတာပါ။ အသက် ၆၅ နှစ်ကျော်သူတွေ အငြိမ်းစားယူသင့်တယ်ဆိုတဲ့ ပါတီရဲ့ စည်းမျဉ်းကနေ ချွင်းချက်ပြုခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံကို ခေါင်းဆောင် ဥသျှောင် မရှိဘဲ ဒေါက်တိုင်လေးခုဖြစ်တဲ့ ကွန်မြူနစ်ပါတီ၊ သမ္မတ၊ ဝန်ကြီးချုပ်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့က ဦးဆောင်အုပ်ချုပ်တာ ဖြစ်ပါတယ်။ ကွန်မြူနစ်ပါတီက ဩဇာအာဏာ အကြီးဆုံး ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ ဗီယက်နမ်နိုင်ငံမှာ COVID-19 ကူးစက်ပျံ့နှံ့မှု အသစ်တွေလည်း ဖြစ်ပွားခဲ့ပါတယ်။ နိုင်ငံတောင်ပိုင်း စီးပွားရေး အချက်အခြာကျတဲ့ ဟိုချီမင်းမြို့နဲ့ မြို့တော် ဟနွိုင်း အပါအဝင် အနည်းဆုံး မြို့ ၈ မြို့မှာ လူ အနည်းဆုံး ၂၂၁ ယောက် ကူးစက်ခံခဲ့ရပါတယ်။ ဒါကြောင့် ပါတီညီလာခံကို စီစဉ်ထားတာထက် တရက်စောပြီး ရပ်ဆိုင်းမယ်လို့ နိုင်ငံပိုင်သတင်းဌာနက ကြေညာခဲ့ပါတယ်။
လူနေရပ်ကွက်တချို့ကို အသွားအလာ ပိတ်ပင်လိုက်ပြီးတဲ့နောက် ဟနွိုင်းမြို့ အာဏာပိုင်တွေက မြို့တွင်းက ကျောင်းအားလုံးကို ပိတ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။
ဗီယက်နမ်နိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၁,၇၈၁ ယောက်နဲ့ သေဆုံးသူ ၃၅ ယောက် ရှိပါတယ်။
Your browser doesn’t support HTML5
--------------------
(Unicode)