မန္တလေးတိုင်း၊ မတ္တရာမြို့ အနောက်ခြမ်းမှာရှိတဲ့ ကျေးရွာ ၁၀ ရွာကို စစ်တပ်က မတ်လ ၁၃ ရက်ကနေ ၁၆ ရက် အထိ ၄ ရက်အတွင်းမှာ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံ ၇ ဦးလည်း သတ်ဖြတ်ခံရတယ်လု့ိ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေကြောင့် မတ္တရာမြို့နယ်အတွင်းက ဧရာဝတီမြစ်ကမ်း နဘေးမှာရှိတဲ့ ကျေးရွာတွေ အားလုံးနီးပါး စစ်ဘေးရှောင်နေကြရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။ ဒီအကြောင်းသတင်းပေးပို့ချက်ကိုအခြေခံပြီး မစုမြတ်မွန်က ပြောပြပါမယ်။
မတ္တရာမြို့ အနောက်ခြမ်းမှာရှိတဲ့ မြွေကြည်ကုန်းရွာ၊ မြွေကတို့ဆိပ်ရွာ၊ မြွေပုသိမ်ရွာ၊ မြွေရွှေခဲရွာတွေဘက်ကို စစ်ကောင်စီတပ်တွေ မတ်လ ၁၃ ရက်နေ့ထဲက ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ခဲ့ပါတယ်။ နေအိမ် ၃၀ ကျော်မီးလောင်ခဲ့တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ စစ်တပ်စစ်ကြောင်းတွေဟာ မတ်လ ၁၆ ရက်နေ့မှာတော့ နောက်ထပ်ရွာ ၃ ရွာထဲ ဝင်ရောက်မီးရှို့ခဲ့ပါတယ်။ ခုချိန်ထိတော့ အတိအကျ ဘယ်လောက်မီးလောင်ခဲ့သလဲဆိုတာ အတိအကျတော့ မသိရသေးဘူးလို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဗွီအိုအေကို ခုလိုပြောပြပါတယ်။
“မတ္တရာမြို့နယ်က အခုမှာစပြီး မီးစရှို့ခံရတဲ့နယ်မြေ။ မတ်လ ၁၃ ရက်နေ့က မတ္တရာမြို့နယ် အနောက်ခြမ်းကို စစ်ကြောင်းထိုးလာပြီးတော့ မြွေကြည်ကုန်းရွာက အိမ် ၅ လုံးခန့်၊ မြွေကတို့ဆိပ်ရွာက အိမ်ခြေ ၉ လုံးခန့်၊ မြွေပုသိမ်ရွာကလည်း အိမ်ခြေ ၇ လုံးခန့်ပေါ့နော်။ မြွေရွှေခဲရွာကလည်း အိမ်ခြေ အလုံး ၃၀ ခန့် မီးရှို့ခံရပြီးတော့၊ မတ်လ ၁၆ ရက်နေ့မှာလည်း စဉ့်ကူးမြို့နယ် သဲအင်းကျေးရွာက ထွက်လာတဲ့စစ်ကြောင်းက နေ့လယ် ၁ နာရီလောက်မှာ မြွေရေယာဉ်ရွာနဲ့ မြွေခလားရွာကို အိမ်တွေကိုဖျက်ဆီးတယ်၊ မီးထပ်ရှို့တယ်ဗျ။ အိမ်ခြေအလောင်စာရင်းတော့ ကျွန်တော်တို့ မသိရသေးဘူး။ မီးကတော့ တော်တော်ရှို့ခံရတယ်။ အဲ့ဒီစစ်ကြောင်းက ထပ်ထွက်သွားပြီးတော့ မတ္တရာမြို့နယ်က အင်အား ၇၀၊ ၈၀ လောက်နဲ့ နောက်ထပ် ထိန်ပင်ဇောင့်ရွာဖက်က ထွက်လာပြီးတော့ မြွေတလိုင်းရွာကို မီးထပ်ရှို့တယ်။ အဲ့ မီးရှို့တာက မတ်လ ၁၆ ရက် ညအထိကို လောင်တာဗျ”
