ဆည်ကြီးတွေတည်ဆောက်တာဟာ မြေပြင်ကိုဝန်ပိစေပြီး ငလျင်လို မြေထုလှုပ်ရှားမှုတွေဖြစ်စေတယ်လို့ ဘူမိနည်းပညာ အင်ဂျင်နီယာ ဒေါက်တာချစ်ကိုကိုက ပြောပါတယ်။ ဘယ်လိုဆက်နွယ်နေတာပါလဲ။ မြန်မာနိုင်ငံမှာ တည်ဆောက်ဖို့ စဉ်းစားနေတဲ့ မြစ်ဆုံဒေသကဆည်တွေအတွက်ရော အန္တရာယ်ရှိပါသလား။ ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
မေး။ ။ ဆည်ကြီးတွေတည်ဆောက်တာနဲ့ မြေထုလှုပ်ရှားတာကို ဆက်စပ်ပြီး ရှင်းပြပေးပါ။
ဒေါက်တာချစ်ကိုကို။ ။ ဆည်တွေတည်ဆောက်တဲ့အခါမှာ ဆည်တည်ဆောက်မှုကြောင့်ဖြစ်ပေါ်လာတဲ့ငလျင် ဆိုတာကို စပြီးတော့သိရှိလာတာက ၆၀ ခုနှစ်တွေ နောက်ပိုင်းမှာပါ။ ငလျင်တွေလှုပ်တဲ့အခါ သူက သဘာဝအလျှောက် လှုပ်တဲ့ငလျင်လို့ပဲ လူတွေကယူဆခဲ့ကြတယ်။ ဆည်ကြောင့် ငလျင်တွေလှုပ်နိုင်ပါလား ဆိုတဲ့ကိစ္စတွေက နည်းပညာတွေ၊ သိပ္ပံပညာတွေ တိုးတက်လာတာ ကနေ သိရှိလာခြင်း ဖြစ်တယ်။
ဆည်တွေအကြီးကြီးတွေဆောက်တဲ့အခါကျရင် အဲဒီ အကြီးကြီးတွေဆောက်လို့၊ ထွက်ပေါ်လာတဲ့ ငလျင်တွေက ရစ်ချတာစကေး ၆ အကျော်အထိ ဖြစ်တာကို သိရှိလာရတာပေါ့။
မေး။ ။ ဆည်တည်ဆောက်လို့၊ မြေထုထဲက အခြေအနေတွေ ပြောင်းသွားတာလား ။ ဘာကြောင့် ပြောင်းလဲ။ ဘယ်လို ပြောင်းလဲ? အဲဒါကို ဘူမိနည်းပညာရှင်တယောက်အနေနဲ့ ရှင်းပြပေးပါ။
ဒေါက်တာချစ်ကိုကို။ ။ ဆည်တည်ဆောက်လို့ ဖြစ်တဲ့ ငလျင်ပေါ့နော်။ အဲဒါကို သူတို့က ခေါ်တာက Reservoir Induce Seismicity ဒါမှမဟုတ် Reservoir Triggered Seismicity လို့ အခုနောက်ပိုင်းမှာ ခေါ်လာတာရှိတယ်။ ကဲ ဟုတ်ပြီ။ ဆည်ကြောင့်မို့ ငလျင်လှုပ်နိုင်တယ်။ ဒါဖြင့်ရင် ဘာကြောင့်လဲ။ သူ့ရဲ့ အကြောင်းတရားတွေက ဘာတွေလဲ။ ဆည်တွေက များသောအားဖြင့်က ပြတ်ရွေ့ကြောင်းတွေနဲ့ ဆက်စပ်နေတယ်။ အဲဒီ ပြတ်ရွေ့ကြောင်းထဲကို စီးဆင်းလာတဲ့ ရေရဲ့ဖိအားတွေရယ်။ နောက်တခါ ဆည်အောက်မှာရှိတဲ့ ဖေါင်းဒေးရှင်းမှာရှိတဲ့ ကျောက်လွှာတွေရဲ့အက်ကွဲကြောင်း သေးသေးလေးတွေထဲကို ရေတွေက ဝင်ပြီးတော့ အဲဒီ ရေတွေရဲ့ပေးတဲ့ဖိအားတွေကြောင့် အဲဒါက pore water pressure ပေါ့ ဒီဥစ္စာက- စောစောကပြောတဲ့ ရေထုအလေးချိန်၊ ဆည်ရဲ့ အလေးချိန်၊ ဒီဆည်ရဲ့အနက် (water column)၊ အဲဒီ ရေထုကမြင့်လေ သူက ပိုပြီးတော့ ငလျင်လှုပ်ဖို့ ပိုဖြစ်စေနိုင်တယ်။ pressure ရေထု ဖိအားတွက်တဲ့အခါ ကျတော့ သူ့ဖေါ်မြူလာ ရှိတယ်။ သူ့ အမြင့် height နဲ့ သိပ်သည်းဆ density ပေါ်မူတည်တယ်။ ဖိအားများခြင်းသည် သူ့ရဲ့အမြင့်ပေါ် မူတည်နေတယ်။ အမြင့်က ပိုလာလေလေ ဖိအားက များလာလေလေဖြစ်တယ်။
မေး။ ။ဆိုတော့ ရေရဲ့ ဖိအားပေါ့နော်။ ဒီ ရေရဲ့ဖိအားပေါ်မှာလည်း မူတည်တယ်။ ဒီငလျင်လှုပ်တာတွေက။ နောက် ဘယ်အချက်တွေပေါ်မှာ မူတည်နေပါသေးလဲ။
ဒေါက်တာချစ်ကိုကို။ ။ လွယ်လွယ်ကူကူ ပြောရလို့ရှိရင်။ ကျနော်တို့ တုတ်တချောင်းကို အလေးတွေနဲ့ဆွဲဆွဲပေးရင် ဒီတုတ်က ကျိုးတဲ့သဘောရှိတယ်လေ။ အဲဒီတော့ ပြတ်ရွေ့ ရှိနေတဲ့နေရာမှာ ဆည်ရဲ့ရေတွေကို ဖိထားတဲ့အခါကျလို့ရှိရင် ပြတ်ရွေ့ကိုလည်း အဲဒီအလေးချိန်ကြောင့် ရွေ့လျားမှုကိုဖြစ်ပေါ်စေတယ်။ ပြတ်ရွေ့တခု ရွေ့လျားမှုဖြစ်တယ်ဆိုတာက ကျနော်တို့သိတဲ့အတိုင်းပဲ ငလျင်လှုပ်မှုကို ဖြစ်ပေါ်စေတာပါ။
နောက်တခုက အရင်တုန်းက ဒါကို မသိရတဲ့အကြောင်းရင်းက ဆည်တွေက သေးတဲ့အခါကျတော့ သူလှုပ်တဲ့ ရစ်ချတာစကေးက ၄ တို့ ၅ တို့ ပတ်ဝန်းကျင် လောက်ပဲရှိတယ်။ ဆိုတော့ ၄ တို့ ၅ တို့ လောက်ရှိတဲ့ငလျင်သည် ဆည်ရဲ့ ကြံ့ခိုင်မှုကိုလည်း ထိခိုက်ခြင်းမရှိဘူး။ ပျက်စီးယိုယွင်းမှုကိုလည်း မဖြစ်စေဘူး။ အဲဒါ ဆည်ကြီးတွေရှိလာမှ သတိထားမိတာ။
မေး။ ။ ဆည်နဲ့ ဆက်စပ်ပြီးတော့ ငလျင်လှုပ်တာကို ဆည် ဘယ်လောက် များများမှာ တွေ့ရပါလဲ။
ဒေါက်တာ ချစ်ကိုကို။ ။ ဆည်ဆောက်လို့ ဆည်ကြောင့်ဖြစ်တဲ့ငလျင်သည် ကမ္ဘာ့တိုက်ကြီး ၆ ခုမှာ ၁၀၀ ကျော်လောက် ရှိတယ်။
မေး။ ။ တရုတ်နိုင်ငံက စီချွမ်းငလျင်ဆိုရင် အခုလို ဆည်တည်ဆောက်တာနဲ့ များ ဆက်စပ်နေပါသလား။
ဒေါက်တာချစ်ကိုကို။ ။ စီချွမ်းငလျင်က အဲဒီအချိန်က ဇီပင်ပု (Zipingpu) ဆိုတဲ့ဆည်ကို ဆောက်နေတဲ့အချိန်ပါ ။ အဲဒီ ဆည်ကိုတည်ဆောက်တဲ့အချိန်မှာဖြစ်တာဖြစ်လို့ သူ့ကြောင့်ဖြစ်တဲ့ငလျင် ဖြစ်နိုင်တယ်ဆိုပြီး သုံးသပ်ကြတာရှိတယ်။ အဲ တချို့တွေကလည်း မဟုတ်ဘူး။ ဒါ သဘာဝအလျှောက် ဖြစ်တဲ့ငလျင်ဆိုပြီးတော့ပြောတယ်။ အထူးသဖြင့် အမေရိကန် ကိုလံဘီယာတက္ကသိုလ်က Christian Klose က တွက်ပြထားတာရှိတယ်။
အဲဒီ ဆည်ရေတွေထည့်လိုက်တဲ့အတွက်ကြောင့်မို့လို့ - ပုံမှန် ကျောက်လွှာတွေ ရွေ့လျားမှု tectonic movement ဟာရဲ့ တနှစ်အတွင်းမှာဆို ၂၅ ဆ ပိုဖြစ် သွားတယ်လို့ ပြောတယ်။ သူက အတိအကျ အဲလို တွက်ပြီးပြောတယ်။ ဒီ စီချွမ် ငလျင်ကလည်း တော်တော်ကြီး လူတွေ အသေအပျောက်များတယ်လေ။ လူ ၈ သောင်းလောက် သေတယ်။ နောက်တခါ ဒီ ပြတ်ရွေ့ကျောကြီးကလည်း ကီလိုမီတာ ၃၀၀ ကျော် လောက်ထိအောင် အက်ကွဲကြောင်းကြီးဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေ ပြောထားတာဖြစ်ပါတယ်။
ဒီတရုတ်ပြည်မှာ ဆည်ကြောင့်ဖြစ်တဲ့ငလျင် Reservoir Induce Seismicity ဆိုတာ သေချာပေါက်ဖြစ်တဲ့ ဆည်တခုကတော့ ဇင်ဖင်န် ဂျီရန် Xinfeng jiang ဆိုတဲ့ဆည်။ အဲဒီဆည်ကတော့ သူက ဂွမ်ဒေါင်းပြည်နယ်မှာရှိတယ်။ သူက ၁၀၅ မီတာ မြင့်တယ်။ သူ့ရဲ့တာရိုးအရှည်က ၄၆၆ မီတာ ကျော်တယ်။ သူက တရုတ်ပြည်မှာ ပထမဆုံး မီတာ ၁၀၀ အထက် ဆောက်တဲ့ဆည်ဖြစ်တယ်။ အဲဒီဆည်ရဲ့ ရေသိုလှောင်နိုင်တဲ့ပမာဏ storage capacity က ရေထု ၁၇.၈ ကုဗ ကီလိုမီတာတောင် ရှိတယ်သူက။ ပြီးတော့ သူ့ရဲ့ ရေမျက်နှာပြင် အကျယ်အဝန်း surface area က စတုရန်းကီလိုမီတာ ၅၇၀ ကျော် လောက်ရှိတယ်။
သူတို့က စစချင်း သိတာကတော့ ၁၉၅၉ ခုနှစ်မှာ သူတို့က အဲဒီမှာ ၄ တို့ ၅ တို့ ငလျင်တွေ တော်တော်လှုပ်တယ်။ ၁၉၆၂ ခုနှစ်မှာတော့ ရစ်ချ်တာစကေး ၆.၁ ရှိတဲ့ ငလျင်လှုပ်တယ်။ သူ့ရဲ့ ငလျင်ဗဟိုချက် epicenter က ဆည်ရဲ့အောက် မီတာ ၁၀၀ မှာပဲ ဖြစ်တယ်။ ဆိုတော့ သဘာဝငလျင်တွေက အဲလောက် မကဘူး။ သဘာဝငလျင်တွေက တိမ်မယ်ဆိုရင်တောင်မှ ကီလိုမီတာလောက် သွားနေတာ။ အဲဒါက ငလျင်လှုပ်တဲ့ ဗဟိုချက်။ ဆိုတော့ အဲဒါက သေချာပေါက် ဆည်ကြောင့်ပဲ ဖြစ်ရမယ်ဆိုတဲ့ သဘော ရှိတာပေါ့။ နောက်ပြီးတော့ ၈၂ မီတာလောက်ရှည်တဲ့ အက်ကွဲကြောင်းကြီးဖြစ်သွားတာပေါ့နော်။ ဒါက သဘာဝငလျင်နဲ့ ဘယ်လိုမှမဆက်စပ်နိုင်ဘူးဆိုတာကို သေချာပေါက်ပြောနိုင်တာပေါ့နော်။
နောက် အိန္ဒိယမှာလည်း အဲလိုပဲ အလားတူ သေချာပေါက်ပြောနိုင်တဲ့ ကိုအီးနားဆည် (Koyna Dam) ပေါ့။ အဲဒီ ဆည်ကလည်း ခုနပြောသလိုပဲ ရစ်ချ်တာ စကေး ၆ အထက်လောက်ရှိတဲ့ မဟာ ရတ်ရှတာ ပြည်နယ်မှာ ရှိတယ်။
မေး။ ။ အဲဒီ ဆည်က တော်တော် ကြီးလို့လား ။
ဒေါက်တာချစ်ကိုကို။ ။သူလည်း ဆည်ကြီးစာရင်းထဲမှာ ပါတယ်။ အခု ငလျင်လှုပ်တဲ့ဟာတွေအကုန်လုံးက ဆည်ကြီးစာရင်းထဲမှာ ပါတယ်။
မေး။ ။ အခု မြန်မာနိုင်ငံ မှာ ကျတော့လည်း ဒီ မြစ်ဆုံ ဘက်မှာ ဆည်တွေ ဆောက်ဖို့ လုပ်နေတယ်။ ဒါ တခုတည်းတောင်မဟုတ်ဘူး။ ၇ ခုလောက် ဆောက်မယ် ဆိုတော့။ ဒါနဲ့ ပတ်သက်ပြီးတော့ သူက ဆည်ကြီး စာရင်းထဲဝင်ပါသလား။ နောက် ဒီလို ငလျင်တွေ ဖြစ်ပေါ် စေမယ့် အလားအလာရော ရှိပါသလား။
ဒေါက်တာချစ်ကိုကို။ ။ ဒီဥစ္စာက အသေအချာဖြစ်စေနိုင်တယ်လို့ ပြောလို့ရပါတယ်။ မြန်မာနိုင်ငံမှာ ဆောက်ပြီးသားဆည်ကြီးတွေလည်း ရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာက သုတေသနပြုချက်တွေ မရှိတာတခုပါပဲ။ မြစ်ဆုံဆည်က ဒီ အဓိကပေါ့နော်။ ငလျင်ကိုဖြစ်စေနိုင်တဲ့ အကြောင်းတရားက မြစ်ဆုံဆည်က မေခ ၊ မေလိခနဲ့ နောက်မြစ်ဆုံရယ်ပေါ့။ အားလုံးပေါင်း ၇ ခု။ အဲဒီအထဲမှာက မြစ်ဆုံကတော့ အကြီးဆုံးပေါ့။ မြစ်ဆုံဆည်ရဲ့အမြင့်ကလည်း ၁၃၉ မီတာရှိတယ်။ ကျန်တဲ့ဆည်တွေကလည်း အလားတူပဲ။ ၁၀၀ ကျော်တွေချည်းပဲ။ အဲဒီလို ဆည်ကြီးစာရင်းထဲမှာဝင်နေတဲ့အတွက်ကြောင့်မို့လို့။ သူတို့ကငလျင်ကို ဖြစ်ပေါ်စေဖို့ရာ အကြောင်းတရား အများကြီးရှိတယ်။ အဲဒီလို ရှိရုံတင်မကဘူး။ နောက်တခုက အရေးကြီးတာက မြစ်ဆုံမှာ ဆည်တွေဆောက်မယ့် မေခရော မလိခရော မြစ် ၂ ခုစလုံးသည် ဒီ စစ်ကိုင်းပြတ်ရွေ့ကနေ ဖြာထွက်လာတဲ့ ပြတ်ရွေ့ကြောင်း ၂ ကြောင်းပေါ်မှာ ကျနေတယ်။ အဲလိုတင်မကဘဲ နောက်လည်း သူက အောက်ခံကလည်း ပြတ်ရွေ့အခြေခံရှိနေတယ်။ ဆိုတော့သူ့မှာက ဖြစ်ဖို့ရာ အလားအလာတွေက အများကြီးရှိနေတယ်။ အထူးသဖြင့် မေခက ဆိုရင် ၂၃၀ ကီလိုမီတာရှည်တဲ့ မေခမြစ်သည် ရေပြင်ကြီးတခုလုံး ဖုံးလွှမ်းသွားမယ်သူက cascade dam (ဆင့်ကဲဆည်) ဖြစ်တယ်။ သူက ဆင့်ကဲဆည်တွေ ဆောက်မယ်။ ဆိုတော့ အဲလောက်ဆိုရင် ရေအလေးချိန် ပမာဏကလည်း နည်းမှာမဟုတ်ဘူး။
နောက်တခုက သူက ဆင့်ကဲဆည်တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ တခုဖြစ်လို့ရှိရင် သူက နောက်တခုကိုပါ ပံ့ပိုးပေးသလို ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ကျနော်တို့ပြောရင်တော့ ဒိုမီနို effect သက်ရောက်မှုလို့သုံးနှုန်းတာပေါ့။ အဲဒီတော့ မြစ်ဆုံအတွက်ကတော့ အင်မတန်မှ စိုးရိမ်စရာကောင်းတယ်။ ဆည် စီမံကိန်းအတွက်ဆို ဒီလိုဟာမျိုးက စိုးရိမ်စရာကောင်းတယ်။
ဒေါက်တာချစ်ကိုကိုရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။
Your browser doesn’t support HTML5