နောင်ချိုတိုက်ပွဲ စစ်တပ်လေကြောင်းနဲ့တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ထဲက ဒိုးပင်ကျေးရွာအဝင်ဆိုင်းဘုတ် (ဓါတ်ပုံ - သျှမ်းသံတော်ဆင့်)

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်နေသလို စစ်ကောင်စီဘက်က လေကြောင်းက တိုက်ခိုက်တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ကွတ်ခိုင်မြို့နယ်မှာလည်း ဒီနှစ်ရက်အတွင်း တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲအခြေအနေ သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာအုပ်စုအတွင်းမှာ စစ်ကောင်စီတပ်နဲ့ PDF ကာကွယ်ရေးတပ်ဖွဲ့ကြား ဒီကနေ့မနက်က တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။ ဒီနေ့ဖြစ်ပွားတဲ့ တိုက်ပွဲအခြေအနေနဲ့ ဒေသခံတွေတိမ်းရှောင်နေရတဲ့အခြေအနေကို ဒေသခံအမျိုးသမီးတစ်ဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ ဒိုးပင်အုပ်စု လုံခံကျေးရွာမှာ ဖြစ်တာရှင့်။ မနက် ၆နာရီခွဲမှာ စဖြစ်တာပါရှင့်။ မနက်ပိုင်းကျတော့ ဂျက်လေယာဉ်နဲ့ ၃ စီးလာပစ်သွားတာ။ အဲဒါ ကျမတို့ရွာ ဘုရားစေတီကုန်းမှာ ဆွမ်းစားဆောင်တစ်ဆောင် ပျက်ဆီးသွားတယ်။ နောက်ပိုင်းကျ တိုက်လေယာဉ်နဲ့လာပစ်တာ ဝဲဝဲပြီးတော့ ပစ်တာရှင့်။ ”

တိုက်လေယာဉ်တွေဟာ မနက် ၉ နာရီလောက်ကနေ ညနေ ၃နာရီကျော်အထိ ပစ်ခတ်ခဲ့ပြီး၊ ဒီလိုအခြေအနေတွေကြောင့် ဒေသခံတွေဟာ လုံခံကျေးရွာကနေ အခြားကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။ ကျေးရွာသားအချို့ ပိတ်မိ ကျန်ရစ်ခဲ့တာတွေရှိတယ်လို့ ဒေသခံက ပြောပါတယ်။

“ လေယာဉ်က အဲဒီဒိုးပင်အနီးတဝှိုက်မှာ တအားပျံသန်းနေလို့ ကျမတို့လည်း အဲဒီမှာ မလွတ်ဘူးထင်လို့ လွတ်ရာ ကျမတို့ ရှောင်ထွက်လာတယ်ရှင့်။ ၉နာရီတည်းကနေပြီးတော့ ကျမတို့ ရှောင်တဲ့အထိ ၃နာရီအထိကို အဲဒီလေယာဉ်က ပစ်တုံးပဲရှင့်။ ကျမတို့က ရွာကနေ လွတ်ထွက်လာတယ်။ ရွာသားတွေ ဖမ်းထားတယ်လို့ကြားတယ်တချို့။ ပိတ်မိနေတဲ့သူတွေကို ဖမ်းထားတာတဲ့။”

ထွက်ပြေးလာသူတချို့ဟာ ဒိုးပင်ကျေးရွာအုပ်စု ဟိုခိုရွာဘုန်းကြီးကျောင်းကိုရောက်ရှိနေပြီး အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ပြေးလာကြရတာမို့ အဝတ်အစားနဲ့ စောင်တွေ လိုအပ်နေကြပါတယ်။ လောလောဆည်မှာတော့ တိမ်းရှောင်လာသူ ဘယ်လောက်ရှိတယ်ဆိုတာ စာရင်းကောက်ယူနိုင်တာမရှိသေးပါဘူး။

ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းကလည်း နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF တွေအကြား တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ကျေးရွာ ၇ ရွာ လောက်က ဒေသခံပြည်သူ ၈၀၀ ကျော်လောက် နေရပ်စွန့်ခွာ တိမ်းရှောင်နေရပါတယ်။

ဒီကနေ့မနက်ခင်းပိုင်းမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒါဟာ ကွတ်ခိုင်မြို့နယ်အတွင်း နှစ်ရက်အတွင်းမှာ အနည်းဆုံး ၃ကြိမ်ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေကို ကွတ်ခိုင် ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

“ဒီမနက်လည်းဖြစ်တယ်လေ။ ရူ့ခင်းသာမှာ ဒီမနက်ဖြစ်တယ်လေ။ မနေ့က ကျတော့ ကွတ်ခိုင်အဆင်း မန်ပြိန်းမှာ ဖြစ်တယ်။ ပြီးရင် နောက်တစ်ခုက နမ့်ဖတ်ကာအတက် နမ့်ဖလွန်းမှာ မနေ့က နေ့လည်ပိုင်းလောက်ဖြစ်တယ်။ ”

မနေ့က နမ့်ဖလွန်းရွာဘက်ဖြစ်တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်တာကြောင့် အသက် ၉၀ ကျော်အရွယ် အဖိုးအိုတစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ဗွီအိုအေ အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။ ကွတ်ခိုင်မြို့နယ်အတွင်းဖြစ်ပွားတဲ့တိုက်ပွဲနဲ့ပတ်သက်ပြီး KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ စုံစမ်းနေဆဲဖြစ်ကြောင်း ပြောပါတယ်။

“ တိုက်ပွဲဖြစ်တယ်ဆိုတာကတော့ ကြားပါတယ်။ ဒါပေမဲ့ သတင်းမရသေးဘူး။ တပ်မတော်ဘက်က နည်းနည်းလှုပ်ရှားလာလို့ ကျနော်တို့တွေနဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်တာနေမှာပါ။ မနေ့ကလည်းဖြစ်တယ်လို့ ပြောတယ်။ စုံစမ်းနေဆဲဖြစ်ပါတယ်။ ”

ဒီကနေ့မနက်မှာပဲ ဖားကန့်မြို့နယ် နမ့်မဖြစ်ကျေးရွာ ပန်းတင်တံတားမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ကို KIAနဲ့ ပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ဗိုလ်မှူးကြီးနော်ဘူကတော့ အတည်ပြုတာမရှိပါဘူး။

KIA တည်ထောင်တဲ ၆၂နှစ်ပြည့် အခမ်းအနားမှာတော့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ၂၀၂၃မှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်ကြောင်းပြောဆိုထားပြီး ဒီရက်ပိုင်းမှာတော့ ကချင်ပြည်နယ်အတွင်းမှာလည်း တိုက်ပွဲဖြစ်ပွားတဲ့သတင်းတွေ ခပ်စိပ်စိပ်ထွက်ပေါ်လာနေပါတယ်။ ဒီတိုက်ပွဲသတင်းတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မတွေ့ရပါဘူး။

[Unicode]













