သတင်းလွတ်လပ်ခွင့်ကို စစ်ကောင်စီက အပြင်းအထန်ဖိနှိပ်နေပေမယ့် သတင်းသမားမီဒီယာတွေကလည်း စိန်ခေါ်မှုအခက်အခဲတွေကိုကျော်လွှားပြီး မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို အချိန်နဲ့တပြေးညီ သတင်းဝန်ဆောင်မှုပေးနိုင်ခဲ့တယ်လို့ မြန်မာ-အမေရိကန် သတင်းသမား နေသန်မောင်က ဗွီအိုအေကိုပြောပါတယ်။ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်အတွက် ရပ်တည်လှုပ်ရှားမှုတွေဟာ လူမှုအဖွဲ့အစည်းတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိသလဲ။ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။
မေလ (၃) ရက်နေ့ဟာ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်ရဖို့ လှုပ်ရှားမှုဟာ လွန်ခဲ့တဲ့ နှစ်နှစ်ကျော် စစ်အာဏာသိမ်းချိန်မတိုင်ခင် အရင်ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့ မဆလ ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ ကတည်းက စတင်ခဲ့တယ်လို့ မြန်မာ-အမေရိကန် သတင်းသမား နေသန်မောင်က ဆိုပါတယ်။ မဆလ တပါတီစနစ်အောက် လူမှုအဖွဲ့အစည်းတွေရဲ့ လွတ်လပ်ခွင့် ဆုံးရှုံးခဲ့တဲ့ရလာဒ်အဖြစ် သတင်းလွတ်လပ်ခွင့်လည်း ဆုံးရှုံးခဲ့ရကြောင်း သူက အခုလိုပြောပါတယ်။
"Free Press ပေ့ါနော်။ သတင်းလွတ်လပ်ခွင့်၊ သတင်းစာလွတ်လပ်ခွင့်ဆိုတာကတော့ ကျနော်တို့လူ့အဖွဲ့အစည်းရဲ့လွတ်လပ်မှုနဲ့ တိုက်ရိုက်အချိုးကျတယ်လို့ ကျနော်က ယုံကြည်ပါတယ်။ ဥပမာ ကျနော်တို့လူ့အဖွဲ့အစည်းကပေါ့ဗျာ- မြန်မာ့လူ့အဖွဲ့အစည်းက ၁၉၆၂ ခုနှစ်မှာ မြန်မာစစ်တပ်က အာဏာသိမ်းပြီးကတည်းက အခြေခံလွတ်လပ်ခွင့်တွေ အကုန်လုံးဆုံးရှုံးသွားတယ်။ ဆိုတော့ ကျနော်တို့သတင်းစာလွတ်လပ်ခွင့်အတွက် တိုက်ယူခဲ့တဲ့တိုက်ပွဲကြီးက တနှစ် နှစ်နှစ် ဆုံးရှုံးသွားလို့ တိုက်တာမဟုတ်ဘဲနဲ့ သမိုင်းအစဥ်အဆက်က နှစ်ပေါင်းများစွာ ၆၀-၇၀ မှာ လူ့အဖွဲ့အစည်း လွတ်လပ်မှုမရှိတဲ့အခြေခံပေါ်ကနေ ပေါ်ထွက်လာတဲ့ သတင်းလွတ်လပ်မှုဆုံးရှုံးခဲ့ရတဲ့ကိစ္စနဲ့ တဆက်တည်းဖြစ်တာပေါ့နော်။"
