FFM ဥက္ကဌ မြန်မာ့အရေးတင်ပြချက် လုံခြုံရေးကောင်စီမှာ တုန့်ပြန်

ဗုဒ္ဓဟူးနေ့က လုံခြုံရေးကောင်စီမှာ ပြုလုပ်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲ

လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ ခေါင်းဆောင် Marzuki Darusman တင်ပြသွားပြီးတဲ့နောက် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေရဲ့ သံအမတ်ကြီးတွေကလည်း သူတို့နိုင်ငံ သဘောထား အသီးသီးကို တင်ပြကြပါတယ်။ ဒေါ်လှလှသန်းက ကောက်နုတ်ပြီး စုစည်းတင်ပြမှာပါ။

မြန်မာနိုင်ငံမှာ အဓိက ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာဒုက္ခသည်အရေးနဲ့ ပတ်သက်လို့စုံစမ်းစစ်ဆေးဖို့ လူ့အခွင့်အရေးကောင်စီက တာဝန်ပေးခဲ့တဲ့ ကုလသမဂ္ဂသီးခြား အချက်အလက်ရှာဖွေရေးအဖွဲ့ FFM ဥက္ကဌ Marzuki Darusman အနေနဲ့ လုံခြုံရေးကောင်စီမှာ အောက်တိုဘာလ ၂၄ ရက်နေ့က တင်ပြဆွေးနွေးဖို့ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံတဲ့နိုင်ငံ ၉ နိုင်ငံ၊ ကန့်ကွက်တဲ့နိုင်ငံ ၃ နိုင်ငံနဲ့ ကြားနေတဲ့ နိုင်ငံ ၃ နိုင်ငံတို့ရှိတာ တွေ့ရပါတယ်။ Mr. Darusman ရဲ့ အစီရင်ခံတင်ပြချက်ကို တုန့်ပြန်ရာမှာလည်း အခုလို သုံးမျိုးကွဲတာ တွေ့ရပါတယ်။

ဆွေးနွေးဖို့ ထောက်ခံတဲ့ နိုင်ငံတွေထဲမှာ ပါဝင်တဲ့ အမေရိကန်ရဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley က ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ မဆွေးနွေးသင့်ဘူးလို့ ကန့်ကွက်ကြတဲ့ နိုင်ငံတွေရဲ့ သဘောထားကို အခုလို တုန့်ပြန်လိုက်ပါတယ်။

“ ဒါဟာလက်ညှိုးထိုး စွပ်စွဲတာ မဟုတ်ပါဘူး။ လက်တွေ့ဖြစ်ပျက်တာကို လက်ခံဖို့ပါပဲ။ ဒါမှလည်း ပြစ်မှုကျူးလွန်သူတွေကို အရေးယူအပြစ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမလုပ်ဖို့ ဆင်ခြေပေးခဲ့ကြတဲ့ နိုင်ငံတွေ ပြောခဲ့ကြတာရှိပါတယ်။ သူတို့က လုံခြုံရေးကောင်စီဟာ ဒီရက်စက်တဲ့ ဖြစ်ရပ်တွေကို ဆွေးနွေးမယ့် နေရာမဟုတ်ဘူးလို့ ဆိုကြပါတယ်။ လုံခြုံရေးကောင်စီနဲ့ ဆိုင်တာက ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးလို့ ဆိုကြပါတယ်။ လူ့အခွင့်အရေးနဲ့ မဆိုင်ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် လူ ၇ သိန်းကျော် နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ကြရတဲ့ ကိစ္စဟာ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိစ္စ မဆိုင်ဘူးလို့ ပြောလို့ မရပါဘူး။ ဒီပြဿနာကို ရင်ဆိုင်ခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပဲ မေးကြည့်နိုင်ပါတယ်။ တကယ်တော့ ဒီပြဿနာဟာ ဘင်္ဂလားဒေ့ရှ် တနိုင်ငံတည်းသာမက ဒေသန္တရ ပြဿနာဖြစ်သလို ကျမတို့ အားလုံးနဲ့ ဆိုင်တဲ့ ပြဿနာဖြစ်ပါတယ်။”

ဗြိတိန်သံအမတ်ကြီး Karen Pierce ကလည်း ရိုဟင်ဂျာဒုက္ခသည်အရေး ဖြေရှင်းနိုင်ဖို့ အခုလို အကြံပေးခဲ့ပါတယ်။

“အစီရင်ခံစာအရ မြန်မာစစ်တပ်က အထူးသဖြင့် ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်နေတယ်ဆိုတာ ရှင်းပါတယ်။ ပြစ်မှုကျူးလွန်သူတွေကို အရေးယူနိုင်ဖို့အတွက် အရေးကြီးပါတယ်။ ဒုက္ခရောက်ခဲ့ကြတဲ့ ရိုဟင်ဂျာတွေနဲ့ အခြားလူတွေအတွက် တရားဥပဒေက အကာအကွယ်ပေးသင့်ပါတယ်။ အခြေခံအားဖြင့်တော့ မြန်မာစစ်တပ်အနေနဲ့ ဒီပြစ်မှုတွေကို ထပ်ခါတလဲလဲ ကျူးလွန်နေတာကို ဟန့်တားဖို့လိုအပ်ပါတယ်။”

