အမေရိကန်နဲ့ မြောက်ကိုရီးယား စကားတိုက်ပွဲ အရှိန်မြင့်ဆဲ

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ အမေရိကန်သမ္မတ Donald Trump ။

အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်နဲ့ မြောက်ကိုရီးယားအကြား စစ်ရေးခြိမ်းခြောက်တဲ့ စကားတွေ အပြင်း အထန် ဆက်ပြောနေကြဆဲရှိပြီး အခုချိန်ထိတော့ စကားလုံးတွေနဲ့ အခြေအတင် အပြန်အလှန်ပြောနေတာ ရပ်မသွားသေးပါဘူး။ အဲဒီလိုပြောဆိုချက်တွေအပေါ် ကမ္ဘာ့နိုင်ငံအများအပြားက စိုးရိမ်နေကြသလို တင်းမာမှုကို စစ်ရေးနည်းလမ်းနဲ့ဖြေရှင်းလို့ မရဘူး ဆိုပြီး ပြောဆိုတာတွေလဲ ရှိနေပါတယ်။ အမေရိကန်နဲ့ မြောက်ကိုရီးယားကြား တင်းမာနေတဲ့အခြေအနေက ဘယ်အဆင့် ရောက် နေပြီလဲ၊ တခြားနိုင်ငံတွေဘက်ကရော ဘာတွေပြောနေကြသလဲဆိုတာတွေကို ကိုကျော်ကျော်သိန်းက စုစည်းတင်ပြထားပါ တယ်။

မြောက်ကိုရီးယားက အမေရိကန်ကို စပြီး တိုက်ခိုက်လာရင် လက်တုန့်ပြန်ဖို့အတွက် အမေရိကန်စစ်ဘက်အနေနဲ့ အားလုံး အဆင်သင့်ပြင်ထားပြီးပြီလို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က သောကြာနေ့မနက်ပိုင်း Twitter မှာရေးပါတယ်။ အမေရိကန်ပိုင် Guam ကျွန်း ကမ်းလွန်ပင်လယ်ပြင်ကို ပဲ့ထိန်းဒုံးကျည်လေးလုံး ဆက်တိုက်ပစ်လွှတ်ဖို့ အစီအစဉ်ကို အချောသတ်နေပြီလို့ မြောက်ကိုရီးယားက ပြောပြီးတဲ့နောက် မစ္စတာထရမ့်ပ်က အဲဒီလိုရေးတာပါ။

မစ္စတာထရမ့်ပ် Twitter မှာရေးအပြီး တချိန်ထဲမှာလိုပဲ မြောက်ကိုရီးယားဘက်ကလဲ ကိုရီးယားကျွန်းဆွယ်ကို ဗုံးတလုံးလောက်ပဲ ကျလာပါစေ၊ အဲဒါဟာ နျူကလီးယားစစ်ပွဲကို ဦးတည်သွားမယ်လို့ နိုင်ငံပိုင်သတင်းဌာနကနေ ပြောပါတယ်။

Guam ကျွန်းက အမေရိကန် လေတပ်အခြေစိုက်စခန်းမှာတော့ ဗုံးကျဲလေယာဉ်တွေကို အမြဲမပြတ် အသင့်အနေအထား ပြင် ထားပြီးပြီလို့ လေတပ် ဒုတိယတပ်မှူး ဒုတိယဗိုလ်မှူးကြီး Chris Occhiuzzo က သတင်းထောက်တွေကို သောကြာနေ့မှာ ပြောပါ တယ်။

“ဒီနေရာမှာ ဗုံးကျဲလေယာဉ်တွေ မပြတ်ရှိနေတဲ့အတွက် ဘေးကင်းလုံခြုံတယ်လို့ ကျနော်တို့ခံစားရပါ တယ်။ ဒါက ကျနော်တို့ မဟာမိတ်တွေအတွက် စိတ်အေးစေပြီး ရန်သူတွေကို တွန့်ဆုတ်စေပါတယ်။ ဒီနေရာကို မြောက်ကိုရီး ယားက တိုက်ခိုက်လာနိုင်ခြေ အလားအလာမရှိဘူးဆိုတာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ဒီမှာ ပြောသွားပါသေးတယ်။”

အမေရိကန်နယ်မြေကို အရင်သွားတိုက်လို့ အမေရိကန်က လက်တုန့်ပြန်ရင် မြောက်ကိုရီးယားကို ဝင်ကူပေးမှာမဟုတ်ဘူးဆိုပြီး တရုတ်နိုင်ငံကလဲ သောကြာနေ့မှာပဲ ပြောထားပါတယ်။ သောကြာနေ့ထုတ် နိုင်ငံပိုင် Global Times သတင်းစာမှာပါတဲ့ အယ်ဒီ တာ့အာဘော်မှာ အဲဒီလိုရေးထားတာဖြစ်ပြီး မြောက်ကိုရီးယားက အရင်သွားတိုက်ရင် တရုတ်နိုင်ငံအနေနဲ့ ကြားနေဖို့လဲ အဆိုပြု ထားပါတယ်။ ဒါပေမဲ့လဲ Kim Jong Un အစိုးရကို ဖြုတ်ချဖို့ရည်ရွယ်ချက်နဲ့ အမေရိကန်နဲ့တောင်ကိုရီးယားတို့ပေါင်းပြီး စစ်ရေးအရ လုပ်လာရင်တော့ တရုတ်အနေနဲ့ ဝင်စွက်ဖက်ရမယ်လို့လဲ ရေးထားပါတယ်။

