တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံ အဆင့်မြင့်အရာရှိတွေရဲ့ ဆွေးနွေးပွဲကို ၂ နိုင်ငံကြားမှာရှိတဲ့ Panmunjom အပစ်ရပ်ကျေးရွာမှာ ဇန်နဝါရီလ ၉ ရက်နေ့ကျရင်လုပ်သွားဖို့ တောင်ကိုရီးယားနိုင်ငံရဲ့ကမ်းလှမ်းချက်ကို မြောက်ကိုရီးယားက လက်ခံလိုက်ပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ ၂ နိုင်ငံပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနရဲ့ အဆိုအရတော့ ၊ အိုလံပစ် ပူးပေါင်းဆောင်ရွက်ရေးကိစ္စနဲ့ ၂ နိုင်ငံ ဆက်ဆံရေးတိုးတက်လာအောင် ဘယ်လိုလုပ်ကြမလဲဆိုတာကို ဆွေးနွေးဖို့အတွက် Panmunjon ရွာမှာတွေ့ဖို့ တောင်ကိုရီးယားရဲ့ ကမ်းလှမ်းချက်ကို သူတို့အနေနဲ့ လက်ခံကြောင်း မြောက်ကိုရီးယားဘက်က ဒီကနေ့ သောကြာနေ့မနက်က အကြောင်းပြန်လာခဲ့တယ်လို့ ပြောထားပါတယ်။
တောင် နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံအနေနဲ့ မကြာသေးခင်က ပြန်လည်ရရှိခဲ့တဲ့ နယ်စပ်ဆက်သွယ်ရေးလမ်းကြောင်းကို အသုံးပြုပြီး ရှေ့သီတင်းပတ်တွေ့ဆုံမယ့် ၂ နိုင်ငံကိုယ်စားလှယ်အဖွဲ့ကို ဘယ်သူတွေဦးဆောင်မယ်ဆိုတာကို ဆုံးဖြတ်သွားဖို့ မျှော်လင့်တယ်လို့ ကိုရီးယား ၂ နိုင်ငံ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာန Baik Tae-Hyun ကပြောပါတယ်။
တောင် နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံကြား ဆွေးနွေးပြောဆိုမှုတိုင်းဟာ ကိုရီးယားကျွန်းဆွယ်မှာ ဆက်ဆံရေးတွေတိုးတက်လာဖို့ အပြုသဘောဆောင်တဲ့ ခြေလှမ်းဖြစ်တယ်လို့ ရှုမြင်ထားကြပြီး၊ ဒါက ဒေသတွင်းတည်ငြိမ်မှုကိုလည်း အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ အမေရိကန် နဲ့ တောင်ကိုရီးယားနိုင်ငံတို့က သူတို့ရဲ့ ၂ နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ရှေ့လမှာကျင်းပမယ့် ပြုံချမ်းဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ပြီးတဲ့အချိန်ထိ ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်ပြီးတဲ့နောက် သိပ်မကြာခင်မှာပဲ မြောက်ကိုရီးယားဘက်က ဒီကနေ့ ကြေငြာခဲ့တာဖြစ်ပါတယ်။