မတ္တရာမြို့ကနေ အင်အား ၂၀၀ ဝန်းကျင်လောက်နဲ့ မတ်လ ၁၅ ရက်နေ့က ထွက်လာတဲ့ စစ်ကြောင်းတစ်ကြောင်းဟာ မတ္တရာ အနောက်ခြမ်းက ပိုဝမြောက်ရွာနဲ့ စိန်ပန်းကုန်းကျေးရွာတို့ကို မီးရှို့ခဲ့တယ်လို့ ပြောပါတယ်။ စိန်ပန်းကုန်းကျေးရွာက မီးလောင်နေတဲ့ အိမ်အပျက်အစီးတွေထဲမှာ မီးလောင်သေဆုံးနေတဲ့ အမျိုးသား အလောင်းတလောင်းကို တွေ့ရတယ်လို့ ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ မတ္တရာမြို့နယ် တောင်ဘက်ခြမ်းက ဒေါင်းကျွန်းကျေးရွာလည်း မီးရှို့ခံခဲ့ရပါတယ်။
စစ်တပ်ဟာ ၄ ရက်အတွင်း မတ္တရာမြို့နယ်ထဲက ကျေးရွာ ၁၀ ရွာလောက်ကို မီးရှို့ခဲ့တာဖြစ်ပါတယ်။ အဲဒီရွာတွေက ဒေသခံ ၇ ယောက်ထက်မနည်း သတ်ဖြတ်ခံထားရတာ တွေ့တယ်လို့လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။
“မတ်လ ၁၃ ရက်နေ့က ၄ ရွာ၊ မတ်လ ၁၆ ရက်နေ့က ၃ ရွာ(ပေါင်း) ၇ရွာ၊ မတ်လ ၁၅ ရက်နေ့က ၂ ရွာ၊ အဲ့တော့ ၉ ရွာ၊ ပြီးတော့ အောက်ပိုင်းမှာ ဒေါင်းကျွန်းရွာ တရွာ ဆိုတော့ စုစုပေါင်း ၁၀ ရွာ ကျတယ်ဗျ။ မြွေကြည်ကုန်းရွာက ပြည်သူ ၃ ဦး၊ သစ်တောရုံးနားလေးမှာ ၂ ယောက်၊ မြွေကတို့ဆိပ်က ၁ ယောက်၊ မြွေရွှေခဲက ၁ ယောက် စုစုပေါင်း ၇ ယောက် သတ်ခံရတာဗျ။ ဖမ်းဆီးတာတွေလည်းရှိတယ်။ ရှိတာက ပြည်သူ ၁၄၊ ၁၅ လောက် ဖမ်းတာရှိတယ်။ ဒါပေမယ့် ပြန်လွှတ်ပေးတာလည်းရှိသလို ပြန်မလွှတ်ပေးတာတွေလည်းရှိတယ်။”
မီးရှို့ခံရမှု သတ်ဖြတ်ခံရမှုအရေအတွက် အတိအကျကိုတော့ ဗွီအိုအေက သီးခြားအတည်ပြုလို့ မရသေးပါဘူး။ မတ္တရာမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကြောင်းထိုး နယ်မြေရှင်းနေတာကြောင့် မတ္တရာမြို့နယ် အနောက်ခြမ်း ဧရာဝတီမြစ်ကမ်းနဘေးက ကျေးရွာတွေအားလုံး စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ မတ္တရာမြို့နယ် အနောက်ခြမ်း ကျေးရွာတွေကနေ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်နေကြတာတွေရှိသလို ဝက်လက်နယ် လှတောရွာဖက်မှာလည်း ဒီရက်ပိုင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းအတွင်းမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည် အရေအတွက် တနေ့ထက်တနေ့ ပိုပြီးတိုးလာနေပါတယ်။ ပြည်သူ့ ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲပါတယ်။ စစ်ကိုင်းတိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ကျေးရွာတွေရှိသလို၊ စစ်ကောင်စီကိုလိုလားတဲ့ ကျေးရွာတချို့လည်းရှိနေပြီး အဲဒီကျေးရွာတွေကို စစ်ကောင်စီက ပြည်သူ့စစ်အဖြစ် လက်နက်တပ်ဆင်ပေးတာတွေလည်း ရှိနေပါတယ်။
Your browser doesn’t support HTML5