လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို အာဏာသိမ်း စစ်ကောင်စီက ပြင်းပြင်းထန်ထန် ဖိနှိပ်နေတာကြောင့် သတင်းသမားတွေရဲ့ အသက် လုံခြုံရေးနဲ့ ဘဝ ရှင်သန် ရပ်တည်ရေးမှာ အခက်အခဲ စိန်ခေါ်မှုတွေ ပို များလာတယ်လို့ လွတ်လပ်တဲ့ သတင်းမီဒီယာအဖွဲ့တွေက ပြောဆိုကြပါတယ်။ စိန်ခေါ်မှုတွေ ဘယ်လိုပဲရှိရှိ ပြည်သူတွေ သတင်းမှန်ရဖို့ ဆက်လက် ကြိုးပမ်းနေတဲ့ အကြောင်းလည်း ပြောဆိုကြပါတယ်။ အာဏာသိမ်းမှု နောက်ပိုင်း လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ရင်ဆိုင်ရတဲ့ အခက်အခဲတွေအကြောင်း မခင်ဖြူထွေးက စုစည်းတင်ပြထားပါတယ်။
၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီဟာ သတင်းသမား ရာနဲ့ချီကို ဖမ်းဆီး အရေးယူတာတွေ လုပ်ခဲ့သလို၊ ဝါဒဖြန့် သတင်းတွေနဲ့ သတင်းမှန်တွေကို အမှောင်ချတာ အပါအဝင် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို နည်းလမ်းစုံနဲ့ ပိတ်ပင် ကန့်သတ်လာခဲ့တယ်လို့ လွတ်လပ်တဲ့ သတင်းမီဒီယာအဖွဲ့တွေက ပြောဆိုကြပါတယ်။ ဒီလို အခြေအနေအောက်မှာ လွတ်လပ်တဲ့ သတင်းမီဒီယာသမားတွေအတွက် စိန်ခေါ်မှုတွေ ပိုများလာတယ်လို့ အာဏာသိမ်းမှုနောက်ပိုင်း ရုပ်သံလိုင်စင် ရုတ်သိမ်းခံရတဲ့ မဇ္ဇျိမ သတင်းဌာန အယ်ဒီတာချုပ်လည်းဖြစ်၊ မဇ္ဇျိမသတင်းဌာနကို တည်ထောင်ခဲ့သူလည်း ဖြစ်တဲ့ ဦးစိုးမြင့်က ဗွီအိုအေကို ပြောပါတယ်။
“၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းတော့ ကျနော်တို့က ဆုံးဖြတ်ချက် ချပါတယ်။ အဲ့ဒါက လွတ်လပ်တဲ့ သတင်းမီဒီယာ လုပ်ငန်းကို ဆက်လုပ်မယ်ပေါ့။ အဲ့ဒီဆုံးဖြတ်ချက်ရဲ့ နောက်ဆက်တွဲ ကတော့ စိန်ခေါ်မှုတွေထဲမှာ အကြီးဆုံးနဲ့ အခုချိန်ထိ စိန်ခေါ်နေတာကတော့ လုံခြုံမှုပေါ့။ လွတ်လပ်တဲ့ သတင်းမီဒီယာ လုပ်ငန်းကို ဆက်လုပ်မယ်ဆိုတဲ့လူတွေရဲ့ ဘဝ လုံခြုံမှု၊ သူတို့ရဲ့ အသက် လုံခြုံမှု။ သူတို့ရဲ့ လုံခြုံမှုတင်မကပါဘူး။ မိသားစုတွေ၊ သူတို့နဲ့ ဆက်စပ်နေတဲ့သူတွေ။ သူတို့တွေဟာလည်း ခုချိန်အထိ အသက် ရော ဘဝရော စိန်ခေါ်မှုတွေ ရှိပါတယ်။ ဒါကတော့ အကြီးဆုံး စိန်ခေါ်မှုပါပဲ။ နောက်ထပ် စိန်ခေါ်မှုကတော့ ကျနော်တို့ရဲ့ လုပ်ငန်း စိန်ခေါ်မှုပေါ့။ အာဏာသိမ်ပြီးတဲ့ နောက်ပိုင်းမှာ နေရာတွေက ပြန့်ကျဲသွားတယ်။ လုပ်ငန်းတွေကို