ကမာရွတ် သတင်းမီဒီယာရဲ့ အမှုဆောင်ထုတ်လုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့တဲ့ နေသန်မောင်ကို စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် မတ်လမှာ ဖမ်းဆီးခဲ့ပြီးနောက် ဇွန်လမှာ အကျဉ်းထောင်ကလွှတ်ပေးပြီး ပြည်နှင်ဒဏ်ပေးခဲ့တာပါ။ စစ်အာဏာမသိမ်းခင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် ၁၀၀ % အပြည့် မဟုတ်ပေမယ့် အသင့်အတင့်ရရှိခဲ့တဲ့ရလာဒ်အတွေ့အကြုံကို နေသန်မောင်က အခုလို ပြောပြပါတယ်။
"ဒီကနေ့ ကျနော်တို့ရင်ဆိုင်နေရတဲ့ ...နွေဦးတော်လှန်ရေးပေ့ါ။ စစ်တပ်ဆန့်ကျင်ရေး၊ စစ်အာဏာရှင်ဆန့်ကျင်ရေး-နွေဦးတော်လှန်ရေးမှာတော့ ကျနော်တို့ သတင်းမီဒီယာတွေရဲ့ အကျိုးရလဒ် ဘာရလဲဆိုရင် - လွန်ခဲ့တဲ့ဆယ်နှစ်လောက်က အပြောင်းအလဲဖြစ်ခဲ့တယ်ဆိုတဲ့ မြန်မာပြည်ရဲ့သတင်းလွတ်လပ်ခွင့် အခြေအနေတွေကို ပြန်ကြည့်မယ်ဆိုရင် ကောင်းတာတွေရှိသလို ဆိုးတာတွေလည်း ရှိတာပေ့ါ။ ဆိုလိုတာက ကောင်းတဲ့ဘက်က ပြန်ကြည့်ရင်တော့ ဒေသအခြေစိုက် ကွန်မြူနတီ မီဒီယာတွေ အားကောင်းလာတယ်။ ဒေသတွင်းမှာဖြစ်ပျက်နေတဲ့မီဒီယာတွေ အားကောင်းလာတယ်ဆိုတော့ national level မှာဖြစ်တဲ့ မီဒီယာတွေကလည်း ပိုပြီးတော့ investigative တွေ ပိုလုပ်လာတယ်ပေ့ါလေ။ ဒီလိုအကျိုးအမြတ်တွေ အများကြီးကို ကျနော်တို့က တွေ့ရတယ်။"
စစ်ကောင်စီကတော့ မြန်မာနိုင်ငံတွင်းမှာ နိုင်ငံတကာသတင်းဌာနတွေကို လွတ်လွတ်လပ်လပ်သတင်းယူခွင့်ပေးထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သတင်းသမားတွေကို အခုချိန်ထိ စစ်ကောင်စီက ဖမ်းဆီးအရေးယူနေတဲ့ အခြေအနေကို နေသန်မောင်က အခုလို ပြောပါတယ်။
"စစ်တပ်ဘက်ကနေပြီး သတင်းလွတ်လပ်ခွင့်က သူတို့အတွက် ကြီးမားတဲ့အန္တရာယ်ပါ-လို့ ယူဆပြီး အာဏာသိမ်းတဲ့နေ့ကနေ ဒီကနေ့ထိ နောက်ဆုံးပေ့ါနော်- ဒီသတင်း-စာနယ်ဇင်းသမားတွေကို အခုအချိန်ထိ ဖမ်းဆီးထောင်ချတာတွေ မရပ်သေးတဲ့ကိစ္စတွေထိ သူတို့ဆက်လုပ်နေတာ သတင်းစာလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ မီဒီယာသမားတွေရဲ့ရုန်းကန်မှု သူတို့ မရင်ဆိုင်နိုင်ဘူး၊ သူတို့ရှုံးနေတယ်ဆိုတာကို ကျနော်တို့ ရှင်းရှင်းလင်းလင်း မြင်ရပါတယ်။"
စစ်ကောင်စီလက်အောက် နိုင်ငံပိုင်သတင်းမီဒီယာတွေအပေါ် လူထုယုံကြည်မှု အလွန်ကို ကျဆင်းခဲ့ကြောင်း IPI နိုင်ငံတကာ သတင်းမီဒီယာ အင်စတီကျုရဲ့ ဒီနှစ် ဖေဖေါ်ဝါရီလထုတ်အစီရင်ခံစာမှာဖေါ်ပြခဲ့ပြီး အာဏာသိမ်းပြီး နှစ်နှစ်ကျော် ကာလအတွင်း လူထု ယုံကြည်စိတ်ချရမှုအရှိဆုံး ထိပ်တန်းမီဒီယာ (၄) ခုအဖြစ် ဗွီအိုအေ၊ ဘီဘီစီ၊ မဇ္ဈိမ၊ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) စတဲ့ ထိပ်တန်းမီဒီယာ (၄) ခု ဖေါ်ပြထားပါတယ်။ နေသန်မောင်ရဲ့ အမြင်ကတော့-
