လတ်တလော အကြမ်းဖက်ပဋိပက္ခတွေ ရှိနေတဲ့ ရခိုင်ပြည်နယ်အတွင်းက အခြေအနေနဲ့ပတ်သက်လို့ မှန်ကန်တဲ့ သတင်းအချက်အလက် တွေကို လွတ်လွတ်လပ်လပ် ရယူနိုင်အောင် အစိုးရက သတင်းသမားတွေရဲ့လုံခြုံရေးအတွက် အမြန်ဆုံး စီစဉ် ဆောင်ရွက် ပေးသင့်တယ်လို့ သတင်းမီဒီယာ သမားတွေနဲ့ အရက်ဖက် လူမှုအဖွဲ့အစည်းတွေက ထောက်ပြ ပြောဆိုနေကြပါတယ်။ အင်တာနက် လူမှုကွန်ရက်တွေပေါ်မှာ ဘယ်သူ ဘယ်ဝါမှန်း မသိရတဲ့သူတွေ တင်ထားတဲ့သတင်းတွေကြောင့် လူထုတွေအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာစေသလို၊ ဒီရက်ပိုင်း အတွင်းမှာပဲ သတင်းသမားတချို့ ခြိမ်းခြောက်ခံရတာ၊ ရန်ပြု တိုက်ခိုက်ခံရတာတွေလည်း ရှိခဲ့ပါတယ်။ အပြည့်စုံကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်နဲ့ မောင်တောဒေသတွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေကစလို့ လက်နက်ကိုင် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေ ကြုံခဲ့ရပြီးတဲ့နောက်ပိုင်း မတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ သတင်းရယူဖို့ ကြိုးစားကြတဲ့ ဒေသခံ သတင်းသမားတချို့ကို ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေကြသူတွေက ခြိမ်းခြောက်တာ၊ ရန်ပြု တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် အစိုးရအစီအစဉ်နဲ့ သွားတဲ့ သတင်းသမားတချို့ကိုပဲ သက်ဆိုင်ရာက လိုက်လံပြသတာတွေ ရှိပြီး၊ မိမိဖာသာ သတင်းယူဖို့သွားကြတဲ့ သတင်းသမားတွေကိုတော့ အာဏာပိုင်တွေက ခွင့်မပြုတော့ပါဘူး။ ဒါဟာ သတင်းသမားတွေနဲ့ လွတ်လပ်စွာ သတင်းရယူခွင့်အတွက် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်တယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးမြင့်ကျော်က ပြောပါတယ်။
“ကျနော်တို့ကြားရသလောက်ကတော့ မောင်တောနဲ့ ဘူးသီးတောင်အတွင်းမှာ ရခိုင်ဒေသခံသတင်းထောက်တွေတောင်မှ တော်တော်လေးသတိထားပြီးသွားနေရတယ် နောက်ပြီးတော့ ခြိမ်းခြောက်မှုတွေလည်း ၂ ကြိမ်-၃ ကြိမ်လောက်ကြုံရတယ်လို့ ဒေသခံသတင်းထောက်၁ယောက်ကပြောတယ်။ ဆိုလိုတာက ကယ်ဆယ်ရေးစခန်းတွေမှာ နေနေတဲ့သူတွေက ပြန်ပြီးတော့ ရန်ပြုချင်တဲ့ဟာမျိုးတွေတွေ့နေရတယ်ပေါ့နော်။ သူတို့ တခါမှ ဒီလိုဖြစ်စဉ်မျိုးမကြုံဖူးဘူးလို့ပြောတယ် ဆိုတော့ ဒီ တကြိမ်ကတော့ Social Media တွေကို