အဆင့်အမျိုးမျိုး လုပ်ရတာတွေ ရှိတယ်။ အဲ့ဒါမျိုးကျတော့ တဘက်မှာလည်း လွတ်လပ်တဲ့ မီဒီယာရဲ့ သတင်းတန်ဖိုး၊ သတင်းအရည်အသွေး ကောင်းအောင် လုပ်ရမယ့် တာဝန် ရှိသလို၊ တဘက်မှာလည်း အဲ့ဒါကို လုပ်ဖို့အတွက် လက်တွေ့မှာ လုပ်ရတဲ့ စိန်ခေါ်မှုပေါ့။ အခုနောက်ပိုင်းမှာ တတိယစိန်ခေါ်မှုကတော့ ငွေရေး ကြေးရေး စိန်ခေါ်မှုပေါ့။ အာဏာသိမ်းပြီး တဲ့နောက်ပိုင်းမှာ လွတ်လပ်တဲ့မီဒီယာ မဇ္ဇျိမ က ကြော်ငြာတို့ ဘာတို့ကနေ ဝင်ငွေတွေ မရှိတော့တဲ့အခါ နိုင်ငံတကာရဲ့ အကူအညီကိုပဲ မှီခိုရပါတယ်။ မှီခိုရတဲ့အခါမှာ အခုနှစ် ဒီနှစ်ပိုင်းမှာ နိုင်ငံတကာရဲ့ အကူအညီတွေက လျှော့ချလာပါတယ်။ အဲ့ဒီအခါ ကျနော်တို့ လုပ်ရတဲ့ လုပ်ငန်းတွေမှာ စိန်ခေါ်မှု ရှိပါတယ်။ အဓိက အဲ့ဒီစိန်ခေါ်မှု သုံးချက် ရှိတာပါခင်ဗျ။”
အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာပဲ မဇ္ဇျိမ ရုပ်သံလိုင်းကို စစ်ကောင်စီက လိုင်စင် ရုတ်သိမ်းခဲ့သလို၊ မဇ္ဇျိမ ရန်ကုန်ရုံးချုပ်ကို စစ်တပ်နဲ့ ရဲ အင်အားသုံးပြီး ပစ္စည်းတွေ သိမ်းယူတာ၊ သတင်းထောက်တွေကို ဖမ်းဆီး နှိပ်စက်တာ၊ ဦးစိုးမြင့်အပါအဝင် ဌာနတာဝန်ရှိသူတွေကို တရားစွဲဆိုတာတွေ လုပ်ခဲ့တာပါ။
အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးခံရတဲ့ သတင်းသမား ရာနဲ့ချီ ရှိပြီး လက်ရှိ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီး ထိန်းသိမ်းခံရတဲ့သူတွေ၊ တရားရင်ဆိုင်နေရသူတွေ အများအပြား ရှိနေဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ သတင်းလုပ်ငန်း လုပ်ကိုင်နေသူတွေကိုသာမက သတင်းဖြေကြားသူတွေကိုပါ ဖမ်းဆီး အရေးယူတာ၊ ခြိမ်းခြောက် အနှောက်အယှက် ပြုတာတွေကြောင့် သတင်း ရယူတဲ့နေရာမှာ အခက်အခဲတွေ ပို များလာစေတယ်လို့ ဒီမိုကရက်တစ် မြန်မာ့အသံ DVB ကို ပူးတွဲ တည်ထောင်သူလည်း ဖြစ်၊ လက်ရှိ အယ်ဒီတာချုပ်နဲ့ အမှုဆောင် ညွှန်ကြားရေးမှူးလည်း ဖြစ်တဲ့ ဦးအေးချမ်းနိုင်ကလည်း ပြောပါတယ်။