"အာဏာမသိမ်းခင် ပြည်ပမှာအခြေစိုက်တဲ့ သတင်းမီဒီယာတွေနဲ့ ပြည်တွင်းမှာရှိတဲ့ သတင်းမီဒီယာတွေကြားမှာတော့ နားလည်မှုအကြီးအကျယ်လွဲတဲ့အချက်တွေ အများကြီး နှစ်ပေါင်းများစွာဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ကျနော်တို့ရိုဟင်ဂျာ ကွန်မြူနတီပေါ်ကို genocide ကျူးလွန်တဲ့ မြန်မာစစ်တပ်ရဲ့ကျူးလွန်မှုတွေနဲ့ပတ်သက်ရင် ဗွီအိုအေ အပါအဝင် ကျနော်တို့ တခြား ပြည်ပမှာအခြေစိုက်တဲ့ မီဒီယာကြီးတွေက အမှန်- ပွင့်ပွင့်လင်းလင်း မှန်မှန်ကန်ကန်နဲ့ချဥ်းကပ်ပြီးတင်ပြပေမဲ့ ပြည်တွင်းမှာရှိတဲ့ မီဒီယာအများစုက ဒါကို လက်မခံကြပါဘူး။ အဲဒီတော့ အာဏာသိမ်းလိုက်တဲ့နောက်ပိုင်းမှာ အဲဒီကွာဟချက်ကြီးက ပြောင်းလဲသွားတယ်။ U Turn ပြောင်းသလို ပြောင်းလဲသွားတယ်။ ကျနော်တို့က the same page ပေ့ါနော်၊ မီဒီယာတွေအားလုံးက စစ်တပ်ကကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ရင်၊ စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်ရင်တော့ အခြေခံအချက်တွေအားလုံး ကွဲလွဲမှုမရှိဘဲ အတူတူဖြစ်သွားတယ်ပေ့ါ။"
စစ်ကောင်စီက ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခဲ့တဲ့ ဗွီအိုအေ ပင်တိုင်ဆောင်းပါးရှင် စည်သူအောင်မြင့်ရဲ့ သတင်းလွတ်လပ်ခွင့်အပေါ် ယုံကြည်ချက်၊ ရပ်တည်ချက်နဲ့ ပတ်သက်လို့ သမီးဖြစ်သူက ဗွီအိုအေကို အခုလိုပြောပြပါတယ်။
"အရင် အရပ်သားအစိုးရလက်ထက်တုန်းကဆိုလို့ရှိရင်လည်း အစိုးရကို အစဥ်အမြဲ ဝေဖန်ထောက်ပြတဲ့ လက်ချိုးရေလို့ရတဲ့ သတင်းစာဆရာများထဲက တယောက်လည်း ဖြစ်တာပေ့ါနော်၊ ပြီးတော့မှ ငြိမ်းချမ်းရေးဖြစ်စဥ်နဲ့ တိုင်းရင်းသားအရေးမှာဆိုရင်လည်း လက်တွေ့ကျတဲ့ ဝေဖန်ထောက်ပြမှုတွေ အများဆုံးလုပ်ခဲ့တဲ့ သတင်းစာဆရာတဦးလို့ ပြောရင်လည်း မမှားဘူးပေ့ါ။ သူက သူ့သတင်းသမားအလုပ်ကို တစိုက်မတ်မတ်လုပ်ခဲ့တာ ဆယ်စုနှစ် နှစ်စုနီးပါးတောင် ရှိနေပြီ။ စစ်အာဏာသိမ်းပြီးတော့မှ ဒီစစ်တပ်ကိုဝေဖန်ရေး ဆောင်းပါးတွေရေးခဲ့တာလည်း မဟုတ်ဘူး။ သတင်းသမားတွေ အရင်လုပ်နေကျအလုပ်ကို အရင်အစိုးရလက်ထက်က လုပ်ခဲ့တာဖြစ်တယ်။"
မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် အနာဂတ်မျှော်လင့်ချက် မေးခွန်းအပေါ် နေသန်မောင်ရဲ့ အမြင်ကတော့-
"အနာဂတ်အတွက် ကျနော့်တယောတည်းအနေနဲ့ကတော့ အနာဂတ်အတွက်ကို အင်မတန် အကောင်းမြင်ပါတယ်။ ဆိုလိုတာက ကျနော်တို့ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဋက ပြီးခဲ့တဲ့ဆယ်နှစ်မှာလည်း ကန့်သတ်ခံရတယ်။ ထိန်းချုပ်ခံရတယ်။ လွတ်လပ်ပါတယ်ဆိုတဲ့ ဒီမိုကရေစီ အရပ်သားအစိုးရ၊ အရပ်သားတပိုင်းအစိုးရလက်ထက်မှာလည်း ကျနောတို့ နည်းမျိုးစုံနဲ့ ကန့်သတ်ခံခဲ့ရတယ်။ နောက်ဆုံးတော့လည်း ကျနော်တို့က ကိုယ့်တိုက်ပွဲကိုယ်တိုက်ရတာပဲ။
အခု နှစ်နှစ်ဖြတ်သန်းခဲ့တဲ့ နွေဦးတော်လှန်ရေးမှာ ကြည့်လိုက်ရင်တော့ သတင်းမီဒီယာသမားတွေ ကျနော်တို့ အားလုံးသိကြတဲ့ သတင်းမီဒီယာသမားတွေပဲ ခေါင်းစဥ်အမျိုးမျိုး၊ နာမည်အမျိုးမျိုး၊ ဌာနအမျိုးမျိုးထူထောင်ပြီးတော့ကို လူထုအတွက် ရပ်တည်ပါတယ်။ ကျနော်တို့အနာဂတ်အတွက် ပြန်ကြည့်ရင်တော့ ကျနော်တို့က ယိုယွင်းပျက်စီးနေတဲ့၊ ဘယ်လိုမှပြင်ဆင်လို့မရတဲ့ industry အဟောင်းကြီးကို ဖက်တွယ်မထားနဲ့တော့၊ ကျနော်တို့ industry အသစ်ကို တည်ဆောက်ရမယ်။
နောင် ဒီ နွေဦးတော်လှန်ရေး ပြီးဆုံးသွားတဲ့အခါ မြေပြင်ပေါ်မှာ လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်း မှန်မှန်ကန်ကန် ရှင်သန်နိုင်ဖို့အတွက် ရေခံ မြေခံတွေအားလုံးကို ဖန်တီးဖို့လိုတယ်။ ဘယ်လို ဖန်တီးကြမလဲဆိုတာလည်း ကျနော်တို့က national debate လိုတယ်။ နိုင်ငံရေးမှာလည်း debate လိုသလို ဖက်ဒရယ်အတွက် debate လိုတယ်၊ မီဒီယာလွတ်လပ်ခွင့်လည်း debate လိုတယ်။ အဲဒီ debate တွေကပဲ ကျနော်တို့ရဲ့ အနာဂတ်ကို ပြဌာန်းသွားမယ်လို့ ကျနော်ကတော့ ယုံကြည်ပါတယ်။"
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေအရ စစ်ကောင်စီဟာ သတင်းသမားတွေကို မတရားဖမ်းဆီး နှိပ်စက်၊ ခြိမ်းခြောက်ခဲ့သလို ဆိုရှယ်မီဒီယာနဲ့ အင်တာနက်အသုံးပြုခွင့်ကိုလည်း ကန့်သတ်ပိတ်ပင်ခဲ့ပါတယ်။ ပြင်သစ်အခြေစိုက် RSF နည်စည်းမခြားသတင်းထောက်များအဖွဲ့ရဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွန်းကိန်းအရ နိုင်ငံပေါင်း ၁၈၀ မှာ မြန်မာနိုင်ငံအဆင့်ဟာ ၁၇၆ မှာရှိနေပြီး အောက်ဆုံးနီးပါးအဆင့်ကို ရောက်နေပါတယ်ရှင်။