လုံခြုံရေးကောင်စီမှာ FFM ဥက္ကဌ တင်ပြဆွေးနွေးဖို့ ကန့်ကွက်တဲ့ သုံးနိုင်ငံတွေကတော့ တရုတ်၊ ရုရှားနဲ့ ဘိုလီဗီးယားတို့ ဖြစ်ပါတယ်။ ရုရှားသံအမတ်ကြီးက အခုလို ရှာဖွေရေးအဖွဲ့ လုံခြုံရေးကောင်စီမှာ တင်ပြဆွေးနွေးဖို့ တချို့နိုင်ငံတွေရဲ့ ကြိုးပမ်းချက်ဟာ မြန်မာနိုင်ငံကို ခြိမ်းခြောက်ရာရောက်တယ်လို့ စကားပြန်ကတဆင့် အခုလိုပြောခဲ့ပါတယ်။

“ဒီအစည်းအဝေးဟာ ရိုဟင်ဂျာပြဿနာကို ဖြေရှင်းရေးအတွက် ဘယ်လိုမှ အထောက်အကူမဖြစ်ဘူးဆိုတာ ဒီကနေ့ အစည်းအဝေးပြီးတဲ့နောက် ဘယ်သူမှ ထင်ယောင်ဝိုးတဝါးဖြစ်မနေသင့်ပါဘူး။ အချုပ်အခြာအာဏာပိုင် နိုင်ငံတခုကို ဗြောင်ကျကျ ဖိအားပေးဖို့နဲ့ အရင်က ကိုလိုနီလုပ်အုပ်ချုပ်ခဲ့တဲ့နိုင်ငံနဲ့ သူ့ရဲ့မဟာမိတ်တွေက လုပ်ချင်တဲ့အတိုင်း လုပ်နိုင်ဖို့ ရိုဟင်ဂျာပြဿနာ ဟာ အကြောင်းပြချက်တခု သက်သက်ပဲဖြစ်ပါတယ်။ ဒီလမ်းကြောင်းမှာ နောက်ထပ်ဖြစ်လာနိုင်ခြေ အဆင့်ကတော့ မြန်မာ ဆန့်ကျင်ရေး ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်တာကနေတဆင့် ဖိအားပေးဖို့နဲ့ လုံခြုံရေးကောင်စီက နောက်ဆက်တွဲဆုံးဖြတ်ချက် ချမှတ်တာတွေ လုပ်ဖို့ပဲဖြစ်မှာပါ။ ဒီလိုလမ်းကြောင်းမျိုးကို ကျနော်တို့ အခိုင်အမာ ပယ်ချပါတယ်။”

ကန့်ကွက်ခဲ့တဲ့ နောက်တနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံ ရဲ့သံအမတ်ကြီးကလည်း စကားပြန်ကတဆင့် လုံခြုံရေးကောင်စီမှာ အခုလို ဆွေးနွေးတဲ့အတွက်ကြောင့် ဝမ်းနည်းတယ်လို့ ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက် ရှာဖွေရေးအဖွဲ့က တင်ပြဖို့အတွက် လုံခြုံရေးကောင်စီက အစည်းအဝေး ခေါ်ယူတဲ့အပေါ် တရုတ်နိုင်ငံအနေနဲ့ စိတ်မကောင်းပါဘူး။ ဒီလိုလုပ်ရပ်မျိုးဟာ ကောင်စီရဲ့ညီညွတ်မှုကို ထိခိုက်စေပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်အရေးကိစ္စတွေကို ပူးတွဲဖြေရှင်းရေး အဖွဲ့ဝင်နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်ဖို့ အထောက်အကူ ဖြစ်စေမှာလည်းမဟုတ်ပါဘူး။”

ဒါအပြင် တရုတ်သံအမတ်ကြီးက ရိုဟင်ဂျာပဋိပက္ခဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနဲ့သာ အဓိကသက်ဆိုင်တဲ့အတွက်ကြောင့် ပြည်တွင်းရေးကို ဝင်မစွက်ဖက်သင့်ဘူးလို့ ပြောခဲ့ပြီး ရိုဟင်ဂျာတွေ ဌာနေပြန်နိုင်ရေးအတွက် ညှိုနှိုင်းလုပ်ဆောင်နေတာတွေကိုလည်း ထောက်ပြခဲ့ပြီး တရုတ်ဘက်ကလည်း အကူအညီတွေပေးနေတယ်လို့ ထောက်ပြသွားပါတယ်။

လုံခြုံရေးကောင်စီရဲ့ အဖွဲ့ဝင်နိုင်ငံတွေ မဟုတ်ပေမယ့်လို့လည်း လက်ရှိအရေးမှာပါဝင်ပတ်သက်နေတဲ့ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က သက်ဆိုင်ရာ သံအမတ်ကြီးတွေကလည်း သဘောထားအမြင်တွေကို တင်ပြခွင့်ရခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး Masud Bin Momen ကတော့ သူ့နိုင်ငံအနေနဲ့ အဓိကဦးစားပေးတဲ့ ကိစ္စဟာ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ရင်း ဘေးကင်းစွာ ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရေးဖြစ်တယ်လို့ ပြောပါတယ်။

“တိုးပွားလာနေတဲ့ ရိုဟင်ဂျာလူဦးရေ ၁.၁ သန်းထိရှိနေချိန်မှာ နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်ကို နှောင့်နှေးစေပြီး ဒီအကျပ်အတည်းကို ရေရှည်ဖြစ်အောင် လုပ်ခြင်းအားဖြင့် ဘင်္ဂလားဒေ့ရှ်အတွက် ဘယ်လိုအကျိုးစီးပွားမှ မရှိပါဘူး။ မြန်မာ အာဏာပိုင်တွေက အတည်ပြုထားပြီးဖြစ်တဲ့ လူအရေအတွက်အနည်းငယ်ကို ဖြစ်နိုင်သမျှ အစောဆုံးပြန်ပို့ရေးစတင်ဖို့ ကျနေ်ာတို့ သဘောတူထားပါတယ်။ ကျနော်တို့အစိုးရနှစ်ရပ်အကြား ချုပ်ဆိုထားတဲ့ သဘောတူညီချက်ပါ အချက်တိုင်းကိုရဖိုအတွက် အသေးစိတ် အပြင်းအထန် စေ့စပ်ညှိနှိုင်းခဲ့ရတာပါ။ မြန်မာနိုင်ငံဘက်အနေနဲ့ အဲဒီသဘောတူညီချက်တွေအတိုင်း လိုက်နာ လုပ်ဆောင်တာကို ကျနော်တို့မြင်တွေ့ချင်ပါတယ်။”

ပြီးခဲ့တဲ့လကကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံအတွင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Shiekh Hasina ပြောထားတဲ့ အချက် သုံးချက်ကိုလည်း ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးက ပြန်ပြီး ထောက်ပြပြောဆိုသွားပါတယ်။ ပထမအချက်က မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေအပေါ် ခွဲခြားပြုမူတဲ့ ဥပဒေတွေ၊ မူဝါဒတွေနဲ့ လုပ်ဆောင်ပုံတွေကို ပယ်ဖျက်ပြီး အိုးအိမ်စွန့်ထွက်ပြေးရတဲ့ အဓိက အကြောင်းရင်းတွေကို အချိန်နဲ့တပြေးညီ စစ်မှန်စွာ ကိုင်တွယ်ဖြေရှင်းဖို့၊ ဒုတိယအချက်က ယုံကြည်မှုတည်ဆောက်ပြီး အထောက်အကူဖြစ်စေမယ့်ဝန်းကျင်ကို ဖန်တည်းဖို့နဲ့ ရိုဟင်ဂျာတွေအားလုံးအတွက် အကာအကွယ်၊ အခွင့်အရေးနဲ့ နိုင်ငံသား ဖြစ်ရေးလမ်းကြောင်းတို့ကို အာမခံချက်ပေးဖို့၊ တတိယအချက်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အချက်အလက်ရှာဖွေ ရေးအဖွဲ့က အဆိုပြုထားတဲ့အတိုင်း တာဝန်ခံမှုရှိပြီး တရားဥပဒေနဲ့အညီဖြစ်အောင် လုပ်ခြင်းအားဖြင့် ရိုဟင်ဂျာ အများအပြားကို သတ်ဖြတ်တာ တားဆီးဖို့ ကို ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးက ပြန်ပြောသွားပါတယ်။

လုံခြုံရေးကောင်စီမှာ အဖွဲ့ဝင်နိုင်ငံတို့ တင်ပြဆွေးနွေးခဲ့ကြတဲ့အနက် တူညီတဲ့အချက်တွေထဲမှာတော့ ရိုဟင်ဂျာ ဒုက္ခသည် ၇ သိန်းကျော် ဘေးကင်းစွာနေရပ်ရင်းပြန်နိုင်ရေး၊ ရခိုင်ပြည်နယ်မှာ လူမဆန်စွာ ပြစ်မှုကျူးလွန်သူတွေကို စုံစမ်းစစ်ဆေးပြီး ICC နိုင်ငံတကာ ခုံရုံးနည်းလမ်းတွေကတဆင့် အရေးယူနိုင်ရေး၊ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပေးချက်များ ကိုအကောင်အထည်ဖေါ်ရေး၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ဆောင်ရွက်ချက်တွေကို အားပေးထောက်ခံရေး၊ ရိုဟင်ဂျာ ပဋိပက္ခရဲ့ အဓိကဖြစ်ရခြင်း အကြောင်းအရင်းတွေကို ရှာဖွေဖြေရှင်း စတဲ့အချက်တွေကို အကြံပေးထားတာ တွေ့ရပါတယ်။

Your browser doesn’t support HTML5

FFM ဥက္ကဌ မြန်မာ့အရေးတင်ပြချက် လုံခြုံရေးကောင်စီမှာ တုံ့ပြန်


Your browser doesn’t support HTML5

ကုလလုံခြုံရေးကောင်စီက မြန်မာ့အရေးဆွေးနွေးပွဲ