တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံကြား ဆွေးနွေးပွဲတွေကို အိုလံပစ်ပွဲတော်နောက်ပိုင်း မှာလဲ ဆက်လုပ်သွားနိုင်လိမ့်မယ်လို့ သူမျှော်လင့်ကြောင်းနဲ့ သင့်တော်တဲ့အချိန်မှာ အမေရိကန်က ဝင်ရောက်ဆွေးနွေးသွားမယ်လို့ ကတိပြုကြောင်း သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ပြောပါတယ်။
Camp David အပန်းဖြေစခန်းမှာ ရီပတ်ဘလီကန် လွှတ်တော်အမတ်တွေနဲ့ စနေနေ့က တွေ့ဆုံပြီးတဲ့နောက် သတင်းစာရှင်းလင်းပွဲတခုကို ထူးထူးခြားခြားလုပ်ပြီး ပြောဆိုတဲ့ထဲ အဲဒီလိုပြောသွားတာပါ။
ကျင်းပဖို့ရှိတဲ့ အိုလံပစ်အားကစားပွဲတော်နဲ့ပတ်သက်ပြီး အဆင့်မြင့်ဆွေးနွေးပွဲတခုလုပ်ဖို့ တောင်ကိုရီးယားက ကမ်းလှမ်းတာကို မြောက်ကိုရီးယားက သောကြာနေ့မှာ လက်ခံထားပါတယ်။ အဲဒီဆွေးနွေးပွဲကို နှစ်နိုင်ငံနယ်စပ်က လုံခြုံရေးအပြည့်ချထားတဲ့ အပစ်ရပ် စစ်မဲ့ဇုံ Panmunjom ကျေးရွာမှာ ဇန်နဝါရီလ ၉ ရက်၊ အင်္ဂါနေ့ကျရင် လုပ်မှာပါ။
နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေး တောင်ကိုရီးယားဝန်ကြီးဌာနရဲ့ အဆိုအရ အိုလံပစ်ပွဲ ပူးပေါင်းဆောင်ရွက်ရေးကိစ္စနဲ့ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်အောင် ဘယ်လိုလုပ်ကြ မလဲဆိုတာ ဆွေးနွေးဖို့ကမ်းလှမ်းတာကို မြောက်ကိုရီးယားဘက်က လက်ခံကြောင်းသောကြာနေ့မနက်က အကြောင်းပြန်ခဲ့တာပါ။
နှစ်ဘက်ကိုယ်စားလှယ်အဖွဲ့တွေကို ဘယ်သူတွေက ဦးဆောင်မလဲဆိုတာကိုတော့ ကိုရီးယားနှစ်နိုင်ငံကြား မကြာသေးခင်ကမှ ပြန်ဖွင့်ထားတဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေကတဆင့် ညှိနှိုင်း ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ နှစ်နိုင်ငံပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနပြောခွင့်ရ Baik Tae-hyun ကပြောပါတယ်။
Your browser doesn’t support HTML5