ဗင်နီဇွဲလားနိုင်ငံမှာ တနင်္ဂနွေနေ့က အတိုက်အခံတွေ ဦးဆောင်ပြုလုပ်တဲ့ တရားဝင်မဟုတ်တဲ့ လူထုဆန္ဒခံယူပွဲမှာ မဲပေးနေကြသူတွေကို မော်တော်ဆိုင်ကယ် စီးလာတဲ့ သေနတ်သမားတွေ မြို့တော် Caracas မှာ ဝင်ရောက် ပစ်ခတ်ခဲ့ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ရေးဆွဲမယ့် လွှတ်တော် အသစ် ကျင်းပနိုင်ရေးအတွက် သမ္မတ Nicolas Maduro က ဇူလိုင်လ ၃၀ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေတာကြောင့် အတိုက်အခံတွေဘက်က အခုလို ဆန္ဒခံယူပွဲ ကျင်းပတာဖြစ်ပါတယ်။
ပစ်ခတ်မှုကြောင့် အမျိုးသမီးတဦး သေဆုံးပြီး တခြား ၃ ဦး ထိခိုက် ဒဏ်ရာရသွားကြောင်း အတိုက်အခံ အင်အားစုဘက်က အရာရှိတွေက ပြောပါတယ်။ မြို့တော် Caracas က အဆင်းရဲဆုံးအရပ်မှာ ဖြစ်သွားခဲ့တဲ့ အဲဒီ တိုက်ခိုက်မှုကို အစိုးရလိုလားတဲ့ ပြည်သူ့စစ်အုပ်စုတွေက ပြုလုပ်ခဲ့တာလို့ အတိုက်အခံတွေက စွပ်စွဲ ပြောဆိုပါတယ်။
ဒီပစ်ခတ်မှုအတွက် သူတို့အနေနဲ့ ကြီးမားစွာ ခံစားရပါကြောင်း အတိုက်အခံဘက်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဆန္ဒခံယူပွဲမှာ မေးထားတဲ့ မေးခွန်းကတော့ - ဖွဲ့စည်းပုံ မူကြမ်းရေးဆွဲရေးအတွက် သမ္မတ မာဒူးရိုးကျင်းပမယ့် ဇူလိုင် ၃၀ ရက် ရွေးကောက်ပွဲကို လက်ခံသလား၊ မခံဘူးလားဆိုတာကို မဲဆန္ဒရှင်တွေကို မေးထားတာဖြစ်ပြီး မဲလာပေးသူ အရေအတွက်ဟာ များတယ်လို့ ဆိုပါတယ်။
ဗင်နီဇွဲလားနိုင်ငံမှာ လက်ရှိ ရင်ဆိုင်နေရတဲ့ စီးပွားရေးနဲ့ လူမှုရေး ပဋိပက္ခတွေကနေ ရုန်းထွက်ဖို့အတွက် တခုထဲသော နည်းလမ်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ပြန်ရေးတဲ့ နည်းလမ်းပဲဖြစ်တယ်လို့ သမ္မတ မာဒူးရိုးက ပြောပါတယ်။