ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ မြန်မာ့လူအခွင်အ့ရေးဆိုင်ရာ အချက်အလက်စုဆောင်းရေးအဖွဲ့ဟာ မနေ့တုန်းက ကုလ လုံခြုံရေးကောင်စီမှာ သူတို့တွေ့ရှိချက်တွေ တင်ပြဆွေးနွေးသွားတဲ့အပေါ် မြန်မာအစိုးရကိုယ်စားလှယ်ဘက်က ပြင်ပြင်းထန်ထန်ကို ကန့်ကွက်ခဲ့ပါတယ်။ အစည်းအဝေးအတွင်းမှာ ကုလတံဆိပ်နဲ့ စာရွက်စာတမ်းတွေ ဝေခဲ့တဲ့ကိစ္စကိုရော၊ ကုလ လူ့အခွင့်အရေးစုံစမ်းရေးအဖွဲ့ရဲ့ တင်ပြခဲ့တဲ့အစီရင်ခံစာပါ အချက်တွေကိုပါ ကန့်ကွက်ခဲ့တာပါ။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းခဲ့ရာမှာ - သူ့ကန့်ကွက်ခဲ့တဲ့ကိစ္စကို အခုလို ရှင်းပြပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်။ ။ သူတို့က စာဝေတယ်ခင်ဗျာ။ အခန်းထဲမှာ ဗိုလ်ချုပ်မှုးကြီး ပုံတွေနဲ့ လက်ကမ်းစာစောင်တွေထဲမှာ Atrocities နဲ့ ပတ်သက်ပြီးတော့ genocide နဲ့ပတ်သက်ပြီးတော့ အချက်အလက်တွေကို လုပ်တယ်။ ဝေတာပေါ့။ ဝေတဲ့သဘောမျိုး တင်ထားတာပေါ့။ UN တံဆိပ်ကြီးနဲ့ အဲ့တာကို ကန့်ကွက်တာ။
မအင်ကြင်းနိုင်။ ။ လုံခြုံရေးကောင်စီ ဒီတခေါက် ဆွေးနွေးပွဲမှာ သံအမတ်ကြီး အဓိက ထောက်ပြခဲ့တဲ့ အချက်လေးတွေကို ပြောပြပေးပါ။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်။ ။ သီးခြားလုပ်နေတဲ့ ကိစ္စလေးတွေကို လုံခြုံရေးကောင်စီကနေခေါ်ပြီးတော့ ကြားနာတယ်ဆိုတာ အစဉ်အလာမရှိဘူး။ အဲ့တာကြောင့် ရုရှားတို့ တရုတ်တို့ လေးနိုင်ငံလောက်ရှိတယ် သူတို့က ကန့်ကွက်တယ်။ ဒီဟာ ဟာ အစဉ်အလာမရှိတဲ့ဟာဖြစ်တယ်။ လုံခြုံရေးကောင်စီရဲ့ လုပ်ထုံးလုပ်နည်းနဲ့လည်း ကျော်လွန်နေတယ်။ အဲ့တော့ ဒီဟာကို မလုပ်သင့်ဘူးဆိုပြီးတော့လည်း ကန့်ကွက်တယ်။ သို့သော်လည်းပဲ UK တို့ US တို့ ဆွီဒင်တို့ အဲ့ဒီ့နိုင်ငံတွေက ဦးဆောင်ပြီးတော့မှ ကူဝိတ်တို့ပေါ့ဗျာ သူတို့တွေက ဒီဟာကို အများစုမဲနဲ့ ရသွားတဲ့အခါကျတော့ fact-finding mission ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ Marzuki Darusman က လာပြီးတော့ ပြောတာပေါ့။ အဲ့တော့ ပြောတဲ့အခါကျတော့ နံပတ်တစ်-ခုနက ပြောသလို ဒါက လုပ်ထုံးလုပ်နည်းနဲ့မညီတဲ့အတွက် ကျနော်တို့ ကန့်ကွက်ပြီးပြောတယ်။
နောက်တချက်က ဒီအစီရင်ခံစာဟာ ခိုင်လုံမှု မရှိဘူး။ ကျနော်တို့ အစကတည်းက ဒီဟာကို မယုံကြည်ဘူး။ ကျနော်တို့က သူ့ရဲ့ Mandate ကို လက်မခံတဲ့အတွက်ကြောင့် မြန်မာနိုင်ငံကိုလည်း သွားခွင့်မပေးတဲ့အတွက်ကြောင့် သူတို့က အပြင်ကနေပြီးတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ဟိုဘက်ကို ထွက်ပြေးသွားတဲ့သူတွေ ဘင်္ဂလီတွေရဲ့ ထွက်ဆိုချက်တွေနဲ့ ဒါတွေနဲ့ပဲ တည်ဆောက်ပြီး အမှုကို တည်ဆောက်ထားတာကိုး။ တွေ့ရှိချက်ကို ။ နောက် သူ့ရဲ့ ရိုးသားမှုကိုလည်း ကျနော်တို့က သံသယရှိတယ်။ နှစ်ပတ်လောက် ကြိုပြီးတော့မှ အစီရင်ခံစာကို ကမန်းကတမ်း ထုတ်ပြီးတော့မှ လုံခြုံရေးကောင်စီ အစည်းအဝေးအမှီ သူထုတ်လိုက်တာရှိတယ်။ အဲ့တာမှာ သူ့ရဲ့ မရိုးသားမှုကို ဒီအပေါ်မှာ သံသယရှိတယ်။ ဒါ့အပြင် ရေးထားတဲ့ဟာက တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို စုံစမ်းရမယ်ဆိုတာပဲ ပါတယ်။ ကျန်တဲ့ ARSA တခြားအဖွဲ့အစည်းတွေဟာဆို လုံးဝကို မပါဘူးလေ နဂိုကတည်းက သူ့ရဲ့ Mandate ကိုက တပ်မတော်ကိုပဲ ဦးတည်ပြီး လုပ်ထားတာဖြစ်တဲ့အခါကျတော့ သူ့ရဲ့တွေ့ရှိချက်နဲ့ စုံစမ်းတဲ့ဟာတွေကလည်း တပ်မတော်အပေါ်မှာပဲဖြစ်နေတော့ ဒီအချက်ကို ကျနော်တို့က highlight လုပ်ပြီးပြောတယ်။
ဘာကြောင့်လဲဆိုတော့ နံပတ်တစ်က Mandate မှာကိုက ဘယ်သူက Atrocities ကို ပြစ်မှုကို ကျူးလွန်တဲ့သူဖြစ်တယ်။ ဘယ်သူက အကျူးလွန်ခံခဲ့တဲ့သူဖြစ်တယ်ဆိုတာကိုပဲ တခါတည်း ပါပြီးသား။ ဆိုတော့ သူ့ရဲ့ စုံစမ်းစစ်ဆေးမှုဟာ ဘယ်လိုမှ သမာသမတ်ဖြစ်ပြီးတော့ မျှတတဲ့ စုံစမ်းစစ်ဆေးမှု အပြုသဘောဆောင်တဲ့ စုံစမ်းမှုမဖြစ်နိုင်ဘူးဆိုတာ ကျနော်တို့ ထပ်လောင်းပြီးတော့ ပြောထားတယ်လေ။
မအင်ကြင်းနိုင်။ ။ ဟုတ်ကဲ့ စောစောကပြောသလိုပေါ့နော် ခိုင်မာတဲ့အထောက်အထားတွေ၊ ခိုင်မာတဲ့သက်သေတွေ ပြနိုင်ဖို့တို့ ရဖို့တို့ဆိုတဲ့ အပိုင်းမှာကျတော့ မြန်မာနိုင်ငံကနေပြီးတော့ မြန်မာနိုင်ငံကနေပြီးတော့ ဘယ်လိုပူးပေါင်းဆောင်ရွက်နိုင်သလဲ။ အဲ့ဒီ့လိုအချက်အလက်တွေ ရဖို့ရော ဘယ်လို အကြံပေးနိုင်မလဲရှင့်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်။ ။ မဟုတ်ဘူး။ ကျနေ်ာတို့ အခုစနေပြီလေ လုပ်နေပြီလေ။ ကျနော်တို့က လွတ်လပ်သော အချက်အလက်ရှာဖွေရေး ၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့ထားပြီးပြီလေ။ ကျနေ်ာတို့ သံအမတ်ကြီး Rosario Manalo နဲ့ ခေါင်းဆောင်အဖွဲ့ကနေပြီးတော့ လေးဦးပါတဲ့ အဖွဲ့ ဖွဲ့ထားပြီးပြီပဲ။ သူတို့လုပ်ငန်းလည်း စနေပြီ။ သူတို့ လုပ်ငန်းလည်း စနေပြီ သူတို့ကိုလည်း လုပ်ပိုင်ခွင့်ပေးထားပြီ။ ကျနော်တို့ ပြည်တွင်းမှာ နိုင်ငံတကာဥပဒေအရ ပြစ်မှုတခုကို စုံစမ်းဖို့ ဒီလိုအများနဲ့ပတ်သက်တဲ့ ပြစ်မှုကို စုံစမ်းဖို့ဆိုတာ ပြည်တွင်းမှာ အရင်လုပ်ရမှာလေ။ ပြည်တွင်းမှာ လုပ်နိုင်တဲ့အရည်အချင်းနဲ့ လုပ်နိုင်တဲ့ဆန္ဒရှိဖို့ လိုတယ်။ ကျနော်တို့မှာ လုပ်နိုင်တဲ့ အရည်အချင်းလည်းရှိတယ် ဆန္ဒလည်းရှိတယ်။ ကျနော်တို့က လုပ်လည်းလုပ်နေပြီ ဒါကို သူတို့က စောင့်ရမယ်။
မအင်ကြင်းနိုင်က ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်ကို ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။