တရုတ်နိုင်ငံခြားရေးဝန်ကြီးသစ်ကို အမေရိကန်ဖိတ်ကြား

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi (ဇူလိုင် ၂၆၊ ၂၀၂၃)

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအသစ်ခန့်အပ်ခံရသူ Wang Yi ကို အမေရိကန်ပြည်ထောင်စုက လာရောက်လည်ပတ်ဖို့ တရားဝင်ဖိတ်ကြားထားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Matt Miller က ပြောပါတယ်။ တရုတ်နိုင်ငံဟာ သူ့မတိုင်ခင် အရင်ဝန်ကြီးကို ရုတ်တရက်ဖယ်ရှားခဲ့ပြီး ယခင် သံတမန်ဟောင်းဖြစ်သူ Wang Yi ကိုပဲ ပြီးခဲ့တဲ့သီတင်းပတ်က ခန့်အပ်ခဲ့တာပါ။

ယခင်နိုင်ငံခြားရေးဝန်ကြီး Qin Gang (ချန်ဂမ်း) ဟာ လပိုင်းလောက် တာဝန်ယူပြီး တလကျော်လောက် လူမြင်ကွင်းကပျောက်နေခဲ့တာပါ။ သူ့ကို ကျန်းမာရေးကြောင့် တာဝန်ကဖယ်ရှားတာလို့ပဲ တရုတ်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့အာရှနဲ့ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Kritenbrink နဲ့ တရုတ်နိုင်ငံခြားရေးဌာနရဲ့ မြောက်အမေရိကားနဲ့ သမုဒ္ဒရာဒေသဆိုင်ရာ ညွန်ကြားရေးမှူးချုပ် Yang Tao တို့နှစ်ဦိး အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှာ တနင်္လာနေ့ တွေ့ဆုံမှုအတွင်း အမေရိကန်ဘက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားခဲ့တာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။ ဒီ ဖိတ်ကြားမှုကို တရုတ်ဘက်က လက်ခံ မခံကိုတော့ မပြောဘဲ ဒီလို တွေ့ဆုံဖို့ အမေရိကန်ဘက်က မျှော်လင့်ထားတယ်လို့ပဲ ပြောခွင့်ရသူက ဆိုပါတယ်။ ဒီဖိတ်ကြားမှုကို လက်ခံပြီး လာရောက်လည်ပတ်ဖို့ မျှော်လင့်ထားကြောင်းနဲ့ ဘယ်တော့ဖြစ်မလဲဆိုတာ အချိန်အတိအကျတော့ မသတ်မှတ်ရသေးဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Miller က ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ မေးမြန်းမှုကိုတော့ ဝါရှင်တန်မှာရှိတဲ့ တရုတ်သံရုံးကတော့ ရုတ်ချည်း ဖြေကြားတာမရှိသေးပါဘူး။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတဦးအနေနဲ့ ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံကို ဇွန်လက ရောက်ရှိခဲ့ပြီး အဲဒီတုန်းကတော့ ဝန်ကြီးဟောင်း ချန်ဂမ်းနဲ့ ဇွန် ၁၈ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။ ဆွေးနွေးမှုတွေဟာ ပွင့်ပွင့်လင်းလင်းနဲ့ အပြုသဘောဆန်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်သလိုဆက်လက်ဆွေးနွေးစရာတွေအတွက် တရုတ်ဝန်ကြီး ချန်ကိုလည်း အမေရိကန်လာရောက်ဖို့ နိုင်ငံခြားရေးဝန်ကြီး Blinken က ဖိတ်ကြားခဲ့ပါတယ်။

ချန်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ လက်ထောက်ဟောင်းတဦိးဖြစ်သလို အမေရိကန်ဆိုင်ရာ တရုတ်သံအမတ်ကြီးဟောင်းလည်းဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလက နိုင်ငံခြားရေးဝန်ကြီးဖြစ်လာပြီးနောက် ဇွန် ၂၅ ရက်နောက်ပိုင်းကတည်းက အများမြင်ကွင်းကနေ ပျောက်ဆုံးခဲ့တာပါ။

အခု တရုတ်နိုင်ငံခြားရေးဝန်ကြီးသစ် ဝမ်ယီကတော့ ၂၀၁၃ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ တရုတ် နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူခဲ့ဖူးသူပါ။ အင်ဒိုနီးရှားမှာလုပ်တဲ့ အာဆီယံဆက်စပ်အစည်းအဝေးတွေအတွင်းမှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟောင်း ချန်ဂမ်းကိုယ်စားလာရောက်တဲ့ အခု ဝန်ကြီးသစ်ဝမ်ယီနဲ့ အစည်းအဝေးအပြင်ပန်းမှာ တွေ့ဆုံခဲ့ကြပါတယ်။

Your browser doesn’t support HTML5

တရုတ်နိုင်ငံခြားရေးဝန်ကြီးသစ်ကို အမေရိကန်ဖိတ်ကြား