Venezuela နိုင်ငံဖွဲ့စည်းပုံသစ်ရေးဆွဲမယ့် လွှတ်တော်အမတ်တွေရွေးချယ်တဲ့ရွေးကောက်ပွဲဟာ တရားမဝင်ဘူးလို့ အမေရိကန်အစိုးရက ပြောကြားခဲ့ပြီး သမ္မတ Nicolas Maduro အပေါ် အရေးယူဒဏ်ခတ်လိုက်ပါတယ်။ အမေရိကန်ထဲမှာရှိတဲ့ သမ္မတ Maduro ပိုင်ဆိုင်မှုအားလုံးကို ထိန်းချုပ်လိုက်သလို သူနဲ့စီပွားရေးတစုံတရာမလုပ်ရလို့ တားမြစ်လိုက်ပါတယ်။
သမ္မတ Maduro ဟာ Venezuela ပြည်သူတွေရဲ့ ဆန္ဒကို လှစ်လျှူရှုတဲ့ အာဏာရှင်ဖြစ်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin ကပြောကြားပြီး ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ကြေညာခဲ့တာပါ။ လက်ရှိ Venezuela အစိုးရ ထိပ်တန်းအရာရှိကြီးတွေနဲ့ အရာရှိဟောင်းတချို့ကိုလည်း ပြီးခဲ့တဲ့သီတင်းပတ်တုန်းကပဲ အရေးယူဒဏ်ခတ်ခဲ့ပါတယ်။ Venezuela နိုင်ငံရဲ့ ရေနံတင်ပို့မှုပိတ်ဆို့တာအပါအဝင် နောက်ထပ်အရေးယူမှုတွေ ထပ်လုပ်မလားဆိုတာကိုတော့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး က မပြောခဲ့ပါဘူး။
အခြေအနေကို အမေရိကန်က အနီးကပ်စောင့်ကြည့်နေပြီး Venezuela ပြည်သူတွေ ထိခိုက်မယ့်ကိစ္စမလုပ်ဖို့က အမေရိကန်ရဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ Mr. Mnuchin ကပြောကြားခဲ့ပါတယ်။ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့လွှတ်တော်ရွေးကောက်ပွဲတွေအပေါ် ဆန့်ကျင်ဆန္ဒပြမှုတွေ နိုင်ငံတဝန်းမှာရှိခဲ့ပြီး ရဲနဲ့ ဆန္ဒပြသူတွေထိပ်တိုက်ရင်ဆိုင်မှုတွေမှာ ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
လွှတ်တော်သစ်ကို အသိအမှတ်ပြူမှာ မဟုတ်ဘူးလို့ ကနေဒါ၊ EU ဥရောပသမဂ္ဂနဲ့ လက်တင်အမေရိကတိုက်နိုင်ငံ အားလုံးနီးပါးကလည်း ပြောကြားခဲ့ကြပါတယ်။ သမ္မတ Maduro ကတော့ နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှုတွေကို ဂရုမစိုက်ဘူးလို့ ပြောကြားခဲ့ပါတယ်။
Your browser doesn’t support HTML5