အမေရိကန် ဝေါလ်စထရိဂျာနယ်သတင်းထောက်ကို ရုရှားက ဖမ်းဆီးထိန်းသိမ်းတာနဲ့ပတ်သက်ပြီး နိုင်ငံပေါင်း ၄၆ နိုင်ငံက အထူး စိုးရိမ်ကြောင်း တနင်္လာနေ့က ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက်မှာ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ အမေရိကန် အစရှိတဲ့နိုင်ငံတွေက ပါဝင် လက်မှတ်ရေးထိုးထားပါတယ်။
“ဝေါလ်စထရိဂျာနယ် သတင်းထောက်တဦးကို ဖမ်းဆီးထားတယ်ဆိုတဲ့ ရုရှားရဲ့ကြေညာချက်အပေါ် အရမ်းစိုးရိမ်မိပါတယ်။ မီဒီယာတွေကိုကန့်သတ်ပြီး ခြိမ်းခြောက်ဖို့ ရုရှားရဲ့ကြိုးပမ်းမှုတွေကို ကန့်ကွက်ပါတယ်။ လွတ်လပ် အမှီအခိုကင်းပြီး ဘက်ပေါင်းစုံကတင်ပြပေးတဲ့ မီဒီယာတွေဟာ ကမ္ဘာတဝန်းကလူအများအတွက် သတင်း အချက်အလက်တွေတင်ပြပေးဖို့ မရှိမဖြစ်အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်" လို့ အဖွဲ့ကိုယ်စား ကုလသမဂ္ဂဆိုင်ရာ အမေရိကန်ကိုယ်စားလှယ် လင်ဒါ သောမတ်စ်-ဂရင်းဖီးလ် က ပြောသွားတာပါ။
ဒီဖမ်းဆီးမှုအတွက် ရုရှားသတင်းထောက်တွေအပါအဝင် နိုင်ငံတကာက သတင်းထောက်တွေက ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်ခဲ့ကြတာကိုလည်း သောမတ်စ်-ဂရင်းဖီးလ်က ထောက်ပြခဲ့ပါတယ်။ ရုရှားနိုင်ငံက လွတ်လပ်စွာရပ်တည်နေတဲ့ ထင်ရှားတဲ့မီဒီယာသမားတွေက လက်မှတ်ရေးထိုးပြီး အိတ်ဖွင့်ပေးစာထုတ်ပြန်ရာမှာ ဒီဖမ်းဆီးမှုက “အဓိပ္ပာယ်မဲ့ မတရားမှု” အဖြစ် ဖော်ပြထားတယ်လို့ ဆိုပါတယ်။
“သတင်းလွတ်လပ်ခွင့်နဲ့ ကမ္ဘာတဝန်းက သတင်းထောက်တွေရဲ့လုံခြုံရေးအတွက် ဆက်လက် ထောက်ခံအားပေးသွားမယ်” လို့လည်း ကုလ အမေရိကန်ကိုယ်စားလှယ်က ပြောပါတယ်။
သူလျှိုမှုစွပ်စွဲချက်နဲ့ လွန်ခဲ့တဲ့နှစ်ပတ်ကျော်က ဖမ်းဆီးခံထားရတဲ့တဲ့ ဝေါလ်စထရိဂျာနယ် သတင်းထောက် Evan Gershkovich ကို ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်က ပထမဆုံးအကြိမ် အနေနဲ့ တနင်္လာနေ့က သွားရောက်ကြည့်ရှုနိုင်ခဲ့ပြီး သူ ကျန်းမာရေးကောင်းမွန်ကြောင်း ပြောပါတယ်။
အသက် ၃၁ နှစ်အရွယ် Gershkovich ကို မော်စကိုက နာမည်ဆိုးနဲ့ကျော်ကြားတဲ့ Lefortovo အကျဥ်းထောင်မှာ ဖမ်းဆီးထားတာပါ။ သူဟာ သူလျှိုအလုပ်မှာ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း အမေရိကန်အစိုးရက ငြင်းဆိုထားပါတယ်။
Your browser doesn’t support HTML5
-