ဒီအခြေအနေကို တကမ္ဘာလုံးက စောင့်ကြည့်နေကြပြီး ကမ္ဘာ့ခေါင်းဆောင်တွေကလဲ အလျဉ်းသင့်တိုင်း ဒီကိစ္စကို ထည့်ပြောနေ ကြတာပါ။ တဘက်နဲ့တဘက် စကားလုံးတွေနဲ့ စစ်ထိုးနေကြတာ မရပ်သေးတဲ့အပေါ် စိုးရိမ်မိပေမဲ့ စစ်ဖြစ်တဲ့အထိ ရောက်မယ် လို့တော့ ထင်မထားတဲ့အကြောင်း ဂျာမန်ဝန်ကြီးချုပ် အန်ဂလာ မာကဲလ်က ဘာလင်မြို့မှာ သောကြာနေ့ကပြောပါတယ်။

“စကားတွေနဲ့ စစ်ထိုးနေကြတာက ပဋိပက္ခအတွက် အဖြေရမယ်လို့ ကျမတော့ မယုံကြည်ပါဘူး။ စစ်ရေးနည်းနဲ့ လုပ်တာကလဲ အဖြေဖြစ်မယ်လို့ ကျမမထင်ပါဘူး။ ဒါပေမဲ့ မြောက်ကိုရီးယားနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေ ချထားတာနဲ့အမျှ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အဆက်မပြတ် လုပ်ဆောင်သွားရမယ်လို့ ကျမယူဆပါတယ်။”

ရုရှားနိုင်ငံကလဲ စစ်ရေးပဋိပက္ခ အန္တရာယ်ဟာ သိပ်ကိုကြီးမားလွန်းပြီး အမေရိကန်နဲ့ မြောက်ကိုရီးယားအကြား အပြန်အလှန် ခြိမ်း ခြောက်ပြောဆိုနေတာတွေအပေါ် သိပ်ကိုစိုးရိမ်တဲ့အကြောင်း သောကြာနေ့မှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ပြောပါတယ်။

“ကျနော်တို့ရဲ့ရပ်တည်ချက်က သိကြတဲ့အတိုင်းပါပဲ၊ မြောက်ကိုရီးယားကို နျူကလီးယား လက်နက်ပိုင်တဲ့ နိုင်ငံတခု မဖြစ်စေချင်ပါဘူး။ မြောက်ကိုရီးယားမှာ လူပေါင်းများစွာ ဘေးဒုက္ခရောက်စေမယ့် ပြင်းထန်တဲ့ပဋိပက္ခမဖြစ်အောင် တားဆီးဖို့ ရည်ရွယ်ချက်နဲ့ တရုတ်နိုင်ငံနဲ့ ကျနော်တို့ပေါင်းပြီး အဆိုပြုထားတာတွေ ရှိပါတယ်။ အကြောင်းမလှစွာဘဲ မြောက်ကိုရီးယားနဲ့ အမေရိကန်ကြား စကားစစ်ထိုးတာက အလွန်အကျွံဖြစ်လာနေပါပြီ။ အဆုံးမှာ ဆင်ခြင်တုံတရားက အသာရသွားမယ်လို့ ကျနော် မျှော်လင့်ပါတယ်။”

ဒီအတောအတွင်းမှာပဲ ဂျပန်နိုင်ငံကတော့ သူတို့မှာရှိတဲ့ PAC-3 Patriot ဒုံးခွင်းဒုံးတွေကို နိုင်ငံအနောက်ပိုင်းမှာ သောကြာနေ့ကပဲ ရွှေ့ပြောင်း ချထားလိုက်ပါတယ်။ ဂျပန်နိုင်ငံကိုကျော်ပြီး Guam ကျွန်း ကမ်းလွန်ပင်လယ်ကို ဒုံးကျည်တွေနဲ့ပစ်ဖို့ စီစဉ်နေပြီလို့ မြောက်ကိုရီးယားက ပြောထားပြီးတဲ့နောက် အခုလို ဒုံးခွင်းဒုံးတွေ ရွှေ့ထားလိုက်တာပါ။ ဂျပန်ဟာ အမေရိကန်ရဲ့ အဓိက မဟာမိတ်နိုင်ငံတခုဖြစ်ပြီး အမေရိကန်တပ်ဖွဲ့ဝင် ၅၀,၀၀၀ နီးပါး ဂျပန်နိုင်ငံမှာ ရှိနေပါတယ်။

Your browser doesn’t support HTML5

အမေရိကန်နဲ့ မြောက်ကိုရီးယား စကားတိုက်ပွဲ အရှိန်မြင့်ဆဲ