သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် မြောက်ပိုင်းက နေအိမ်တွေ မီးရှို့မှု ပြသနာ


ရခိုင်ပြည်နယ် မြောက်ပိုင်းက မွတ်စလင်ရွာတရွာ မီးလောင်ခံထားရစဉ်
ရခိုင်ပြည်နယ် မြောက်ပိုင်းက မွတ်စလင်ရွာတရွာ မီးလောင်ခံထားရစဉ်

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်က ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ARSA အကြမ်းဖက် အဖွဲ့ရဲ့ တိုက်ခိုက်မှု၊ ပြန်လည် နှိမ်နင်းမှုတွေကြောင့် အပြစ်မဲ့ပြည်သူ အယောက် ၃၀ လောက် သေဆုံးပြီး ကျေးရွာပေါင်း ၅၄ ရွာက အိမ်ခြေပေါင်း ၆၈၀၀ ကျော် မီးလောင် ပြာကျခဲ့ပါပြီ။ အဲဒီထဲမှာ တိုင်းရင်းသား၊ ကသည်းနဲ့ ဟိန္ဒူတွေရဲ့ နေအိမ် ၂၀၀ လောက်ပါပြီး မူဆလင် အိမ် ၆၆၀၀ ကျော် ပါဝင်ကြောင်း တပ်မတော်ပိုင် မြဝတီသတင်းဌာနမှာ ဖေါ်ပြထားပါတယ်။ ဒါဟာ စက်တင်ဘာ ၄ ရက်နေ့အထိ ကောက်ယူထားတဲ့ စာရင်းပဲ ဖြစ်ပြီး စက်တင်ဘာ ၇ ရက် အစိုးရအစီအစဉ်နဲ့ သတင်းမီဒီယာ အဖွဲ့တွေ မောင်တောဘက် ရောက်သွားချိန်အထိ တစ်ချို့ကျေးရွာတွေမှာ မီးရှို့မှု ဖြစ်ပွားနေဆဲ ဖြစ်တာ တွေ့မြင်ကြရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ အောက်တိုဘာ ၉ ရက်၊ မူဆလင် ရွာသားတွေက ကျီးကန်းပြင် နယ်ခြားစောင့်တပ်ဖွဲ့ ဌာနချုပ်နဲ့ အခြားစခန်းကြီး နှစ်ခုကို အကြမ်းဖက် ဝင်ရောက်စီးနင်း၊ နောက်ပိုင်း တပ်မတော်က နှိမ်နင်းတာနဲ့ နယ်မြေ စိုးမိုးတာ လုပ်ခဲ့ချိန် ကာလတုန်းကလည်း မူဆလင်ကျေးရွာ ၁၂ ရွာက အိမ်ခြေ ၁၁၀၀ ကျော် မီးလောင်ပြာကျ ခဲ့ပါသေးတယ်။ စာရင်းတွေအရ ၂၀၁၆ အောက်တိုဘာ အကြမ်းဖက်မှု ဖြစ်စဉ်အပြီး နေအိမ်တွေ မီးရှို့ခံရတဲ့ အရည်အတွက်ထက် အခုလက်ရှိ သြဂုတ်လ ၂၅ ရက် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်နောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ မီးရှို့ခံရမှု အရည်အတွက်က ၆ ဆလောက် ပိုများနေတာ တွေ့ရပါတယ်။ ဒါဟာ အတော့်ကို ကြီးကျယ်တဲ့ ပြသနာကြီးလို့ မှတ်ယူနိုင်သလို၊ မီးရှို့မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း အပြန်အလှန် စွတ်စွဲမှုတွေ၊ အငြင်းပွားမှုတွေ ရှိနေတဲ့ ပြသနာကြီး တစ်ခုပါ။ ခုတစ်ပတ် အဲဒီအကြောင်း ဆွေးနွေး တင်ပြသွားပါ့မယ်။