အသုံးချပြီးတော့ သတင်းသမားတွေကို တိုက်ခိုက်ချင်တဲ့အဖွဲ့တွေပေါ့လေ။ ဘယ်သူတွေဘယ်ဝါတွေတော့ မသိဘူးပေါ့နော်။ သူတို့ အဲဒီဟာတွေရဲ့ ဝါဒဖြန့်ချက် ၊ မှိုင်းတိုက်တာတွေက အတိုင်းအတာတခု အထိရှိနေတာ တွေ့ရတာပေါ့နော်။ ဆိုတော့ သတင်းသမားတွေ အဲဒီအချက်ကို သေချာသတိထားသင့်တယ်လို့ထင်တယ်။ အရင်အခြေအနေတွေနဲ့ တော့ မတူဘူး ကွားပြားပြီးတော့ သတင်းသမားတွေ ပိုပြီးအန္တရာယ်ရှိလာနိုင်တဲ့ သဘောပေါ့နော်။”
ရခိုင်ပြည်နယ် အခြေအနေနဲ့ပတ်သက်လို့ သတင်းအချက်အလက်တွေ ရယူတဲ့နေရာမှာ အဟန့်အတားတွေ ရှိနေတဲ့အတွက် လူထုတွေကြား စိုးရိမ်မှုတွေ ပိုမို မြင့်တက်လာစေတယ်လို့ ဆိုပြီး မှန်ကန်တဲ့သတင်း အချက်အလက်တွေကို လူအများသိရှိနိုင်အောင် သတင်းသမားတွေရဲ့ လုံခြုံရေးနဲ့ လွတ်လပ်စွာ သတင်းရယူခွင့်ကို အစိုးရက အကာအကွယ်ပေးဖို့ မြန်မာအရပ်ဘက် လူမှု အဖွဲ့အစည်း ၂၀၀ ကျော်ကလည်း သြဂုတ်လ ၂၈ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုထားပါတယ်။ ရှုပ်ထွေးနေတဲ့ အခြေအနေအောက်မှာ လူထုအကြား နားလည်မှု လွဲမှားပြီး သွေးဆူအုံကြွစေမယ့်၊ နိုင်ငံရေးအရ မတည်မငြိမ်ဖြစ်စေမယ့် ဖော်ပြချက်တွေကို ရှောင်ရှားဖို့ အရေးကြီးတယ်လို့ ဆွေသဟာအဖွဲ့က ဦးဟန်စိုးက ပြောပါတယ်။
“ အခုဆိုရင် State Counsellor Information center ကအစပေါ့နော် ကျနော်တို့ သတင်းဂျာနယ်တွေမှာ အစောပိုင်းမှာဆိုရင် လူတွေကို တကယ့်အလောင်းပုံတွေ ၊ တကယ့်သွေးဆူစရာဖြစ်စေနိုင်တဲ့ အခြေအနေမျိုးတွေကို ထုတ်ပြန်တာတွေ့ရတယ်ပေါ့နော်။ အဲဒါတွေက တကယ့်ကို မဆင်ချင် နိုင်တဲ့လူတွေအခြေအနေနဲ့က တကယ့်ကို ဒီဘက်မှာ သွေးဆူစေတယ်ပေါ့နော်။ ဒေသတွင်းမှာရော တခြားနေရာတွေကိုပါ သွေးဆူမှုတွေ၊ စိုးရိမ်မှုတွေကို မြင့်တက်လာစေတယ်လို့ ကျနော်တို့ သုံးသပ်တယ်ခင်ဗျ။ အဲဒါကြောင့် ကျနော်တို့က ပဋိပက္ခကို ပိုပြီး မမြင့်မားလာအောင် ထိန်းသိမ်းတဲ့ သတင်းထုတ်ပြန်မှုတွေ ထုတ်စေချင်တဲ့ အတွက် ကျနော်တို့က အဲဒါကို ထုတ်ပြန်ရတာဖြစ်တယ်။
အခုက ကျနော်တို့ ပြီးခဲ့တဲ့ ၁ ပတ်အတွင်းမှာ ပဋိပက္ခဖြစ်ပြီး ဒီနေ့အထိကို ကျနော်တို့ community တွေအားလုံးက တခြားနေရာကcommunity တွေအားလုံးက ဒီ Online ကထုတ်ပြန်တဲ့ သတင်းတွေအပေါ်မှာကိုပဲ စိတ်ဆိုးတဲ့လူတွေက ဆိုးကြ၊ ဆွေးနွေးတဲ့လူတွေက ဆွေးနွေး တကယ့်ကို ကျနော်ယုံကြည်စိတ်ချရတဲ့ သတင်းမီဒီယာတွေ ၊ ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့နေတဲ့ သတင်းမီဒီယာတွေ ကိုယ်တိုင်သွားယူပြီး ကျနော်တို့ မျက်မြင်တွေ့ပါတယ်ဆိုတဲ့ Report ကနည်းတယ်ပေါေ့နာ်။ အဲဒီအတွက်ကြောင့် မလိုလားအပ်တဲ့ သတင်းတွေက လူထုကြားမှာ ပြန့်နှံ့နေတယ်ပေါ့နော် ။ အဲဒီအတွက်လည်း ပဋိပက္ခက တခြားနေရာတွေ အထိ ကူးလာနိုင်တာဖြစ်တဲ့အတွက်ကြောင့် သတင်းဌာနတွေ ၊ သတင်းမီဒီယာတွေ ကို လွတ်လပ်စွာသွားယူဖို့ အဲဒီဘက်ကို လုံခြုံရေးအာမခံချက်ရှိဖို့ကို အစိုးရက အမြန်ဆုံးလုပ်ဆောင်ပေးဖို့ ကျနော်က တောင်းဆိုတာပါခင်ဗျ၊”
လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို အကာအကွယ်မပေးဘဲ၊ သတင်းရယူမှုတွေကို ကန့်သတ် ဟန့်တားတာတွေ လုပ်နေမယ်ဆိုရင် သတင်းတွေကို အမှောင်ချရာ ရောက်လိမ့်မယ်လို့ သတင်းမီဒီယာကောင်စီက ဦးမြင့်ကျော်ကလည်း ပြောပါတယ်။
“အစိုးရက ခရီးစဉ်တခုစီစဉ်ပြီး လွတ်လိုက်ပြီးတော့ အဲဒီခရီးစဉ်ကလည်း အရေအတွက် ကန့်သတ်ချက်တွေ ၊ အချိန်ကန့်သတ်ချက်တွေနဲ့ မီဒီယာ ရွေးချယ်မှုတွေလုပ်ပြီးတော့ လွတ်လပ်စွာသတင်းယူခွင့်ရှိနေပါတယ်ဆိုတာမျိုး ဝါဒဖြန့်တာမျိုးတော့ကျနော်တို့လည်း သဘောမကျဘူး။ အဲဒီအခြေအနေမျိုးအောက်မှာတော့ လွတ်လပ်စွာသတင်းယူခွင့်ရှိမှာမဟုတ်ဘူး။ မီဒီယာကို အန္တရာယ်ပြုတယ်ပြောပြီး တချို့သောကိစ္စတွေ မီဒီယာက ရေးသားမှာ စိုးရိမ်လို့ ပိတ်ထားတာမျိုးက လည်း အားလုံးအတွက် မကောင်းဘူးလို့ ကျနော်တု့ိ မြင်တယ်။”
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သြဂုတ်လ ၂၅ ရက်နေ့ မနက်အစောပိုင်းက စလို့ လုံခြုံရေးနဲ့ ရဲကင်းစခန်း ၃၀ လောက်ကို လက်နက်ကိုင် စစ်သွေးကြွတွေက တိုက်ခိုက်ခဲ့သလို၊ ရွာတွေလည်း တိုက်ခိုက်ခံခဲ့ရတာပါ။ ရခိုင်ရွာတွေက ပြည်သူ အများအပြား ဘေးလွတ်ရာ ထွက်ပြေးနေကြရသလို၊ မွတ်ဆလင်ရွာတွေမှာလည်း ဘင်္ဂလားဒေရှ့် နိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်နေကြပြီး ဒီလိုထွက်ပြေးတဲ့ ဒုက္ခသည်တွေကို လုံခြုံရေးတပ်တွေက တိုက်ခိုက်တယ် ဆိုတဲ့ စွပ်စွဲမှုတွေလည်း ထွက်ပေါ်နေပါတယ်။ ဒီလို အခြေအနေတွေနဲ့ ပတ်သက်လို့ သတင်းမှန် ရယူဖို့အတွက် ကြိုးစားကြတဲ့ သတင်းသမားတွေ ခြိမ်းခြောက် ခံရတာ၊ ရန်ပြုတိုက်ခိုက် ခံရတာတွေလည်း ဒီရက်ပိုင်း ရှိလာနေတာဖြစ်ပါတယ်။
Your browser doesn’t support HTML5