ကန် - တရုတ် စီးပွါးရေးကိစ္စတွေ ဖြေရှင်းရေး အလုပ်အဖွဲ့တွေ ဖွဲ့ကြဖို့ သဘောတူ

CHINA-US-TRADE-DIPLOMACY-RAIMONDO

တရုတ်နဲ့ အမေရိကန်တို့ဟာ ကုန်သွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အလုပ် အဖွဲ့အသစ်တွေဖွဲ့စည်းကြဖို့ တနင်္လာနေ့မှာ သဘောတူလိုက်ကြကြောင်း အမေရိကန်ကုန်သွယ်ရေးဝန်ကြီး ဂျီနာ ရေမန်ဒို (Gina Raimondo) က ပြောပါတယ်။

“အမေရိကန်နဲ့တရုတ်တာဝန်ရှိသူတွေပါကြမယ့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာအလုပ်အဖွဲ့ ထူထောင်ကြဖို့ ကျမတို့ သဘောတူကြပါတယ်။ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုပြဿနာတွေကိုဖြေရှင်းပြီး တရုတ်မှာ အမေရိကန်ရဲ့ ကုန်သွယ်ရေးအကျိုးစီးပွါးကို မြှင့်တင်နေတဲ့အတိုင်း ပိုပြီး အလွန့်ကို အရေးပါတာကတော့ အမေရိကန်နဲ့တရုတ် ကုန်သွယ်ရေး ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ်တွေလည်းပါကြဖို့ ဖြစ်ပါတယ်။” လို့ ဝန်ကြီးက ပြောသွားတာပါ။

တရုတ်ကုန်သွယ်ရေးဝန်ကြီး Wang Wentao နဲ့ ၄ နာရီကြာ ဆွေးနွေးကြပြီးတဲ့နောက် ခုလို သဘောတူခဲ့ကြတာဖြစ်တယ်လို့ ဝန်ကြီး ဂျီနာ ရေမန်ဒို က ဆိုပါတယ်။ မှန်မှန်ကန်ကန်သာ ဖော်ဆောင်နိုင်ခဲ့ရင် ကူးသန်းရောင်းဝယ်မှု ဆက်ဆံရေးက နိုင်ငံရေးဆက်ဆံရေးကို တည်ငြိမ်စေနိုင်မယ်လို့ အမေရိကန် က မျှော်လင့်တဲ့အကြောင်းလည်း ဝန်ကြီးက ပြောသွားပါတယ်။

တနင်္လာနေ့ အစောပိုင်းတုန်းကလည်း ကျန်းမာရေးနဲ့ အလှကုန်ပစ္စည်း အရောင်းမြှင့်တင်ရေး အခမ်းအနားတရပ်ကို တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Nicolas Burns နဲ့အတူ မစ္စ ရေမန်ဒို တက်ရောက်ခဲ့ပါတယ်။

ကုန်သွယ်ရေးမှာ အများစုက အမျိုးသားလုံခြုံရေးနဲ့ ဘာမှမပတ်သက်ပါဘူး လို့လည်း ဒီပွဲမှာ သူမက ပြောခဲ့ပါသေးတယ်။ ခုလို ဆောင်ရွက်ချက်တွေကြောင့် အမေရိကန်ကုမ္ပဏီ ၁၇ ခုနဲ့ တရုတ်ကုမ္ပဏီ ၂၂ ခု တို့ဟာလည်း သဘောတူညီချက်တွေရခဲ့ကြကြောင်း အမေရိကန်သံရုံး စီးပွါးရေးတာဝန်ခံ Everett Wawai က ပြောပါတယ်။

Your browser doesn’t support HTML5

ကန် - တရုတ် စီးပွါးရေးကိစ္စတွေ ဖြေရှင်းရေး အလုပ်အဖွဲ့တွေ ဖွဲ့ကြဖို့ သဘောတူ