မီးရှို့မှုတွေနဲ့ ပတ်သက်လို့ ၂၀၁၆ အောက်တိုဘာ ဖြစ်စဉ်တုန်းကလည်း လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေက ဒီမီးရှို့မှုကို မူဆလင်တွေက သူတို့နေအိမ် သူတို့ မီးရှို့ ထွက်ပြေးမှု အဖြစ် စွတ်စွဲခဲ့ပါတယ်။ ဒီလို မီးရှို့လိုက်မှ တပ်မတော်နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သူတို့နေအိမ်တွေကို မီးရှို့ခဲ့ပါတယ် ဆိုပြီး နိုင်ငံတကာကို လိမ်လည်လှည့်ဖျားလို့ ရနိုင်မှာ လို့ ဆိုပါတယ်။ အဲဒီအချိန် အစိုးရရဲ့ စီစဉ်ပေးမှုနဲ့ မောင်တောခရိုင်ဘက်ကို ရောက်သွားတဲ့ သတင်းမီဒီယာ သမားတွေကို ရဲမှူးချုပ်သူရစန်းလွင်က နေအိမ်တွေ မီးလောင်တာ နှစ်မျိုးဖြစ်နိုင်တဲ့အကြောင်း၊ တစ်မျိုးကတော့ သိပ်ပြီး တန်ကြေးမရှိတဲ့ နေအိမ်တွေကို ဘင်္ဂါလီတွေက သူတို့ဖာသာ သူတို့ မီးရှို့ထွက်ပြေးတာ ဖြစ်နိုင်သလို၊ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ကျေးရွာတွေထဲ ဝင်ပြီး အကြမ်းဖက်သမားတွေကို ရှင်းလင်းစဉ် လက်နက်တွေနဲ့ ထိမိခိုက်မိလို့ မီးလောင်တာမျိုးလည်း ဖြစ်နိုင်ကြောင်း ပြောပါတယ်။ ဒါပေမယ့် မီးရှို့ခံရတဲ့ မူဆလင်ကျေးရွာတွေကို ရောက်သွားပြီး ရွာခံတွေကို မေးတဲ့အခါ နေထိုင်သူတွေ ထွက်ပြေးတိမ်းရှောင်သွားတဲ့ လူသူမရှိတဲ့ သူတို့ရွာကို လုံခြုံရေးနဲ့ တိုင်းရင်းသားတစ်ချို့က ဝင်ပြီး ပစ္စည်းတွေလုယက်၊ မီးရှို့တာတွေ လုပ်သွားတဲ့အကြောင်း၊ တစ်ချို့ ဖြစ်ရပ်တွေကိုတော့ မျက်မြင်ကိုယ်တွေ့ တွေ့ကြောင်း စွတ်စွဲ ပြောဆိုကြပါတယ်။ ဒါက ၂၀၁၆ အောက်တိုဘာ ဖြစ်စဉ်နောက်ပိုင်း အခြေအနေပါ။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ အကြမ်းဖက်မှု ဖြစ်စဉ်နောက်ပိုင်းမှာလည်း အလားတူ ကျေးရွာတွေ မီးရှို့ခံရပါတယ်။ တပ်မတော်ရဲ့ သြဂုတ်လ ၃၁ ရက်နေ့ သတင်းထုတ်ပြန်ချက်မှာတော့ ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားတွေဟာ ဒေသခံတိုင်းရင်းသားတွေရဲ့ နေအိမ်တွေကိုရော၊ မူဆလင် နေအိမ်တွေကိုပါ သူတို့ကိုယ်တိုင် မီးရှို့ဖျက်ဆီးသွားကြတာ ဆိုပြီး ထုတ်ပြန်သလို ရခိုင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်ကလည်း သတင်းမီဒီယာသမားတွေကို အလားတူ ပြောဆိုပါတယ်။

