မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်း မီဒီယာလွတ်လပ်ခွင့် လုံးဝ ဆုံးရှုံးသွားပြီး မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ အခြေအနေဟာလည်း အဆိုးဆုံးအနေအထားကို ရောက်နေတယ်လို့ သတင်းမီဒီယာသမားတွေက ပြောပါတယ်။ မေလ ၃ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်အဖြစ်နဲ့ မြန်မာနိုင်ငံအတွင်းက သတင်းမီဒီယာ လွတ်လပ်ခွင့် အခြေအနေတွေအကြောင်း ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်စွာပြောဆိုခွင့်နဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့် ဆုံးရှုံးနေတဲ့အပြင် သတင်းထောက်တွေကို ဖမ်းဆီး အရေးယူတာတွေ၊ သတင်းစာတိုက်တွေနဲ့ သတင်းမီဒီယာတွေ အတော်များများ လိုင်စင်သိမ်း၊ ချိတ်ပိတ်တာတွေ လုပ်နေတဲ့အတွက် သီးခြား လွတ်လပ်တဲ့ သတင်းဌာနရယ်လို့ မြန်မာနိုင်ငံမှာ ရပ်တည်ဖို့ အခက်အခဲနဲ့ ရင်ဆိုင်နေကြရပါတယ်။
ဒါကြောင့်လည်း စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံမှာ သတင်းမီဒီယာလွတ်လပ်ခွင့် ဆိတ်သုဉ်းသွားပြီလို့ ရခိုင်ပြည်နယ်အခြေစိုက် နိရဉ္စရာ သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးခိုင်မရတ်ကျော်က ပြောပါတယ်။
"ဒီ မြန်မာစစ်ကောင်စီလက်အောက်မှာတော့လေ၊ သူတို့ အာဏာသိမ်းပြီးတဲ့နောက်ကတည်းက မြန်မာနိုင်ငံမှာ မီဒီယာ လွတ်လပ်ခွင့်တွေဟာ လုံးဝ ဆုံးရှုံးသွားပါတယ်။ အဲဒီ ဆုံးရှုံးသွားတဲ့အပြင် သတင်းမီဒီယာသမားတွေရဲ့ လုံခြုံရေး၊ ရပ်တည်ရေးတွေကလည်း အကြီးအကျယ် ခြိမ်းချောက်ခံနေရပါတယ်။ ပြီးရင် သတင်းသမားတွေကို သူတို့ ထောင်ချတာတို့၊ ဖမ်းဆီးပြီးတော့ နောက်ပိုင်းမှာ သေဆုံးသွားတာတွေလည်း ရှိနေပါတယ်။ အဲဒီတော့ လက်ရှိ မြန်မာနိုင်ငံမှာ နေပြီးတော့ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းက စပြီးတော့ မြန်မာနိုင်ငံမှာ ဒီမီဒီယာ လွတ်လပ်ခွင့်တွေဟာ လုံးဝ ဆုံးရှုံးသွားရတဲ့ အခြေအနေမျိုးကို ရောက်ရှိသွားတယ်လို့ ပြောလို့ရပါတယ်ခင်ဗျ။"
ဦးခိုင်မရတ်ကျော်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က) ၊ ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) တို့နဲ့ တရားစွဲထားတာကြောင့် သူတည်ထောင်ထားတဲ့ နိရဉ္စရာ သတင်းဌာဟာလည်း ပြည်တွင်းမှာ ရပ်တည် ထုတ်ဝေလို့ မရတော့ဘဲ ပြည်ပမှာ တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်အနေအထားဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ခေတ်မှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်မျိုးအဆိုးဆုံး အနေအထားကို ရောက်နေတယ်လို့ မဇ္ဈိမသတင်းဌာနရဲ့ သတင်းခန်းစီမံခန့်ခွဲမှုအယ်ဒီတာ ဦးစိန်ဝင်းက သုံးသပ်ပါတယ်။
