ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေ အကူအညီ အရေးပေါ်လိုအပ်

အလိုတော်ပြည့်ကျောင်း ဆရာတော် ဦးကုမာရ ဒုက္ခသည်များနှင့် တွေ့ဆုံ

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သြဂုတ်၂၅ ရက်နေ့က နယ်ခြားစောင့် ကင်းစခန်းတွေ အကြမ်းဖက် တိုက်ခိုက်ခံရပြီးတဲ့နောက် မြန်မာ့တပ်မတော်နဲ့ အကြမ်းဖက် တိုက်ခိုက် သူတွေအကြား ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာမှာ ဘူးသီးတောင်၊ မောင်တော တဝိုက် ကျေးရွာတွေက ဒုက္ခသည်တွေဟာ မြို့တွေကို တက်လာကြပြီး စစ်ဘေးရှောင်တဲ့ နေရာတွေမှာ ခိုလှုံနေကြတာ လူဦးရေ သုံးသောင်းကျော် ရှိနေပါတယ်။ လက်ရှိမှာ ဒုက္ခသည်တွေအတွက် အကူညီတွေလည်း လျော့နည်းသွားပြီဖြစ်လို့ ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ်အစိုးရတို့ ပူးပေါင်းပြီး ဒုက္ခသည်တွေရဲ့ ရေရှည်ပြဿနာကို အမြန်ဆုံး ဖြေရှင်းပေးဖ့ို လိုလားနေကြပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

စစ်တွေမြို့မှာတော့ ဒုက္ခသည်တွေကို လက်ခံထားတဲ့နေရာ ၃၀ကျော်ရှိပြီး ဒုက္ခသည် (၆)ထောင်ကျော်ခိုလှုံနေပါတယ်။ ဒီအတွက် အနယ်နယ် အရပ်ရပ် ကနေ လာရောက် ခိုလှုံနေကြတဲ့ ရခိုင် ဟိန္ဒူနဲ့ ဒိုင်းနက်စတဲ့ ဗုဒ္ဓဘာသာဝင် ဒုက္ခသည်တွေ အားလုံးအတွက် အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်း ကနေ ဒုက္ခသည်မိသားစု (၅၀၀)အတွက် အောက်တိုဘာလ (၁)ရက်နေ့မှာ ပစ္စည်း (၄၃)မျိုးကို လှုဒါန်းခဲ့တယ်လို့ အလိုတော်ပြည့်ကျောင်း ဆရာတော် ဦးကုမာရက မိန့်ပါတယ်။

“ မရ်မာကြီးရယ်၊ သက်ရယ်၊ မြိုရယ် ဒိုင်းနက်ရယ် နောက် ဟိန္ဒူရယ်၊ ရခိုင်ရယ် နေကြတာပေါ့။ အခု အိမ်ထောင်စု(၅၀၀) အတွက်ပေါ့ ပစ္စည်းက (၄၃)မျိုး ပါတယ်။ ချက်ချင်းသုံးလို့ ရမယ့်ဟာတွေ .. မိန်းကလေး အသုံးအဆောင် ယောက်ျားလေး အသုံးအဆောင်၊ အဲဒါမျိုးတွေပါတဲ့ ပုံးတပုံးကို တသိန်း .. တသိန်းစီပေါ့။ အိမ်ထောင်စု တစုကို တပုံးစီပေးတယ်။”

ဒုက္ခသည်များကို အကူအညီပေးအပ်

ဒုက္ခသည်တွေကတော့ သူတိုရဲ့နေရပ်ရင်းကို မပြန်ချင်ကြပဲ စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့ စိတ်ဒဏ်ရာတွေ ရနေကြတယ်လို့ ဆိုပါတယ်။

“အခု စစ်တွေမြို့ပေါ်မှာကို (၆၀၀၀)ကျော်ရှိတယ်။ ဆိုတော့ ဟိုဘက် ကျောက်တော်တို့ ပုဏ္ဏားကျွန်းတို့ မြောက်ဦးတို့ မင်းပြားတို့မှာ ရှိသေးတာကိုး။ ဆိုတဲ့ခါကျတော့ ဒီလူတွေက ပြန်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်သေးဘူးပေါ့ လတ်တလော အနေအထားမှာ ။ စိတ်ဒဏ်ရာတွေက ကုသရမှာ အများကြီး ဖြစ်နေတာပေါ့။ သူတို့ဒဏ်ရာတွေက များသွားပြီ ဆိုတဲ့အခါကျတော့၊ တချို့ဆိုရင်လည်း ကြောက်ပြီးတော့ ထွက်ပြေးရတာ၊ တချို့ဆိုရင်လည်း မီးလောင် တဲ့ထဲမှာ ပါသွားတယ်။ အများသော အားဖြင့်ကတော့ ဟိန္ဒူတွေကတော့ တော်တော် ပိုအကြောက်များတာပေါ့။”

ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေအတွက် အကူအညီတွေ လျော့နည်းလာနေပြီ ဖြစ်သလို သူတိုရဲ့ရေရှည်ဘ၀ ရပ်တည်ရေးအတွက် ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရတို့က ဒုက္ခသည်တွေရဲ့ အခက်အခဲကိုအမြန်ဆုံး ဖြေရှင်းပေးဖို့ လိုအပ်တယ်နေတယ်လို့ ဆရာတော်က မိန့်ပါတယ်။

“ ပြည်နယ်အစိုးရက နေပြီးတော့ ဘယ်လိုကိုင်တွယ် ဖြေရှင်းနေလဲဆိုတာက အဖြေတစုံတရာ ပေါ်မလာသေးဘူး။ ပေါ်မလာသေးဘူးဆိုတော့ ဒီလူတွေကို ဒီအတိုင်း ဘုန်းကြီးကျောင်းတွေမှာပဲ ထားပြီးနေမယ်ဆိုရင်၊ သူတို့ရဲ့ဘဝ ရပ်တည်ဖို့က အင်မတန်မှ ခက်ခဲမယ်။ ဒါကနေပြီးတော့ ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ်အစိုးရတို့ ပူးပေါင်းပြီးတော့ မြန်မြန်ဆန်ဆန် ဒီလူတွေရဲ့ အခက်အခဲ အကျပ်အတည်းတွေကို အကောင်အထည် ဖေါ်ဖို့ အတွက် အရေးကြီးတာပေါ့။”

ရခိုင်ပြည်နယ်မှာ၂၀၁၂ ခုနှစ်ကစလို့နှစ်ဘက် လူ့အသိုင်းအဝိုင်းတွေကြား ပဋိပက္ခဖြစ်ပွား ခဲ့ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မှာ အခုနောက်ဆုံး ဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေကြောင့် လူမျိုးတမျိုးနဲ့တမျိုးကြားမှာ ယုံကြည်မှုတွေ ပျက်ပြားသွားခဲ့ရပါတယ်။ အခုဆိုရင် ဗုဒ္ဓဘာသာဝင်တွေ၊အစ္စလာမ်ဘာသာ ဝင်တွေ၊ ဟိန္ဒူဘာသာဝင်တွေ အကုန်လုံးဟာ သတ်ဖြတ် အကြမ်းဖက်တာတွေ ခံရတာကြောင့် တဖက်နဲ့တဖက် ယုံကြည်မှု ပျက်ပြားသွားရပါတယ်။ အစ္စလာမ်ဘာသာဝင် ဒုက္ခတွေကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးနေကြတာ တလကျော်အတွင်း လူဦးရေ (၅)သိန်းကျော် ရှိသွားပြီလို့ ကုလသမဂ္ဂဘက်က ခန့်မှန်းထားပါတယ်ရှင်။

Your browser doesn’t support HTML5

ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေ အကူအညီ အရေးပေါ်လိုအပ်