“အခက်အခဲ ကတော့ ဒီအာဏာသိမ်းမှုနောက်ပိုင်း လုံခြုံရေးပါပဲ။ ကျနော်တို့ သတင်းထောက်တွေရဲ့ လုံခြုံရေး၊ ဝန်ထမ်းတွေရဲ့ လုံခြုံရေး။ အဲ့ဒါကတော့ အဓိက အကျဆုံးပါပဲ။ နောက်တခု လုံခြုံရေး ကတော့ ကျနော်တို့နဲ့ ဆက်သွယ် သတင်းပေးနေတဲ့သူတွေရဲ့ လုံခြုံရေး အများကြီး သတိထားရပါတယ်။ အဲ့ဒီအပြင် မြန်မာပြည်ထဲမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေပေါ့နော်။ သာမန်ပြည်သူတွေ၊ ကာယကံရှင်တွေ။ သူတို့ရဲ့ လုံခြုံရေးကိုလည်း ကျနော်တို့ သတိထားရပါတယ်။ ကျနော်တို့ DVB မှာ အင်တာဗျူးပါလို့ နောက်ဆက်တွဲ ပြည်တွင်းမှာ ရှိနေတယ်ဆိုရင် ဆက် အဖမ်းခံရတဲ့ဟာမျိုးပေါ့။ အဲ့ဒါတွေက ကျနော်တို့ တော်တော်လေးကို ရုတ်တရက် အာဏာသိမ်းပြီး ပြောင်းလဲသွားတဲ့ အခက်အခဲတွေပေါ့။ ကျန်တာတွေ ကတော့ အများကြီး ရှိပါတယ်။ ကျနော်တို့ ရန်ကုန်မှာ ခိုင်ခိုင်မာမာ တည်ဆောက်ထားတဲ့ ရုံးတွေ၊ ကျနော်တို့ ပြည်တွင်းမှာရှိတဲ့ network တွေ၊ အဆက်အသွယ်တွေ အကုန်လုံးကို ဖျက်ပြီးတော့ ပြည်တွင်းကနေ ပြည်ပကို ထွက်လာရတာပေါ့နော်။ ပြည်ပ ရောက်တဲ့ အခါမှာလည်း အလွယ်တကူတော့ ကျနော်တို့ ဆက်ပြီး ချက်ချင်း မတည်နိုင်တာတော့ မဟုတ်ဘူး။ အချိန် အတိုင်းအတာတခုတော့ ဖြတ်သန်းခဲ့ရတာပေါ့။ ဆိုတော့ ပြောရမယ်ဆိုရင်တော့ အခက်အခဲတွေ ကတော့ အများကြီးပါပဲ။ ဒီအခက်အခဲတွေက ကျနော်တို့ အတွက်တော့ သိပ်တော့ မဆန်းပါဘူး။ အရင်တုန်းကလည်း ကျနော်တို့ ပြည်ပမှာပဲ အခြေချပြီးတော့ လုပ်ခဲ့တာပေါ့နော်။ ဆိုတော့ ဒါက ကျနော်တို့ ခက်ခဲတာတော့ ခက်ခဲတာပေါ့။ ဒီအခက်အခဲတွေက ကျနော်တို့ ကျော်လွှားနိုင်ပါတယ်ခင်ဗျ။”
အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီး နှိပ်စက် အရေးယူ ခံရတဲ့အထဲမှာ တိုင်းရင်းသား သတင်းဌာနတွေက သတင်းထောက်တွေလည်း အများအပြား ပါ ပါတယ်။ လက်ရှိအချိန်မှာလည်း လက်နက်ကိုင် ပဋိပက္ခတွေကြား သတင်းယူနေတဲ့ တိုင်းရင်းသား သတင်းထောက်တွေ အများအပြား ရှိနေပြီး လုံခြုံရေး အာမခံချက် မရှိတဲ့ အခြေအနေအောက်မှာ စွန့်စွန့်စားစား အလုပ်လုပ်နေကြရတယ်လို့ တိုင်းရင်းသတင်းမီဒီယာ ၁၅ ခု စုပေါင်း ဖွဲ့စည်း ထားတဲ့ BNI အဖွဲ့ရဲ့ စီမံညွှန်ကြားရေးမှူး မတင်တင်ညိုက ပြောပါတယ်။
“သတင်းမှန်တွေ၊ ထူးခြားတဲ့သတင်းတွေကို ဖော်ပြနိုင်ဖို့ဆိုရင် ကျမတို့ တိုင်းရင်းသားမီဒီယာတွေက တချို့ဆိုရင် တကယ့် လက်နက်ကိုင် ပဋိပက္ခဖြစ်တဲ့ နေရာတွေကို အလှည့်ကျသွားပြီး သတင်းသွားယူရတာ ရှိတယ်။ အဲ့ဒီအထဲမှာလည်း အမျိုးသမီး သတင်းထောက်တွေ အများကြီး ရှိပါတယ်။ ဒီလိုမျိုး သတင်းသွားယူမှလဲ တိကျမှန်ကန်တဲ့ သတင်းတွေကို တင်ဆက်နိုင်မယ်။ ပြီးတော့မှ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နဲ့အတူ ဖြစ်နေတဲ့ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ အကြောင်းအရာတွေကိုလည်း ပိုမိုပြီးတော့ ပြည့်ပြည့်စုံစုံ ပြောနိုင်မယ်။ ဒါပေမဲ့ အခက်အခဲ တခုက သူတို့အနေနဲ့ စွန့်စားပြီး သွားလုပ်တယ် ဆိုပေမဲ့ လုံခြုံရေးအရ အာမခံချက် ဘာမှမရှိဘူး။ အဖွဲ့အစည်း ကိုယ်တိုင်က မပေးနိုင်သလို BNI ကိုယ်တိုင်ကလည်း ဒီအပေါ်မှာ အမြဲတမ်း ပံ့ပိုးပေးနိုင်ဖို့က အခက်အခဲ ရှိတယ်။ ဒီ့အပြင်ကို တကယ့် ပဋိပက္ခတွေ ကြားမှာ သတင်း သွားယူတဲ့အတွက်ကြောင့်မိုလို့ အခြား လိုအပ်တဲ့ ထောက်ပံ့မှုတွေကိုလည်း ကျမတို့ ပေးနိုင်တဲ့ အနေအထားတွေ မရှိဘူး။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့ ခံယူချက်၊ ယုံကြည်ချက်နဲ့ ဒီသတင်းတွေကို စွန့်စွန့်စားစား ယူနေရတဲ့ အနေအထားကတော့ ရှိနေဆဲပါပဲ။”
စစ်ကောင်စီဟာ တိုင်းရင်းသားဒေသတွေ နဲ့ လက်နက်ကိုင် ပဋိပက္ခဒေသတွေမှာ အင်တာနက် နဲ့ တယ်လီဖုန်း ဆက်သွယ်ရေး ဖြတ်တောက် တာတွေ လုပ်နေတာကြောင့်လည်း သတင်းအချက်အလက် ရယူရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ တိုင်းရင်းသတင်းထောက်တွေက ပြောဆိုကြပါတယ်။ ဒီလို အခက်အခဲတွေ ကြားကပဲ သတင်းမှန်တွေရအောင် တိုင်းရင်းသား သတင်းမီဒီယာတွေက ကြိုးပမ်းနေကြတယ်လို့ မတင်တင်ညိုက ပြောပါတယ်။
“အဓိက ကတော့ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာကတည်းက ခုခံတော်လှန်ရေး အားကောင်းတဲ့နေရာတွေမှာ ဆိုရင် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိနဲ့ကို အင်တာနက် ဖြတ်တာတွေ၊ ဖုန်းလိုင်းတွေကို ဖြတ်တာတွေ လုပ်ပါတယ်။ အထူးသဖြင့် ကရင်နီ၊ ကချင်ပိုင်း တချို့ပါတယ်။ ပြီးတော့ စစ်ကိုင်း၊ ချင်းပေါနော်။ ဒီလို အနေအထားက ပြောမယ်ဆိုရင် သတင်းတွေ စီးဆင်းမှုအတွက်၊ သတင်းမှန်ကန်မှုအတွက်ကို စိစစ်နိုင်ဖို့က အစ အများကြီး အခက်အခဲ ရှိတယ်။ ဆိုတော့ သတင်းတွေ မတင်ပို့နိုင်ရင်လည်း ပြည်သူလူထုက သတင်းနဲ့ အဆက်အသွယ် ပြတ်မယ်။ အဲ့ဒီလိုနေရာတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုမို ခံရနိုင်တယ်။ ဒါကြောင့်မိုလို့ ကျမတို့ တိုင်းရင်းသား သတင်းဌာနတွေက ဒီသတင်းတွေ အဆက်မပြတ်သွားအောင် နည်းပေါင်းစုံ သုံးပြီး စွန့်စွန့်စားစားနဲ့ သတင်းတွေကို ဆက်ပြီး ရေးသား ဖော်ထုတ်နေကြတာ ရှိပါတယ်။”