"မြန်မာသတင်းမီဒီယာ အခြေအနေကတော့ အဆိုးဆုံး အနေအထားကို ရောက်သွားပါတယ်။ ဒါမျိုးကို အရင်တုန်းက မြန်မာနိုင်ငံရဲ့သမိုင်းမှာ ဂျပန်ခေတ်မှာဘဲ ကြုံရတာပေါ့နော်။ သတင်းစာတွေရှိခဲ့တဲ့ အနေအထားကနေပြီးတော့ ပျက်ယွင်းသွားတာပေါ့။ သတင်းစာနဲ့ပတ်သက်လို့ရှိရင် ဘာမှလုပ်လို့မရတော့တဲ့ အနေအထားပါဘဲ။ အခုလဲ ဒီအတိုင်းပါဘဲ၊ ဒီ စစ်ကောင်စီထိန်းချုပ်ရာဒေသတွေမှာဆိုရင် သတင်းလွတ်လပ်ခွင့်ဆိုတာ လုံးဝ မရှိတော့ဘူး၊ လွတ်လပ်တဲ့ သတင်းစာသမားဆိုတာ မရှိတော့ဘူး၊ သတင်းစာသမားမှန်လို့ရှိရင် မြေလျှိုးပြီးတော့ နေထိုင်ရတယ်။ ပြည်တွင်းမှာ လှုပ်ရှားခွင့်ရတာကတော့ စစ်ကောင်စီကခွင့်ပြုထားတဲ့၊ စစ်ကောင်စီကို မြှောက်ပင့်ပြီးတော့ ဖော်လှန်ဖားနေတဲ့ မီဒီယာတွေဘဲ လုပ်လို့ရတဲ့ အနေအထားမျိုးဘဲ ဖြစ်ပါတယ်။ ကျန်တဲ့သူတွေကတော့ ဘေးလွတ်ရာကို ရှောင်တိမ်းနေရတယ်၊ ဒါမှမဟုတ်ရင် အလုပ်အကိုင်တွေ စွန့်ခွပြီးတော့ ထွက်ပြေးနေရတယ်။ ဒီကြားထဲမှာဘဲ စစ်ကြောရေးတွေ ရောက်တဲ့လူရောက်၊ ထောင်ထဲရောက်တဲ့လူရောက်နဲ့ ရှင်သန် ဖြတ်သန်းနေရတဲ့ အခြေအနေတွေ ဖြစ်ပါတယ်။ "
စစ်အုပ်ချုပ်မှုအောက်ရောက်နေတဲ့ မြန်မာနိုင်ငံအတွင်းမှာ သတင်းထောက်တွေကို ဖမ်းဆီး အရေးယူတာအပြင် အသက်အန္တရာယ်ပါ စိုးရိမ်ရတဲ့အနေအထား ဖြစ်နေတာမို့ သတင်းထောက်အဖြစ် ရပ်တည်လို့ မရတော့တဲ့အခြေအနေ ဖြစ်နေတယ်လို့ ဦးစိန်ဝင်းက ဆက်ပြောပါတယ်။
"သတင်းထောက်ရယ်လို့၊ သတင်းသမားရယ်လို့ လုပ်မယ်ဆိုရင်တော့ မြန်မာပြည်တွင်းမှာ Identify လုပ်ပြီးတော့ ကိုယ့်ကိုကိုယ် သတင်းသမားရယ်လို့ လုပ်လို့မရတော့တဲ့ အနေအထားပါ။ အဲဒါကတော့ ပျက်ဆီးသွားပါတယ်။ ကျန်တဲ့ စစ်ကောင်စီအတွက် ဝါဒဖြန့်လော်ဘီလုပ်ချင်လုပ်၊ ဒါမှမဟုတ်လို့ရှိရင်တော့ တခြားသော သတင်းမဟုတ်တဲ့ လုပ်ငန်းတွေလုပ်ပြီး ရှင်သန်ရပါတယ်။ သတင်းသမားတယောက်အနေနဲ့ ပီပီပြင်ပြင် လုပ်ချင်တယ်ဆိုရင်တော့ သူ့ရဲ့ အာဏာစက်အောက်ကနေပြီးတော့ လွတ်ကင်းတဲ့နေရာ၊ သူထိန်းချုပ်ရာမဟုတ်တဲ့ လွတ်မြောက်နယ်တွေ၊ ဘေးနိုင်ငံတွေမှာ သွားရပါတယ်။ စစ်ကောင်စီကတော့ အဓိကလိုချင်တာက သူက သတင်းတွေကို အမှောင်ချပစ်ချင်တာ။ ဒါမှသာလျင် သူလုပ်ချင်တာ လုပ်လို့ရမယ်။ သူ့ရဲ့ မတော် မတရားမှုတွေ၊ သူထင်တိုင်းကျဲတာတွေ လုပ်လို့ရမယ်။ သတင်းသမားကတော့ အဲဒီဟာတွေကို သွားပြီးတော့ ငြိမ်ခံနေလို့ မရဘူး။ သတင်းသမားရဲ့အလုပ်ကို ဒီလိုမျိုးဟာတွေကို ဖော်ထုတ်ရမယ့် တာဝန်ကြီးတခုအနေနဲ့ ပါလာတာပေါ့နော်။ အဲဒီအခါကျတော့ လွတ်ကင်းရာကို ပြေးရှောင်ပြီးတော့ ဆက်လုပ်နေရတာပေါ့။"
တိုင်းပြည်တခု ဒီမိုကရေစီထွန်းကားရေးအတွက် လွတ်လပ်စွာပြောဆိုခွင့်နဲ့အတူ ဒွန်တွဲပါနေတဲ့ ဒီ သတင်းမီဒီယာ လွတ်လပ်ခွင့်ဟာ မရှိမဖြစ် လိုအပ်တဲ့ အချက်တခုဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီမိုကရေစီစနစ်ရဲ့ အဓိကမဏ္ဍိုင်ကြီး ၃ ခုဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်တို့အပြင် သတင်းမီဒီယာဟာ စတုတ္ထမဏ္ဍိုင်ဖြစ်တယ်လို့ အသိအမှတ်ပြုထားကြတာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း နိုင်ငံတခုရဲ့ ဒီမိုကရေစီအဆင့်အတန်းကို သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ နှိုင်းယှဉ်ကြည့်တတ်ကြတယ်လို့ နိရဉ္စရာ သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးခိုင်မရတ်ကျော်က ပြောပါတယ်။
