ထိုင်းနယ်စပ်တင်းကြပ်လို့ စားသောက်ကုန်နဲ့ဆေးဝါးပြတ်လပ်

KNLA ကရင်လက်နက်ကိုင်တပ်ဖွဲ့က ထိုင်းကုန်တင်ကားတွေကိုရပ်တန့်စေပြီး ထိုင်းရဲတပ်ဖွဲ့တွေက မြန်မာအလုပ်သမားတွေကိုဖမ်းပြီး လာဘ်ယူနေတာတွေနဲ့ အပေးအယူလုပ်ညှိနှိုင်းနေစဥ်တဲ့ယခင်မှတ်တမ်းဓာတ်ပုံ( စက်တင်ဘာ ၁၃၊ ၂၀၁၄/ Photo by Karen National Media)

ထိုင်းနယ်စပ်ကလာတဲ့ လူသုံးကုန်၊ စားသောက်ကုန်တွေကို စစ်ဆေးရေးဂိတ်တွေမှာ ဆက်တိုက် စစ်ဆေး၊ ဖမ်းဆီးနေတဲ့အတွက် စားသောက်ကုန်၊ ဆေးဝါးနဲ့ယာဉ်အပိုပစ္စည်းတွေပြတ်လပ်ပြီး စျေးတက်နေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

နယ်စပ်ကုန်ပစ္စည်းမှန်သမျှကို တရားမဝင်ကုန်ပစ္စည်းလို့သတ်မှတ်ပြီး ဖမ်းဆီးနေတဲ့အတွက် ပြည်တွင်း မှာ အရေးပေါ်လိုအပ်နေတဲ့ ဆေးဝါး၊ စားသောက်ကုန်နဲ့ ယာဉ်အပိုပစ္စည်းပြတ်လပ်မှုတွေ ကြုံနေရတယ်လို့ လုပ်ငန်းရှင်တချို့က ဗွီအိုအေကို ပြောပါတယ်။ ဒီရက်ပိုင်းထဲမှာတော့ ကြီးကြီးမားမား လူသုံးကုန်နဲ့ လျှပ်စစ်ပစ္စည်းတွေကလွဲလို့ စားသောက်ကုန်တချို့ကိုတော့ ပြန်ပြီး တင်သွင်းခွင့် ပေးထားတယ်လို့လည်း တချို့က ပြောပါတယ်။ ရန်ကုန်လာတဲ့လမ်းမှာ ဂိတ်အဆင့်ဆင့်က စစ်ဆေးမေးမြန်းပြီး ခွင့်ပြုချက်ရထားပြီးတဲ့ပစ္စည်းတွေကိုပဲ ဖြတ်သန်းခွင့်ပေးကြောင်း ကုန်သည်တဦးက ပြောပါတယ်။

"လက်ရှိမှာ အချိုမှုန့်တို့ဘာတို့ မတင်ကြဘူး။ တခြားပစ္စည်းက အကုန်လုံးတင်ကြတယ်။ ဆိုင်ကယ်တို့ ဘာတို့တော့ နည်းနည်း ရှော့ရှိတာပေါ့။ လက်ရှိက ကားလေးနဲ့သွားလာရတာဆိုတော့ ကန့်သတ်မှုတော့ ရှိတာပေါ့။ ဖုန်းတွေဘာတွေက သူက တန်ဖိုးနဲ့ဖြတ်ယူတာပေါ့။ သိန်း ၂၀ တန်ဆိုရင် တန်ဆာခက အနိမ့်ဆုံး မတောင်းဘူးဆိုရင် တသိန်းခွဲ၊ အဲလိုမျိုးတွေတောင်းတာ။ ပြောရမယ်ဆိုရင် ပိုက်ဆံပေးပြီး ဖြတ်ရ လာရတာဆိုရင် အဆင်ပြေတယ်ပေါ့။ ပစ္စည်းတန်ဆာကတော့ ရန်ကုန်ကလည်းတင်တယ်၊ မြဝတီကလည်း တင်တယ်။ စစ်တာကတော့ အဖွဲ့အစည်းက သာမညတောင်ခြေဆိုရင် ကော့ကရိတ် စစ်ဆေးရေးဂိတ်ရှိမယ်၊ မုပ္ပလင်ရှိမယ်၊ ဘီးလင်းရှိမယ်။ အကြီးမားဆုံးကတော့ အဲဒီ ကော့ကရိတ်ပဲ။"

နယ်စပ်ကနေ ကုန်ပစ္စည်းတွေမသွင်းရဲတဲ့အတွက် လက်ကျန်ပစ္စည်းတွေ စျေးအဆမတန် တက်နေပါတယ်။ နိုင်ငံခြားငွေရှားပါးလာတာကို အကြောင်းပြုပြီး နယ်စပ်သွင်းကုန်လိုင်စင်ကို စစ်ကောင်စီက ချမပေးတဲ့အတွက် မှောင်ခိုပဲတင်သွင်းနေရကြောင်း ယာဉ်အပိုပစ္စည်းရောင်းချတဲ့ လုပ်ငန်းရှင်တချို့က ပြောပါတယ်။ နယ်စပ်သွင်းကုန်လိုင်စင်တွေကို ဌာနဆိုင်ရာက မချပေးတာ အတော်ကြာပြီလို့ ကုန်သွယ်ရေးဦးစီးဌာနက တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

"သွင်းကုန်လိုင်စင်က မလွယ်ဘူးရှင့်။ ပို့ကုန်နဲ့ အိတ်စပို့ earning နဲ့မှ ရနိုင်ခြေက ရှိသေးတယ်ပေါ့။ အဲဒါတောင် ရနိုင်ခြေက ၁၀၀ (percent) လို့ ပြောလို့မရသေးဘူး။ အကုန်လုံးရပ်နေတာလို ဖြစ်နေတာ။ တင်တဲ့သူတွေလည်း လုပ်တော့လုပ်ကြည့်တယ်ပေါ့။ မရနိုင်တာတွေတော့ များတယ်ပေါ့၊ အများစုပေါ့။ သွင်းကုန်ပေါ့ အဓိကတော့။ မပေးဘူးလို့လည်း မပြောဘူးပေါ့။ ဒါပေမဲ့ ရပ်နေတာလို ဖြစ်နေတာပေါ့။"

မြန်မာပြည်တွင်း တရားမဝင်ကုန်သွယ်မှုတန်ဖိုးဟာ ၂၀၂၁ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ကျော်ရှိတယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ပြည်တွင်းသတင်းစာတချို့က တနင်္လာနေ့မှာ ဖော်ပြ ထားပါတယ်။ တရားမဝင်ကုန်သွယ်တာမှာ မှောင်ခိုကုန်သွယ်တာ၊ ပစ္စည်းအတုလုပ်ပြီးသွင်းတာ၊ တရားဝင်ကုန်သွယ်ရေးနဲ့ အပြိုင်လုပ်တာ၊ သွင်းကုန်ကျသင့်ငွေရဲ့ တန်ဖိုးအောက်ကို ဖော်ပြပြီး ကုန်သွယ်တာတွေပါဝင်တယ်လို့ အောက်တိုဘာလ ၂၈ ရက်ကထုတ်တဲ့ ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။ အီလက်ထရောနစ် ပစ္စည်း၊ စက်ယန္တရား၊ အဝတ်အထည်တွေကို တရားမဝင် မတင်သွင်းဖို့ အဓိက ကန့်သတ်ထားတယ်လို့လည်း ဒီသတင်းစာမှာ ဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

ထိုင်းနယ်စပ်တင်းကြပ်လို့ စားသောက်ကုန်နဲ့ဆေးဝါးပြတ်လပ်