လွတ်လပ်တဲ့ သတင်းမီဒီယာ အဖွဲ့အစည်းတွေကတော့ ဘယ်လို ဖိနှိပ်မှုတွေနဲ့ အခက်အခဲတွေ ရှိရှိ၊ လွတ်လပ်ပြီး ဘက်လိုက်မှုကင်းတဲ့ သတင်းမှန်တွေ ပြည်သူတွေကြား ရောက်ရှိအောင် ဆက်လက် ကြိုးပမ်းနေမှာဖြစ်တယ်လို့ DVB အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်ကလည်း ပြောပါတယ်။
“ကျနော်တို့ရဲ့ ယုံကြည်ချက်ကတော့ DVB စ ထောင်ကတည်းက ခုဆိုရင် အနှစ် ၃၀ ကျော်သွားပြီ။ ၁၉၉၂ ခုနှစ်ပေါ့။ အဲ့ဒီကတည်းက ချခဲ့တဲ့ ရည်ရွယ်ချက်ကတော့ အခုထက်ထိ မပြောင်းပါဘူး။ လွတ်လပ်တဲ့၊ တရားမျှတတဲ့၊ ဘက်မလိုက်တဲ့ သတင်းတွေကို ထုတ်လွှင့်ဖို။ နောက်တခုက ပြည်တွင်းမှာရှိနေတဲ့ ဘာသာရေး လူမျိုးရေး၊ တိုင်းရင်းသားအရေး၊ မတူကွဲပြားတဲ့လူတွေ ကြားထဲမှာ သင့်သင့်မြတ်မြတ်နဲ့ အားလုံး လေးစားသမှုနဲ့ နေနိုင်ဖို့ ကျနော်တို့ အစီအစဉ်တွေကို ထုတ်လွှင့်ရမယ်။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရဲ့ တကယ့် အနှစ်သာရကို နားလည်နိုင်တဲ့ လူ့အသိုင်းအဝိုင်းတခု ဖြစ်လာအောင် တည်ဆောက်ရမယ် ဆိုတာ။ အဲ့ဒါက ကျနော်တို့ ခုချိန်အထိ ခိုင်ခိုင်မာမာ စွဲကိုင်ထားဆဲ ပါပဲ။ ဆိုတော့ အခုလို အာဏာသိမ်းပြီးတဲ့ကာလမှာ ဒါတွေက ပိုပြီးတော့တောင် အရေးကြီးလာပါတယ်။ အရေးကြီးလာတယ် ဆိုတာက အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်က သတင်းတွေ အမှောင်ချတယ်။ အမှောင်ချရုံတင်မကဘူး။ သူတို့ရဲ့ ဝါဒဖြန့်ချိရေးဟာတွေ ပိုပြီး များလာတယ်။ သတင်းအမှားတွေ ပိုလုပ်လာတယ်။ လူတွေကြားထဲမှာ တယောက်နဲ့တယောက် မယုံသင်္ကာဖြစ်အောင်၊ လူမျိုးစု တစုနဲ့တစုကြား မယုံသင်္ကာဖြစ်အောင်၊ ဘာသာ မတူတဲ့လူတွေ ကြားထဲမှာ မှိုင်းတိုက်တာတွေ ရှိတယ်။ လူမျိုးရေး အစွန်းရောက်တဲ့ဝါဒတွေ ထည့်သွင်းတာတွေ ရှိတယ်။ ဒီလိုအခြေအနေမျိုးမှာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍက ပိုပြီးတော့ အရေးကြီးပါတယ်ခင်ဗျ။”