"ဒီ သတင်းလွတ်လပ်ခွင့်ဆိုတာက ဒီမိုကရေစီရေးနဲ့ ယှဉ်တွဲနေပါတယ်။ နိုင်ငံတခုရဲ့ ဒီမိုကရေစီအဆင့်အတန်းဟာ ဘယ်လောက်ရှိလဲ၊ မရှိဘူးလဲဆိုတာကို သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ တိုင်းတာရတဲ့ အနေအထားမျိုး ရှိပါတယ်။ အဲဒီတော့ ကျနော်တို့နိုင်ငံမှာက ဒီကနေ့ စစ်အုပ်စုက တိုင်းပြည်အာဏာကို သိမ်းထားတော့ သူတို့အောက်မှာကတော့ သတင်းလွတ်လပ်ခွင့်ကတော့ လုံးဝ၊ လုံးဝ မရှိတဲ့အနေအထား ဖြစ်နေပါတယ်။ ဒါကြောင့် ဒီမြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်အောက်မှာတော့ ဒီ သတင်းလွတ်လပ်ခွင့်တွေ၊ မီဒီယာလွတ်လပ်ခွင့်တွေကတော့ ဘယ်လိုနည်းနဲ့မှ ရရှိနိုင်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ကျနော်တို့မြင်တာကတော့ ဒီ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဆိတ်သုဉ်းမှုနဲ့အတူပေါ့လေ၊ ဒီ သတင်းမီဒီယာတွေလည်း နောက်ဆုတ်သွားတဲ့အခြေအနေကနေပြီးတော့ အဆိုးရွားဆုံး အခြေအနေကို ရောက်သွားတယ်လို့ ကျနော်တို့ မြင်ပါတယ်။ ဒါကြောင့် ဒီ မီဒီယာလွတ်လပ်ခွင့်တွေ ရဖို့ဆိုရင်တော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားဖို့လိုပါတယ်။ ဒီမိုကရေစီကို အားပေးတဲ့အစိုးရမျိုး ပေါ်လာဖို့ လိုပါတယ်။ ဒါမှ မီဒီယာတွေ ဖွံ့ဖြိုး တိုးတက်လာမှ ဖြစ်ပါတယ်။ လက်ရှိ စစ်တပ်က အာဏာသိမ်းထားတဲ့အောက်မှာတော့ မီဒီယာတွေ ဘယ်လိုနည်းနဲ့မှ ဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်ပါဘူး။ မီဒီယာ ဖွံ့ဖြိုးတိုးတက်မှု မရှိဘူးဆိုရင် နိုင်ငံတွင်းမှာနေတဲ့လူတွေကလည်း မျက်စိပိတ်၊ နားပိတ် အကုန်လုံး ဖြစ်နေရတဲ့ အနေအထားပါ။ အဲဒီတော့ ကျနော်မြင်တာကတော့ မီဒီယာလွတ်လပ်ခွင့်တွေကတော့ အခု ဒီစစ်အာဏာရှင်အောက်မှာတော့ ဘယ်လိုနည်းနဲ့မှ ကျနော်တို့ ရှင်သန်ခွင့်မရတဲ့အတွက် ဒီမိုကရေစီအစိုးရမျိုး ဖြစ်ပေါ်လာမှဘဲ လွတ်လပ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျနော်တို့က မြန်မာနိုင်ငံမှာရှိတဲ့ မီဒီယာတိုက် တော်တော်များများကလည်း ပိတ်လိုက်ရပြီးတော့ သူတို့က နယ်စပ်တွေကို ရွေ့လာရတာ ရှိတယ်။ ပြီးရင် ကျနော်တို့ တိုင်းရင်းသားမီဒီယာတွေကလည်း ပြည်တွင်းထဲမှာ သတင်းအလုပ်ကို လုပ်ကိုင်လို့မရတဲ့အတွက်၊ ဖိနှိပ်မှုတွေ များနေတဲ့အတွက် သူတို့က အကုန်လုံး နယ်စပ်ဒေသကို ပြောင်းရွေ့ပြီးတော့ အလုပ်လုပ်နေရတာ ဖြစ်ပါတယ်။"
