ဟောင်ကောင် ဒီမိုကရေစီထောက်ခံတဲ့ ဥပဒေမူကြမ်းနှစ်ခု ကန်သမ္မတ လက်မှတ်ထိုး

အမေရိကန်သမ္မတ Donald Trump. (နိုဝင်ဘာ ၂၆၊ ၂၀၁၉)

(Zawgyi / Unicode)

ဟောင်ကောင်မှာ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို အားပေးထောက်ခံတဲ့ ဥပဒေမူကြမ်း ၂ ခုကို အမေရိကန်သမ္မတ Donald Trump က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲ အမေရိကန် အထက်နဲ့ အောက်လွှတ်တော်တွေမှာ တခဲနက်နီးပါး မဲပေးအတည်ပြုထားတဲ့ ဥပဒေတွေကိုတော့ ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုတွေ ကြုံနေရတဲ့ တရုတ်နိုင်ငံက သတိပေးနေတဲ့ ကြားကပဲ သမ္မတ Trump လက်မှတ်ထိုးလိုက်တာပါ။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်မှာ လွတ်လပ်ခွင့်တွေ ရှိ မရှိ ဆိုတာကို နှစ်စဉ် ပြန်လည်သုံးသပ်ပြီး အမေရိကန်က ကုန်သွယ်ရေး အထူးခံစားခွင့်တွေ ဆက်ပေးသင့် မသင့် ဆုံးဖြတ်ဖို့လည်း ဥပဒေတခုမှာ ထည့်သွင်းထားပါတယ်။

နောက်ဥပဒေတခုမှာတော့ အဓိကရုဏ်း နှိမ်နင်းရာမှာ သုံးတဲ့ မျက်ရည်ယိုဗုံးတွေ၊ ငရုပ်ကောင်းရည်တွေ၊ ရာဘာကျည်ဆန်တွေကို ဟောင်ကောင်ရဲတပ်ဖွဲ့အတွက် တင်ပို့ရောင်းချခွင့် တားမြစ်ထားတာပါ။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ပြည်တွင်းရေးကို စွက်ဖက်တဲ့ လုပ်ရပ်အဖြစ် တုံ့ပြန်သွားမယ့်အကြောင်း ပြောဆိုလိုက်ပါတယ်။

ဟောင်ကောင်အစိုးရကလည်း အမေရိကန်ရဲ့ လုပ်ရပ်အတွက် အလွန်အမင်း စိတ်မကောင်း ဖြစ်ရကြောင်းနဲ့ ဆန္ဒပြသူတွေကို လွဲမှားတဲ့ သတင်းစကားပါးရာ ရောက်ကြောင်း ပြောဆိုခဲ့တာပါ။

ဟောင်ကောင် ဒီမိုကရေစီရေး ဥပဒေတွေကို အမေရိကန်သမ္မတ Donald Trump က လက်မှတ်ရေးထိုး အတည်ပြုလိုက်တဲ့အပေါ် အပြင်းအထန် ကန့်ကွက်ကြောင်း တရုတ်နိုင်ငံက အမေရိကန်သံအမတ်ကြီးကို ဒီကနေ့ပဲ ဆင့်ခေါ်ပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံ ပြည်တွင်းရေးကို ပြင်းပြင်းထန်ထန် စွက်ဖက်တဲ့ လုပ်ရပ်ဖြစ်သလို နိုင်ငံတကာ ဥပဒေတွေကို အကြီးအကျယ် ချိုးဖောက်လိုက်တာဖြစ်ကြောင်း အမေရိကန် သံအမတ်ကြီး Terry Branstad ကို တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Le Yucheng က ပြောဆိုလိုက်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။

၂ နိုင်ငံ ဆက်ဆံရေး မထိခိုက်အောင် အမေရိကန်က ဥပဒေတွေကို လက်တွေ့ အကောင်အထည် မဖော်ဖို့လည်း တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့ပါတယ်။

--------------------------------

(Unicode)











Your browser doesn’t support HTML5

ဟောင်ကောင် ဒီမိုကရေစီထောက်ခံတဲ့ ဥပဒေမူကြမ်းနှစ်ခု ကန်သမ္မတ လက်မှတ်ထိုး