အဲလို ပြောဆိုတာတွေနဲ့ ကွဲလွဲတဲ့ အခြား ဖြစ်စဉ်တွေလည်း ရှိပါသေးတယ်။ စက်တင်ဘာ ၇ ရက်နေ့က မောင်တောဘက် ရောက်နေတဲ့ သတင်းမီဒီယာသမားတွေဟာ နေအိမ်တွေ မီးလောင်နေတာကို တွေ့လို့ ဂေါဒူသာရ အရှေ့ ရွာကို ဝင်ကြည့်ကြပါတယ်။ ဒီနေရာမှာ မသင်္ကာစရာ တိုင်းရင်းသား လူငယ် တစ်ချို့ကို တွေ့ပါတယ်။ သူတို့နဲ့အတူ လမ်းဘေးမှာ ပုံထားတဲ့ အိမ်သုံးပရိဘောဂ ပစ္စည်း တစ်ချို့ကိုလည်း တွေ့ကြရပါတယ်။ ဘီဘီစီသတင်းထောက် ဂျွန်နသန်ဟက်ကတော့ သတင်းကို ခုလို ရေးထားပါတယ်။

"ကျွန်တော်တို့ လမ်းလျှောက်နေရင်းနဲ့ လူငယ်တစ်စု၊ သန်သန်မာမာပါပဲ ဓား တို့ လောက်လေးခွ တို့ကို ကိုင်ထားတဲ့ သူတွေပေါ့ လျှောက်လာကြတယ်။ ကျွန်တော်တို့ မေးခွန်းတွေ မေးဖို့ ကြိုးစားတယ် ဒါပေမယ့် သူတို့ ဓာတ်ပုံ ၊ ဗွီဒီယို အရိုက်ခံဖို့ ငြင်းကြတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မြန်မာ သတင်းထောက်တွေကတော့ သူတို့ကို ကင်မရာတွေနဲ့ ဝေးရာကို ခေါ်သွားပြီး စကားပြောကြည့်ကြတယ်။ သူတို့က ရခိုင် ဗုဒ္ဓဘာသာဝင်တွေလို့ ဆိုတယ်။ သူတို့ထဲက တစ်ယောက်ကတော့ မီးကို သူ ရှို့ခဲ့တာ ဖြစ်တယ် ဆိုပြီး ဝန်ခံတယ် နောက် ရဲတွေဆီကလည်း အကူအညီ ရခဲ့ပါတယ်တဲ့။" လို့ ဆိုပါတယ်။

မီးရှို့မှုနဲ့ ပတ်သက်ပြီးတော့ပဲ သြဂုတ်လ ၃၀ ရက်နေ့ သတင်းမီဒီယာသမားတွေနဲ့ တွေ့ဆုံရာမှာ ရဲမှူးချုပ် သူရစန်းလွင် က မောင်တောမြို့ သုံးမိုင်လမ်းဆုံအနားက ဘင်္ဂါလီကျေးရွာမှာ အဲဒီရွာခံတွေနဲ့ တိုင်းရင်းသား တစ်ချို့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ တိုင်းရင်းသား လေးယောက် သေဆုံးခဲ့တဲ့ ဖြစ်စဉ် ရှင်းပြမှုတစ်ခု ရှိခဲ့ပါသေးတယ်။ သူရစန်းလွင်က “တခြားရွာတွေ စုပြီး မီးသွားရှို့တာပေါ့။ ဟိုက ရွာထဲမှာ သူတို့ဘာသာ သူတို့ ကြောက်လို့ ငြိမ်နေတာ၊ သူတို့ရွာတွေ မီးရှို့တော့လည်း သူတို့က မခံနိုင်လို့ ထင်တယ်။ အဲဒါ အပြန်အလှန် ဖြစ်ကြတာ” “အဲဒါတွေကတော့ လွှတ်တော် ဥက္ကဌ ကိုလည်း တင်ပြတယ်၊ ပြည်နယ် အစိုးရအဖွဲ့ကိုလည်း တားမြစ်ပေးပါ၊ နိုင်ငံရေးပါတီတွေကလည်း အောက်ကနေ မြှောက်ထိုးပင့်ကော် မလုပ်မိဖို့၊ နောက်ပြီး ဆရာတော်တွေလည်း လျောက်ထားပြီးတော့ တိုင်းရင်းသားတွေ ကိုယ့်နေရာမှာပဲ အေးအေးဆေးဆေးနေပါ၊ ကျန်တဲ့ဟာတွေကိုတော့ ဥပဒေနဲ့အညီ ဆောင်ရွက်နေပါတယ်လို့ ကျနော် လိုက်ပြီး ပြောထားပါတယ်” လို့ ဆိုပါတယ်။

