သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ကော်မရှင်များရဲ့ အကြံပြုချက် စတင် အကောင်အထည်ဖော်မည်


 ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေ အကောင်အထည်ဖော်ရေး ကော်မတီ (information commitee)
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေ အကောင်အထည်ဖော်ရေး ကော်မတီ (information commitee)

ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်နဲ့ ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ မောင်တော ဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်တို့ရဲ့ အစီရင်ခံစာပါ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့ မြန်မာအစိုးရအနေနဲ့ စတင်ပြင်ဆင်နေပါပြီ။ လတ်တလော ရခိုင်ပြည်နယ်မှာ အကြမ်းဖက် တိုက်ခိုက်မှု တွေဖြစ်ထားတာမို့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ရာမှာ အခက်အခဲ ရှိနိုင်ပေမယ့်လည်း လက်ရှိ မြေပြင်အနေအထားနဲ့ ကိုက်ညီတဲ့ အကြံပြုချက်တွေကို ဦးစားပေး အကောင်ထည်ဖော်သွားမှာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေ အကောင် အထည်ဖော်ရေး ကော်မတီ ဥက္ကဌ ဒေါက်တာ ဝင်းမြတ်အေးက ပြောလိုက်ပါတယ်။ ဒီ သတင်း အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတော်သမ္မတ ဦးထင်ကျော် ကိုယ်တိုင် ဖွဲ့စည်းပေးထားတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေ အကောင်အထည်ဖော်ရေး ကော်မတီအနေနဲ့ ဒီကနေ့ နေပြည်တော်မှာ ပထမဆုံး အကြိမ်အစည်း အဝေးပြုလုပ်ခဲ့တာပါ။

ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်နဲ့ ဒုသမ္မတ ဦးမြင့် ဆွေ ဦးဆောင်တဲ့ မောင်တော ဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်တို့ရဲ့ အကြံပေးချက်အားလုံးကို ပြန် လည်ဆန်းစစ်ပြီး ဝန်ကြီးဌာနအလိုက် ၂ပတ် အတွင်း စီမံချက်ရေးဆွဲပြီး စတင်လုပ်ဆောင်မှာ ဖြစ်တယ် လို့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်တွေ အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဝင်းမြတ်အေးက ဗွီအိုအေကို ပြောပါတယ်။

“အကြံပေးချက်ထဲမှာပါတဲ့ အကောင်အထည်ဖော်ရမယ့်ကိစ္စတွေကို ဝန်ကြီးဌာနအလိုက်ကျနော်တို့ စီမံချက်ကလေးတွေ ရေးဆွဲရမယ်၊ လဝကဆိုရင် ဘာဝန်ကြီး၊ ကျန်းမာရေးနဲ့ အားကစားဆိုရင် ဘယ်လို၊ စသဖြင့် ဝန်ကြီးဌာနအလိုက် လမ်းပန်းဆက်သွယ်ရေးဆိုရင်ဘယ်လိုပေါ့နော် အဲဒါမျိုးတွေ ကျနော်တို့ စီမံချက်ကလေးတွေ ရေးဆွဲပါမယ်ခင်ဗျ။ အဲဒီရေးဆွဲချက်ကို ကျနော်တို့ ၂ ပတ်အတွင်းမှာ ကျနော်တို့အပြီးရေးဆွဲပြီးတော့ ဒီစီမံချက်တွေအကုန်လုံးကို စုပြီးတော့ မဟာဗျူဟာ စီမံချက်တွေဆိုပြီးတော့ ပေါင်းစပ်လိုက်မှာ ဖြစ်ပါတယ်။ ”

သြဂုတ်လ ၂၅ရက်နေ့က ရခိုင်ပြည်နယ် မောင်တောဒေသမှာ မွတ်ဆလင် အကြမ်းဖက် အုပ်စုတွေရဲ့ လုံခြုံရေး စခန်းတွေကို အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်တွင်း မတည်မငြိမ်မှုတွေ ဖြစ်ခဲ့တာပါ။ ဒီအခြေအနေတွေကြောင့် ရခိုင်အကြံပေးကော်မရှင်တွေရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ရာမှာ အခက်အခဲရှိနိုင်ပေမယ့် လက်ရှိ မြေပြင်အခြေအနေနဲ့ ကိုက်ညီတဲ့ အကြံပြုချက်တွေကို ဦးစားပေး အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

“ ခုနကပြောသလို အခက်အခဲရှိသလားဆိုတော့ သေချာပေါက်ရှိတယ်။ အခက်အခဲကတော့ အဲဒီတော့ အကောင်အထည်ဖော်ဖို့ ခက်ခဲပေမယ့် ကျနော်တို့ခုနပြောပြီးပြီ ။ လက်ရှိအခြေအနေနဲ့ တကယ်အကျိုးရှိတဲ့ကိစ္စတွေကိုပဲ ဦးစားပေးအကောင်အထည်ဖော်မှာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့အကောင်အထည်ဖော်မှုတွေဟာ အခက်အခဲတွေကို ကျော်သွားပြီးတော့ ပြည်သူတွေအတွက် အကျိုးရှိလာမှာဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ အနေ နဲ့ ရခိုင်ပြည်နယ်တွင်း မတူကွဲပြားတဲ့ လူမှုအသိုက်အဝိုင်းအကြား အတူယှဉ်တွဲနေထိုင်နိုင်ရေး၊ ရခိုင် ပြည်နယ်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊၊ IDP စခန်းတွေ ပိတ်သိမ်းနိုင်ရေး၊ အကြမ်းဖက် တိုက်ခိုက်မှု တွေ ပပျောက်ရေး၊ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသား အခွင့်အရေးရရှိစေရေး စတဲ့ အကြံပြု ချက်တွေကို လုပ်ဆောင်ဖို့ တာဝန်ပေးအပ်ခံထားရတာ ဖြစ်ပါတယ်။

ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်အနေနဲ့ အပြီးသတ်အစီရင်ခံစာထဲမှာ ရခိုင်ပြည်နယ် အတွင်း ဘာသာရေးနဲ့ လူမျိုးရေးအပေါ် အခြေခံပြီး လွတ်လပ်စွာသွားလာခွင့်နဲ့ပတ်သက်ပြီး ခွဲခြားကန့် သတ်တာတွေကို အဆုံးသတ်ဖို့လည်း ထည့်သွင်းအကြံပြုထားတာပါ။ ကိုဖီအာနန် ကော်မရှင်က အကြံပြုတဲ့အတိုင်း လွတ်လပ်စွာ သွားလာခွင့်အတွက် ၁၉၈၂ နိုင်ငံသား ဥပဒေအတိုင်း နိုင်ငံသားစီစစ်ရေး လုပ်ငန်းစဉ်ကို အရှိန်မြင့်ဖို့လိုတယ်လို့ ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

“ အဲဒီအကြံပြုချက်တွေကို ကြည့်လိုက်လို့ရှိရင် ၈၂ နိုင်ငံသား ဥပဒေနဲ့ National Verification process ကြီးကို အရှိန်မြင့်ပါလို့ပေးထားတယ် အင်မတန်ကောင်းတဲ့အကြံ။ ကျနော်တို့ တကယ်တော့ အဲဒီဟာကို အရှိန်မြင့်ရမယ်။ အဲဒီတုန်းကလည်း အဟန့်အတားတွေ အခက်အခဲတွေ အနှောက်အယှက်တွေအများကြီးကိုကြုံခဲ့တယ်။ အဲဒါတွေကြောင့်မို့လို့ ဒီအခြေအနေတွေက ပိုပြီးတော့ ဖြစ်လာတာ ကျနော်တို့ ဒါကို နည်းလမ်းရှာမယ်၊ အရှန်မြင့်ပြီးတော့ National Verification လုပ်လို့ရတဲ့ ကဒ်တွေပေးလို့ရအောင် ဆောင်ရွက်လို့ရှိရင် မရနိုင်စရာအကြောင်းမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုအခြေအနေမှာ အကုန်လုံးက ကျနော်တို့ ပြန်လက်ခံရမှာတွေလည်းရှိတယ် နောက်ပြီးတော့ လမ်းမှာရောက်နေတဲ့လူတွေလည်းရှိတယ်။ သူတို့တွေ သေသေချာချာတကယ်လွတ်လပ်စွာ သွားလာနိုင်ဖို့နဲ့ တရားဝင်သွားလာနိုင်ဖို့ဆိုတာက လက်ထဲမှာ National Verification ကဒ်ရှိရင်တော့ ဒါအများကြီးကို အခွင့်အရေးရလာမှာဖြစ်တယ်။”

သြဂုတ်လ ၂၅ရက်နေ့ ရခိုင်ပြည်နယ် မောင်တောဒေသမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားချိန် ဟာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်တဲ့ အချိန် နဲ့လည်း တိုက်ဆိုင်နေတာပါ။ ရခိုင်ပြည်နယ်တွင်း မကြာသေးခင်က ဖြစ်ပွါးထားတဲ့ အကြမ်းဖက်တိုက် ခိုက်မှုတွေကြောင့် ရခိုင်နဲ့ အခြား ဒေသခံ တိုင်းရင်းသားတွေ နေရပ်စွန့် ထွက်ပြေးကြရသလို ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ မွတ်ဆလင် ဒုက္ခသည်တွေလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို သိန်းနဲ့ချီ ထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG