တရုတ်နိုင်ငံက အဆင့်မြင့်နည်းပညာသုံးလုပ်ငန်းတချို့မှာ အမေရိကန်ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံတာကို ကန့်သတ်လိုက်တဲ့ သမ္မတအမိန့်ပြန်တမ်းတရပ်ကို ဗုဒ္ဓဟူးနေ့မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုးလိုက်ပါတယ်။
"တရုတ်နဲ့ စီးပွားလက်တွဲလုပ်နေတာကို လုံးဝ ဖြုတ်လိုက်တာမဟုတ်ဘဲ နိုင်ငံတော်လုံခြုံရေးအတွက် ပစ်မှတ်ထားတဲ့အရေးယူဆောင်ရွက်မှုတွေကို လုပ်ဆောင်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ဆက်ဆံရေးမှာဖြစ်နိုင်ခြေ အန္တရာယ်တွေ ကင်းရှင်းရေးမူဝါဒကို ဆက်လက်လုပ်ဆောင်နေတာ" ဆိုပြီး အမေရိကန်အရာရှိတဦးကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ကန့်သတ်ချက်အသစ်တွေထဲမှာ ကွမ်တမ်နည်းပညာ၊ ဉာဏ်ရည်တု နည်းပညာ၊ အဆင့်မြင့် ဆီမီးကွန်ဒတ်တာ တပိုင်းလျှပ်ကူးထုတ်လုပ်ရေးလို နည်းပညာမြင့် ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုတာတွေကို ထိန်းချုပ်မှာဖြစ်ပေမယ့် လတ်တလောမှာ ရုန်းကန်နေရတဲ့ တရုတ်ရဲ့အထွေထွေ စီးပွားရေးတခုလုံးအပေါ်တော့ ကန့်သတ်မှာ မဟုတ်ပါဘူး။
အမေရိကန်ကုမ္ပဏီတွေအနေနဲ့ ကန့်သတ်ထားတဲ့ကဏ္ဍတွေမှာ တချို့ ရင်းနှီးမြှုပ်နှံမှုတွေကို အစိုးရဆီ အကြောင်းကြားဖို့လိုအပ်ပြီး တချို့ကိုတော့ ရင်းနှီးမြှုပ်နှံမှု လုံးဝ တားမြစ်ထားတာပါ။ ကန့်သတ်ချက်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဒီ အမိန့်ကြောင့် ကမ္ဘာ့ပထမနဲ့ဒုတိယ စီးပွားအင်အားအကြီးဆုံးနိုင်ငံတွေ ဖြစ်ကြတဲ့ အမေရိကန်နဲ့ တရုတ်ကြားမှာ တင်းမာမှုတွေ ထပ်မံဖြစ်လာဖွယ်ရှိပါတယ်။ ဒါဟာ နှစ်နိုင်ငံတာဝန်ရှိသူတွေကြား သဘောထားကွဲပြားမှုတွေကို အဖြေရှာနိုင်ဖို့ ဆွေးနွေးပွဲတွေ အများအပြားလုပ်ခဲ့အပြီးမှာ ဒီအမိန့်ထွက်လာတာလည်း ဖြစ်ပါတယ်။
ဇူလိုင်လတုန်းက အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen ရဲ့ တရုတ်ခရီးစဥ် အတွင်း တရုတ်ဝန်ကြီးချုပ် Li Qiang ကိုပြောရာမှာ "အမေရိကန်ပြည်ထောင်စု အနေနဲ့ အမျိုးသားလုံခြုံရေးကိုကာကွယ်ဖို့ တချို့ ကဏ္ဍတွေမှာပစ်မှတ်ထားတဲ့ အရေးယူဆောင်ရွက်မှုတွေကို လုပ်ဆောင်မှာဖြစ်ပြီး ဒီလိုအခြေအနေမျိုးကိုတော့ နှစ်နိုင်ငံကြား သဘောတူနိုင်မှာမဟုတ်ဘူး" လို့ အသိပေးခဲ့တာပါ။
ဒါ့အပြင် အင်ဒို-ပစိဖိတ်ဒေသနဲ့ ကမ္ဘာတဝန်းက အမေရိကန်ရဲ့ခြုံရေးအကျိုးစီးပွားကို ကာကွယ်ဖို့ကြိုးပမ်းနေကြောင်း အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan ကလည်း ဧပြီလမှာပြောခဲ့ပြီး တရုတ်နိုင်ငံကို "အဆင့်မြင့်ဆုံး တပိုင်းလျှပ်ကူးတာ နည်းပညာ တင်ပို့မှုအပေါ် သေချာစိစစ်ထားတဲ့ ကန့်သတ်ချက်တချို့ " ကို အကောင်အထည်ဖော်ခဲ့ပါတယ်။
Your browser doesn’t support HTML5