နောက်ထပ် ပေါ်ပေါက်လာတဲ့ ပြသနာတစ်ခုက ဘင်္ဂလီတွေ သူတို့အိမ် သူတို့ မီးရှို့ပါတယ် ဆိုတဲ့ သတင်းနဲ့ ဓာတ်ပုံတွေပါ။ အလဲဗင်း မီဒီယာက ဖော်ပြပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကလည်း သူ့ရဲ့ ဖေ့ဘွတ်ခ်နဲ့ တွစ်တာ စာမျက်နှာတွေကနေ ဖြန့်ဝေခဲ့ပါတယ်။ နောက်ပိုင်း အဲဒီ ဓာတ်ပုံတွေထဲ ပါလာသူတစ်ယောက်ဟာ မောင်တော ဒုက္ခသည် စခန်းတစ်ခုက ဟိန္ဒူ ဘာသာဝင် ဆိုတာ ပေါ်ပေါက်လာပြီးနောက် အဲဒီ ဓာတ်ပုံဟာ ပဋိပက္ခတွေ ဖြစ်ပွားအောင် အတုအယောင် ဖန်တီးပြီး ရိုက်ကူး ဖြန့်ဖြူးတာလား ဆိုတဲ့ မေးခွန်းတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကတော့ အဲဒီ လူတွေကို ဖမ်းဆီးပြီး ခရိုင်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် စစ်ဆေးနေပြီ၊ ဒါကို အရေးယူမယ် ဆိုပြီး ပြန်ဖော်ပြတာ တွေ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မောင်တောခရိုင်ဘက် နေအိမ်မီးရှို့မှုတွေနဲ့ ပတ်သက်ပြီး ကျူးလွန်သူတွေကို သက်သေ အထောက်အထားနဲ့ ဖော်ထုတ် ဖမ်းဆီးနိုင်တယ် ဆိုတာ မရှိသလောက် ရှားပါတယ်။ အခုဆို ရခိုင်အရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် က မြန်မာနိုင်ငံ အနေနဲ့ ရခိုင်ပြည်နယ်မှာ နေထိုင်သူတိုင်း၊ နိုင်ငံသားဖြစ်စေ၊ နိုင်ငံသား ဟုတ်မဟုတ် မသေခြာသေးသူတွေကို ဖြစ်စေ အားလုံးကို ကာကွယ်စောင့်ရှောက်သွားမယ် ဆိုပြီး ပြောပါတယ်။ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတယ် ဆိုတာ အဲဒီနေအိမ်မှာ နေထိုင်သူတွေရဲ့ ဘ၀ ကိုဖျက်ဆီးတာနဲ့ အတူတူပါပဲ။ ဒီအတွက် အဲဒီဒေသမှာ လုံခြုံရေး ဆောင်ရွက်ရတဲ့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ တိုင်းရင်းသားအိမ်၊ မူဆလင် အိမ်၊ ဘယ်သူ့အိမ်ပဲ ဖြစ်ဖြစ် မီးရှို့မခံရအောင် ကာကွယ်ပေးဖို့ တာဝန်ရှိပါတယ်။ မီးရှို့သူတွေကို ဖမ်းဆီးအရေးယူ အပြစ်ပေးနိုင်အောင်လည်း ကြိုးစားသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG