သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနှစ်နီးပါး ပိတ်ထားတဲ့ အာရှလမ်းမကြီး ပြန်ဖွင့်နိုင်ပါ့မလား


အာရှလမ်းမကြီး
အာရှလမ်းမကြီး

ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်ပြီးဖွင့်ထားတဲ့ ကော့ကရိတ်မြဝတီအာရှလမ်းပြန်ဖွင့်နိုင်ရေးအတွက် စစ်ကောင်စီဘက်က ကြိုးစားနေသလို ကရင်လက်နက်ကိုင်အဖွဲ့တွေ ကြားမှာလည်း အာရှလမ်းပြန်ဖွင့်ရေးမဖွင့်ရေး ကိစ္စအပေါ် ကွဲလွဲမှုတွေရှိနေတယ်လို့ စစ်ရေးသုံးသပ်သူတွေက ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာရဲ့ သတင်းပေးပို့ချက် ဖြစ်ပါတယ်။


ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် ကော့ကရိတ်မြဝတီ အာရှလမ်းမကြီးဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစပြီး အရပ်သား ခရီးသွားတွေကိုပါ သွားလာခွင့်မပြုပဲ ပိတ်ထားခဲ့တာပါ။ စစ်ကောင်စီနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်တို့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေ ပြန်ဖြစ်လာသလို စစ်ရေးအရကော ကုန်သွယ်ရေးအရပါ အရေးပါတဲ့ အာရှလမ်းကိုလည်း KNU ဘက်က ပိတ်ပင်ထားပါ။

အခုအခါမှာ ဒီအာရှလမ်းပြန်ဖွင့်နိုင်ရေးအတွက် ကရင်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ KNU ငြိမ်းချမ်းရေးကောင်စီ DKBA BGF စတဲ့ အဖွဲ့တွေကြား ဆွေးနွေးမှုတချို့ ရှိတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ဒီအခြေအနေပေါ်မှာ ကေအန်ယူနဲ့အတူ တိုက်ပွဲဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိတဦးက VOA ကို အခုလို ပြောပြပါတယ်။

" တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အချင်းချင်း ဆွေးနွေးတာက စစ်ရေးအရ ဆွေးနွေးတယ်လို့ပြောတာပဲ နောက်ဆုံးမှာတော့ ဒီ အာရှလမ်းဖွင့်ဖို့ကိစ္စတွေ ဆွေးနွေးကြတယ်လို့ ကြားတယ်၊ လမ်းနဲ့ပတ်သက်လို့ ကေအန်ယူကထုတ်ပြန်တာ မကြားသေးဘူး၊ ဒီကြားထဲ ကော့ကရိတ်မြဝတီမှာက သန်းခေါင်းစာရင်း ကိစ္စတွေလည်း ရှိတယ်ရွေးကောက်ပွဲ ကိစ္စတွေလည်းရှိတယ်၊ စစ်ကောင်စီက ဒီလမ်းကို ဖွင့်နိုင်ဖို့က အသည်းအသန် ကြိုးစားနေကြတယ်၊ စစ်ကောင်စီဘက်က နယ်စပ်ထွက်ပေါက်က ဒီလမ်းပဲရှိတယ်၊ နယ်စပ်ကုန်သွယ်ရေးတွေက ပိတ်ဆို့ခံထားရ ေတာ့ ဒီလမ်းကို ဖွင့်ဖို့အတွက်က ကရင်ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်ဖိုတော့ ကြိုးစားနေတယ်၊ သူတို့အနေနဲ့ အရမ်းကို အထိနာတာပေါ့ သူတို့အတွက် ကုန်သွယ်ရေးဇုန်က ရမယ့်ငွေတွေ အများကြီးလျော့ကုန်တယ်၊ ဘာမှလည်းမရှိဘူးပေါ့ သူတို့က စစ်လက်နက်ပစ္စည်းနဲ့ လောင်စာဆီတွေ သယ်ယူဖို့က အခက်အခဲတွေ အများကြီးဖြစ်သွားတယ်လေ။ "

အာရှလမ်း မဖွင့်ထားဘူး ဆိုပေမယ့် ကရင်လက်နက်ကိုင်အဖွဲ့နဲ့ နီးစပ်တဲ့ ကားငယ်တချို့ကတော့ ဖြတ်သွားဖြတ်လာ သွားလာနေတာတွေ ရှိနေတာပါ။ အာရှလမ်း ပိတ်ထားတဲ့အတွက် လမ်းဟောင်းကနေ သွားလာတာတွေ ကုန်တွေသယ်ယူပို့ဆောင်တာတွေတော့ ဆက်လုပ်နေတယ်လို့ ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီတခုရဲ့ တာဝန်ရှိသူတဦးကလည်း ပြောပြပါတယ်။

" ဂိတ်ကြေးကတော့ ၇ ထောင်လောက်ရှိတယ် ဂိတ်တွေကို တထောင် တထောင်နဲ့ ပေးသွားရတယ်။ ၇ ထောင် ၈ ထောင်လောက်ရှိတယ်။ တချို့ကတော့ ကားပေါ်မူတည်ပြီး ၉ ထောင် ၁ သောင်းလောက်ထိ ပေးသွားရတယ်၊ အာရှလမ်း မဖွင့်ပေမယ့် နှေးတာပဲရှိတယ် သွားတော့သွားနေကြတယ် အဆင်းကတော့ အတော်ကြာတယ် အာရှလမ်း မဖွင့်တော့ ဒီဘက်က ကုန်အဆင်းတွေက ကြာတယ်။ "

စစ်ကောင်စီနဲ့အတူ ကရင်လက်နက်ကိုင်အဖွဲ့တွေထဲက ၃ ဖွဲ့ကတော့ အာရှလမ်းဖွင့်ရေးကို လိုလားတဲ့ အခြေအနေရှိနေကြောင်း KNU တပ်မဟာတွေကတော့ သဘောထား ကွဲလွဲမှုတွေ ရှိနေတယ်လို့ နယ်စပ်စစ်ရေး တာဝန်ရှိသူတဦးက ပြောပါတယ်။

" PC ငြိမ်းချမ်းရေးကောင်စီရှိတယ် BGF နယ်ခြားစောင့်တပ်ရှိတယ် DKBA ရှိတယ်... သူတို့ ၃ ဖွဲ့ကတော့ သဘောတူညီမှု ရကောင်းရသွားလိမ့်မယ်၊ KNU အနေအထားတွေက အမျိုးမျိုးကွဲပြားနေတယ် တပ်မှူးတပ်ဗိုလ်တွေက အမျိုးမျိုးကွဲပြားနေတယ် တပ်မဟာ ၇ က ဖွင့်ချင်တယ်၊ တပ်မဟာ ၆ က တချို့တော့ ဖွင့်ချင်တယ်။ တချို့ကတော့ မဖွင့်ချင်ဘူး၊ ဗဟိုသဘောထားကတော့ မဖွင့်ဘူးလို့ ထုတ်ပြန်ထားတယ်၊ စစ်ရေးအရ အနိုင်ယူဖို့ မကြိုးစားဘူးဆိုရင်တော့ဒီလမ်းကတော့ ဖွင့်ဖြစ်လိမ့်မယ့် ဒီလမ်းကတေ ာ့စစ်ရေးအရတော့ အရေးပါတဲ့လမ်းဖြစ်တယ်။ "

စစ်ကောင်စီ ကရင်ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦးနဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးတို့ဟာ စက်တင်ဘာ ၉ ရက်နေ့မှာ ဖားအံစစ်ကောင်စီရုံးမှာ တွေဆုံခဲ့ပြီး နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ကုန်သွယ်ရေးအတွက် အဓိက အရေးကြီးတဲ့ အာရှလမ်း ပြန်ဖွင့်ရေးကိစ္စတွေလည်း ဆွေးနွေးခဲ့ကြတယ်လို့ နယ်စပ်ကုန်သွယ်ရေး သတင်းရင်းမြစ်တွေက ဆိုပါတယ်။ စစ်ကောင်စီဘက်က နယ်စပ်ကို ထိမ်းချုပ်နိုင်တဲ့ မြဝတီခရိုင်ထဲက စစ်ဗျူဟာတချို့ လက်လွှတ်ဆုံးရှုံး ခဲ့ရတဲ့အတွက်လည်း အာရှလမ်း ပြန်လည်ထိမ်းချုပ်နိုင်ရေးအတွက် အခက်အခဲတွေ ဖြစ်နေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG