သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံပြန်စရေး တရုတ်သမ္မတ တွန်းအားပေးမလား


မှတ်တမ်းဓာတ်ပုံ - ၂၀၁၇ ခုနှစ်က တရုတ်မှာ ကျင်းပတဲ့ ခါးပတ်လမ်း စီမံကိန်းဖိုရမ်။
မှတ်တမ်းဓာတ်ပုံ - ၂၀၁၇ ခုနှစ်က တရုတ်မှာ ကျင်းပတဲ့ ခါးပတ်လမ်း စီမံကိန်းဖိုရမ်။

မနက်ဖြန် ဇန်နဝါရီလ (၁၇) ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်လာတော့မယ့် တရုတ်သမ္မတ ရှီကျင်ဖျင်ရဲ့ ခရီးစဉ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေး အားကောင်း ခိုင်မာစေဖို့ ရည်ရွယ်တဲ့ ခရီးစဉ်ဖြစ်ပေမယ့် သမ္မတရှီ တွန်းအားပေးမယ့် မြန်မာနိုင်ငံ အတွင်း တရုတ်ရဲ့ ကြီးမားလှတဲ့ စီမံကိန်းကြီးတွေ အပေါ်မှာ ဒေသခံပြည်သူတွေဘက်က အန္တရာယ်အဖြစ် စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။ AFP ဆောင်းပါးကို အခြေခံပြီး မအင်ကြင်းနိုင်က တင်ပြမှာပါ။

တရုတ်နိုင်ငံမှာ သမ္မတ အာဏာယူပြီးနောက် မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာမယ့် ရှီရဲ့ နှစ်ရက်ကြာ ခရီးစဉ်အတွင်း တရုတ်က ရင်းနှီးမြှုပ်နှံထားတဲ့ ဒေါ်လာ ဘီလျံပေါင်းများစွာ ကုန်ကျမယ့် အခြေခံ အဆောက်အဦ စီမံကိန်း သဘောတူညီချက်တွေ အကောင်အထည်ဖေါ်ရေး ကြိုးစားရှာဖွေ ဖို့ရှိပါတယ်။ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်း ဒါမှမဟုတ် ဒေါ်လာ ၄ ဘီလျံ ပမာဏရှိနေတာပါ။ ဒါ့အပြင် မြန်မာဟာ တရုတ်အတွက် မဟာဗျူဟာ အရလည်း အရေးပါတဲ့ မိတ်ဖက်ဖြစ်နေပါတယ်။

အခရာ ကျတဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်း CMEC ရဲ့ ရည်ရွယ်ချက်က တရုတ် ကုန်းတွင်းပိုင်း ယူနန်ပြည်နယ်ကနေ အိန္ဒိယ သမုဒ္ဒရာထိ ပေါက်ဖို့ဖြစ်ပါတယ်။ တရုတ်အစိုးရရဲ့ ခါးပတ်လမ်း စီမံကိန်းကြီးမှာ မြန်မာနိုင်ငံက တစိတ်တပိုင်း အရေးပါနေတယ် ဆိုတာကလည်း ဒီလမ်းကြောင်း ဖောက်ဖို့ဖြစ်ပါတယ်။

အကဲခတ်သုတေသီ Richard Horsey ကတော့ တရုတ်သမ္မတရဲ့ ခရီးစဉ်ဟာ အခွင့်အလမ်းတွေကိုရော၊ ကြီးမားလှတဲ့ အန္တရာယ်တွေကိုရော နှစ်ခုစလုံးကို ယူလာမှာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

တရုတ်နဲ့ နယ်စပ်ချင်း ထိနေတဲ့ ကချင်ပြည်နယ်မှာ ရပ်ဆိုင်းထားတဲ့ မြစ်ဆုံဆည် စီမံကိန်းရဲ့ အနာဂတ်ဟာ တရုတ်သမ္မတ ရှီရဲ့ ခရီးစဉ်ကို ဆက်လက်လွှမ်းမိုးနေမလားဆိုတာကလည်း စိုးရိမ်ဖွယ်ရာ ဖြစ်နေပါတယ်။

၂၀၀၉ ခုနှစ်က ဒုသမ္မတ ရာထူးတာဝန်ယူထားတဲ့ ရှီဟာ မြစ်ဆုံဆည် စီမံကိန်းကို အဲဒီအချိန်က စစ်အစိုးရနဲ့ သဘောတူ လက်မှတ်ရေးထိုးခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် ၂ နှစ်အကြာမှာ ဒီစီမံကိန်းအပေါ် မြန်မာပြည်သူတွေရဲ့ ကန့်ကွက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။

စင်္ကာပူနိုင်ငံ ပမာဏ လောက်ကြီးမားပြီး ဒေါ်လာ ၃ ဒသမ ၆ ဘီလျံ တန်ဖိုး ကုန်ကျမယ့် မြစ်ဆုံဆည်စီမံကိန်းဟာ ဧရာဝတီမြစ်ကြောင်း စီးဆင်းမှုကို ထိခိုက်မှာဖြစ်သလို၊ ဒေသခံတွေ အတွက်လည်း ဘေးအန္တရာယ် ရှိနေတာဖြစ်ပါတယ်။

ဒီနှစ် အကုန်ပိုင်းလောက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ အကြိုကာလအတွင်း တကယ်လို့များ မြစ်ဆုံဆည် စီမံကိန်းကို ပြန်စမယ်ဆိုရင်တော့ ရွေးကောက်ပွဲမှာ လူကြိုက်များမှု မရတဲ့အပြင် ဆန့်ကျင်ဘက်တွေ ရင်ဆိုင်ရမှာဖြစ်သလို ဆုံးရှုံးမှု ကြီးကြီးမားမားကို ရင်ဆိုင်ရမှာဖြစ်တယ်လို့ အကဲခတ် Richard Horsey ကဆိုပါတယ်။

တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Luo Zhaohui က ပြီးခဲ့တဲ့ သတင်းပတ် သတင်းစာရှင်းလင်းပွဲမှာလည်း ဒီမြစ်ဆုံဆည်ကိစ္စကို ဖြေဆိုရာမှာ နှစ်နိုင်ငံ အနီးကပ် ဆက်သွယ် ဆေးနွေးနေကြောင်း မရှင်းမလင်းပြောသွားပါတယ်။

ဒေသခံ ကချင်ပြည်သူတွေ ကြားမှာတော့ အမျက်ဒေါသတွေက ပျံ့နှံ့နေဆဲပါ။ အသက် (၆၀)နှစ် အရွယ် အမျိုးသမီးကြီး နာဒု ပရီ ဆိုရင် လွန်ခဲ့တဲ့ ၁၀ နှစ် မြစ်ဆုံဆည် စီမံကိန်း စတင်ဆောက်လုပ်ချိန် အစောပိုင်းကာလမှာ သူတို့ အိမ်ရာမြေတွေကနေ ဖယ်ပေးခဲ့ရပြီး စီမံကိန်း ရပ်ဆိုင်းလိုက်ပေမဲ့လည်း အခုချိန်ထိ ကိုယ့်အိမ်ကိုယ်ယာ မပြန်နိုင်သေးပါဘူး။

ဒီစီမံကိန်းကို လုံးဝသဘောမတူတဲ့ အကြောင်း၊ ဒါပေမယ့် အာဏာပိုင်တွေရော၊ တရုတ်ကပါ သူတို့ရဲ့ အသံတွေကို နားထောင်မယ်လို့ မထင်ကြောင်း သူမက ပြောပါတယ်။ သူ့ရွာဖြစ်တဲ့ အောင်မြင်သာကနေ ဖယ်ရှားခံရပြီးနောက် သူတို့အတွက် နေထိုင်စားသောက်ရေးဟာ အလွန်ခက်ခဲတယ်လို့လည်း နာဒုပရီက ပြောပါတယ်။

ကချင်ပြည်သူပါတီ ဒုဥက္ကဌ ဒူဝါ ဂရမ်ဂရော အောင်ခမ်း ရဲ့ အမြင်ကလည်း အခုလို ကြီးမားလှတဲ့ စီမံကိန်းကြီးတွေကို အကောင်အထည်ဖေါ်ရာမှာ ဘက်ပေါင်းစုံကနေ စဉ်းစားဆုံးဖြတ်သင့်ကြောင်း အခုလိုပြောပါတယ်။

" အလုပ်တခု လုပ်ရင် ရေရှည် အတွက် ကြည့်ရမယ်။ ဒါကြောင့် အကုန်လုံး ကြည့်ဖို့ ဆိုတာကတော့ ဖယ်ဒရယ် နိုင်ငံတခု တည်ဆောက်ပြီးမှဘဲ ကျနော်တို့ ပရောဂျက် (စီမံကိန်း) တွေကို ဆွေးနွေးပြီးမှ ညှိနှိုင်းပြီးမှ လုပ်စရာ ရှိတာတွေ လုပ်ဖို့ လိုအပ်တယ် ဆိုတာကို တင်ပြလိုပါတယ်။ "

အခု တရုတ်သမ္မတရဲ့ ခရီးစဉ်မှာ နှစ်နိုင်ငံ သဘောတူညီချက်ရဖို့ အဓိကအလေးထားမယ့် အချက်တွေကတော့ အလွန်ကြီးမားတဲ့ စက်မှုဇုံ တည်ဆောက်ရေး စီမံကိန်းနဲ့ ရခိုင်ပြည်နယ်က ကျောက်ဖြူရေနက် ဆိပ်ကမ်း စီမံကိန်းပဲဖြစ်ပါလိမ့်မယ်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း ကုန်ကျမယ့် စရိတ်ကို ဒေါ်လာ ၇ ဘီလီယံကျော်ကနေ ၁ ဘီလီယံကျော်ထိ မြန်မာဘက်က လျှော့ချနိုင်ငံခဲ့ပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံတွင်းက တရုတ် ဦးဆောင်တဲ့ စီမံကိန်း သဘောတူညီချက်တွေနဲ့ ပတ်သက်ရင် အများပြည်သူသိအောင် ထုတ်ပြန်ဖို့ ကန့်သတ်ထားပါတယ်။

ဇန်နဝါရီလ (၁၇)ရက်နေ့မှာ ရောက်လာမယ့် တရုတ်သမ္မတ ရှီကျင်ဖျင်ဟာ နေပြည်တော်မှာ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံဖို့ရှိသလို၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။ ဒါအပြင် နိုင်ငံရေးပါတီ ၂၀ က ခေါင်းဆောင်တွေကိုလည်း သမ္မတ ရှီက တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)





အကဲခတျသုတသေီ Richard Horsey ကတော့ တရုတျသမ်မတရဲ့ ခရီးစဉျဟာ အခှင့ျအလမျးတှကေိုရော၊ ကွီးမားလှတဲ့ အန်တရာယျတှကေိုရော နှဈခုစလုံးကို ယူလာမှာဖွဈတယျလို့ သုံးသပျပါတယျ။













XS
SM
MD
LG