လွတ်လပ်တဲ့ သတင်းမီဒီယာတွေ အနေနဲ့ မှန်ကန်တဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ထုတ်လွှင့်ပေးနိုင်ဖို့ ကြိုးစားကြရသလို၊ စစ်ကောင်စီက သတင်းအမှောင်ချဖို့ ကြိုးစားနေတဲ့ ခုလိုကာလမှာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍက ပိုပြီး အရေးကြီးလာတယ်လို့ မဇ္ဇျိမ အယ်ဒီတာချုပ် ဦးစိုးမြင့်ကလည်း ပြောပါတယ်။
“အခုနောက်ပိုင်း အင်တာနက် ဖြတ်တောက်တဲ့ဒေသတွေ၊ အင်တာနက်မရှိတဲ့ ဒေသတွေမှာ အင်တာနက် ဖေ့စ်ဘွတ်က မဟုတ်ဘဲ၊ ရေဒီယိုတို့ ရုပ်မြင်သံကြားတို့ကနေ သတင်းတွေ ပိုမို ကြည့်ရှုလို့ရအောင် လုပ်ရတာတွေ ရှိပါတယ်။ ပြီးတော့ သတင်း စီးဆင်းမှု၊ ဖြန့်ဖြူးမှုတင် မကပါဘူး။ သတင်းအချက်အလက်တွေ ရရှိအောင် လုပ်ရပါတယ်။ အဓိက ကတော့ လွတ်လပ်တဲ့ မီဒီယာတွေ အနေနဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့ တပြေးညီပေးနိုင်မှ ပြည်သူတွေ အနေနဲ့ ဘယ်နေရာမှာ ဘာဖြစ်နေတယ် ဆိုတာကို မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်မယ်။ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေက ပိုမိုပြီးမှ ကောင်းမွန်တာမျိုး ဖြစ်တာမိုလို့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍက ပိုပြီးတော့ အရေးကြီးလာတာပါ။”
မြန်မာစစ်တပ်ဟာ အာဏာသိမ်းမှုနောက်ပိုင်း မဇ္ဇျိမနဲ့ DVB သတင်းဌာန အပါအဝင် လွတ်လပ်တဲ့သတင်းဌာန အတော်များများကို ရုပ်သံထုတ်လွှင့်ခွင့် လုပ်ငန်းလိုင်စင် ရုပ်သိမ်းခဲ့သလို၊ သတင်းသမား ၁၀၀ ကျော်ကို ဖမ်းဆီးတာ၊ တရားစွဲဆိုတာတွေ လုပ်ခဲ့ပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေ သိသိသာသာ ဆုတ်ယုတ် ကျဆင်းသွားခဲ့တယ် ဆိုတာကို နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် စောင့်ကြည့် လေ့လာတဲ့ အဖွဲ့တွေကလည်း ထောက်ပြ ပြောဆိုကြပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့မီဒီယာ အခြေအနေဟာ ၁၀ စုနှစ် တစုစာလောက် နောက်ပြန်ဆုတ်သွားခဲ့ပြီး မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းလွတ်လပ်ခွင့် အဆိုးရွားဆုံး ၁၀ နိုင်ငံထဲမှာ ပါဝင်တယ်လို့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် စောင့်ကြည့်ရေး အဖွဲ့တခုဖြစ်တဲ့ နယ်စည်းမထား သတင်းထောက်များအဖွဲ့ RSF က ဒီနှစ်ထဲ နောက်ဆုံး ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Your browser doesn’t support HTML5
Your browser doesn’t support HTML5