တလကြာ လူမြင်ကွင်းကပျောက်နေတဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး Qin Gang ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ်က ဒီနေ့ ဖယ်ရှားလိုက်ပြီး သူ့အရင်က တာဝန်ယူခဲ့တဲ့ ထိပ်တန်းသံတမန် Wang Yi ကို ပြန်လည်ခန့်အပ်လိုက်ပါတယ်။ ဘာကြောင့်ဆိုတာကိုတော့ တရုတ်အစိုးရပိုင် သတင်းမီဒီယာက ပြောဆိုသွားခြင်း မရှိပါဘူး။ တရုတ်နိုင်ငံရေး အသိုင်းအဝိုင်းမှာ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်တဲ့ တက်သစ်စ အလားအလာရှိတဲ့ ခေါင်းဆောင်တဉီးအဖြစ် သတ်မှတ်ခံထားရတဲ့ Qin Gang ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ်က ဖယ်ရှားလိုက်တာနဲ့ ပတ်သက်လို့ ထင်ကြေးအမျိုးမျိုး ဝေဖန်ပြောဆိုနေကြပါတယ်။ Qin Gang ကို ဇွန်လ ၂၅ ရက်နေ့က အများမြင်ကွင်းမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ နောက်ဆုံးတွေ့ခဲ့တာပါ။
သူဟာ ၂၀၂၃ ခုနှစ် မေလက မြန်မာနိုင်ငံ နေပြည်တော်ကို သွားရောက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့လည်း ဘေဂျင်းမြို့တော်မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၈ရက်နေ့ကပဲ တွေ့ဆုံခဲ့တာပါ။ Qin Gang ကို ရာထူးက ဖယ်ရှားလိုက်တာနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ မှတ်ချက် တစုံတရာပြောဆိုခြင်းမရှိပါဘူး။