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို ဗုံးကျဲ တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့ လူမှုကွန်ယက်မှာ သဘောထား ရေးသားခဲ့တာကြောင့် တပ်မတော် အကြည်ညိုပျက်အောင် လုပ်ဆောင်မှု ပုဒ်မ ၅၀၅(က) နဲ့ ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့ကဘဲ စစ်ကောင်စီက The Voice သတင်းဌာနရဲ့ အယ်ဒီတာချုပ်ဟောင်း ဦးကျော်မင်းဆွေကို အမှုဖွင့်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း သတင်းသမား ၈ ယောက်ကို စစ်ကောင်စီက ပေါက်ကွဲပစ္စည်းပုဒ်မ၊ အကြမ်းဖက် ပုဒ်မ တွေနဲ့ ထောင်ဒဏ်အနည်းဆုံး ၃ နှစ်ကနေ အများဆုံး ၁၀ နှစ်အထိရှိတဲ့ ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။
သတင်းသမားများကာကွယ်ရေးအဖွဲ့ CPJ က နောက်ဆုံးထုတ်ပြန်ထားတဲ့ စာရင်းတွေအရ လက်ရှိ မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ သတင်းသမား စုစုပေါင်း ၄၂ ယောက်ရှိပြီး ဒါဟာ ကမ္ဘာပေါ်မှာ တတိယအများဆုံး သတင်းသမားတွေကို ဖမ်းဆီး ထောင်ချတဲ့ နိုင်ငံဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ သတင်းသမားတွေကို ရာဇဝတ်သားတွေလို ဆက်ဆံနေတာကို ရပ်တန့်ပြီး ဖမ်းဆီးထားတဲ့သတင်းမားတွေကို ပြန်လွှတ်ပေးဖို့လည်း CPJ အဖွဲ့က တောင်းဆိုထားပါတယ်။
နှစ်စဉ် မေလ ၃ ရက်နေ့ကို ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့အဖြစ် ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးက သတ်မှတ်ထားတာပါ။ သတင်းလွတ်လပ်ခွင့်ကို ခုခံကာကွယ်တဲ့ သတင်းသမားတွေကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ရော၊ သတင်းလွတ်လပ်ခွင့်ကို အစိုးရတွေက အသိအမှတ်ပြုပြီး လေးစား လိုက်နာဖို့၊ အစိုးရတွေအနေနဲ့ ၁၉၄၈ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ ပါ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ကာကွယ်စောင့်ရှောက်စေဖို့အတွက် ရည်ရွယ်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက ၁၉၉၃ ခုနှစ်၊ ဒီဇင်ဘာလမှာ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့အဖြစ် သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို သတ်မှတ်ခဲ့တာ အခု ၂၀၂၃ ခုနှစ်ဆိုရင် နှစ်ပေါင်း ၃၀ ရှိခဲ့ပြီ ဖြစ်ပါတယ်။
ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ကို UNESCO လို့ခေါ်တဲ့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ကြီးက ကမကထပြု ဆောင်ရွက်လေ့ရှိပါတယ်။ အခု ၂၀၂၃ ခုနှစ်အတွက်လည်း UNESCO က ဦးဆောင်ပြီး နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်အပြင် နိုင်ငံတကာက တိုင်းပြည်အသီးသီးမှာ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့နဲ့ဆိုင်တဲ့ အခမ်းအနားတွေ ကျင်းပဖို့ စီစဉ်ထားတာမှာ UNESCO ရဲ့မိတ်ဘက် သတင်းမီဒီယာဌာနတွေ၊ တတ်သိပညာရှင်တွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ပါဝင် တက်ရောက်ကြဖို့ရှိပါတယ်။