အမေရိကန်အစိုးရ အဆက်ဆက်က မြောက်ကိုရီးယားနဲ့ ဆွေးနွေးပြောဆိုတာ ဘယ်လို ရလာဒ်မျိုးမှ ထွက်မလာခဲ့တဲ့အတွက် တခုတည်းသော နည်းလမ်းကပဲ အလုပ်ဖြစ်မယ်လို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က စနေနေ့မှာပြောပါတယ်။
သမ္မတတွေနဲ့ သူတို့ရဲ့အစိုးရတွေ မြောက်ကိုရီးယားနဲ့ စကားပြောခဲ့တာ ၂၅ နှစ်ရှိပါတယ်၊ သဘောတူညီချက်တွေ ရယူပြီး ငွေတွေ အများကြီး ပေးခဲ့ကြတယ်၊ အလုပ်မဖြစ်ခဲ့ပါဘူး၊ စာရွက်ပေါ်က မင်တောင်မခြောက်သေးခင် သဘောတူညီချက်ကို ချိုးဖောက်ခဲ့ တာပါပဲ၊ အမေရိကန် စေ့စပ်ညှိနှိုင်းသူတွေကို အရူးလုပ်ခဲ့တာပါပဲ၊ စိတ်မကောင်းပါဘူး၊ ဒါပေမဲ့ အလုပ်ဖြစ်မယ့်နည်းလမ်းက တခုပဲ ရှိပါတယ်လို့ သမ္မတထရမ့်ပ်က Twitter မှာရေး ပါတယ်။
သူ ဘာဆိုလိုတယ်ဆိုတာကို ထရမ့်ပ်က ရှင်းရှင်းလင်းလင်း ပြောမထားပေမဲ့ အခုလိုပြောဆိုတာမျိုးက သူ့စိတ်ထဲမှာ စစ်ရေးအရ လုပ်ဆောင်ဖို့ စဉ်းစားနေတယ် ဆိုတာကို ထပ်ပြလိုက်ပုံရပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယား ခြိမ်းခြောက်မှုကနေ ကိုယ်ကိုယ်တိုင်နဲ့ မဟာမိတ်တွေကို ကာကွယ်ဖို့အတွက် လိုအပ်တယ် ဆိုရင် မြောက်ကိုရီးယားကို အမေရိကန်က လုံး၀ ဖျက်ဆီးပစ်မယ်လို့ သမ္မတက ပြောထားဖူးပါတယ်။
ဒီသီတင်းပတ်အစောပိုင်းက အမေရိကန် ထိပ်တန်း စစ်ဘက်ခေါင်းဆောင်တွေ၊ သူတို့ရဲ့ ဇနီးတွေနဲ့ တွေ့ဆုံပွဲတခုအတွင်း ဒါဟာ မုန်တိုင်းမတိုက်ခင် ငြိမ်သက်ခြင်းမျိုးဖြစ်တယ်လို့ မစ္စတာထရမ့်ပ်က သတင်းထောက်တွေကို ပြောခဲ့ပါသေးတယ်။ ဘာဆိုလိုတယ် ဆိုတာ ရှင်းပြဖို့ မေးတဲ့အခါမှာလဲ သူက သိရပါလိမ့်မယ်လို့ပဲ ပြန်ဖြေသွားခဲ့ပါတယ်။
Your browser doesn’t support HTML5