ဂါဇာစစ်ပွဲ ၉ လပြည့် အစ္စရေးမှာဆန္ဒပြ

မြို့တော် တဲလ်အဗစ်မှာ ဂါဇာစစ်ပွဲဆင်နွဲနေတဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ရာဟုအစိုးရအဖွဲ့ကို ကန့်ကွက်ဆန္ဒပြပွဲ။ (ဇူလိုင် ၆၊ ၂၀၂၄)

ဟာမတ်စ်နဲ့ အစ္စရေးစစ် အခု တနင်္ဂနွေနေ့မှာ ၉ လပြည့်လာချိန်မှာပဲ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နုတ်ထွက်ဖို့နဲ့ အပစ်အခတ်ရပ်စဲရေးတွန်းအားပေးတဲ့အနေနဲ့ တိုင်းပြည်တဝန်း လမ်းမကြီးတွေကိုပိတ်ဆို့ပြီး အစ္စရေးဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၇ ရက် ဟာမတ်စ်တို့ စပြီး ပထမဆုံး ဒုံးကျည်နဲ့ပစ်ခတ်ခဲ့ချိန် မနက် ၆ နာရီ ၂၉ မိနစ်မှာ တနင်္ဂနွေနေ့ ပိတ်ဆို့ဆန္ဒပြပွဲကို စတင်ခဲ့ကြပါတယ်။ အောက်တိုဘာ ၇ ရက်နေ့ တိုက်ခိုက်မှုမှာ လူ ၁,၂၀၀ သေဆုံးပြီး ၂၅၀ လောက် ဓါးစားခံအဖြစ် ဖမ်းဆီးခံခဲ့ရတာပါ။ အစ္စရေးဆန္ဒပြသူတွေဟာ လမ်းမကြီးတွေကို ပိတ်ဆို့ခဲ့ပြီး အစ္စရေးလွှတ်တော်အမတ်တွေရဲ့ နေအိမ်တွေအပြင်ဘက်မှာလည်း ဆန္ဒပြခဲ့ကြပါတယ်။

ဂါဇာနဲ့ နယ်ခြားစပ်မှာတော့ သတ်ဖြတ်ဖမ်းဆီးခံရသူတွေကိုရည်ညွှန်းပြီး အမည်းနဲ့အဝါရောင် မိုးပျံပူဖေါင်း ၁,၅၀၀ ကို အစ္စရေးဆန္ဒပြသူတွေက လွှတ်တင်ပါတယ်။

ဒီအတောအတွင်းမှာပဲ အစ္စရေးနဲ့ဟာမတ်စ် အပြန်အလှန်တိုက်ခိုက်တာတွေလည်း ရှိခဲ့ပြီး အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၉ ထက်မနည်းသေဆုံးပါတယ်။ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဟာမတ်စ်က ခန့်ထားတဲ့ ဒုတိယအလုပ်သမားရေးဝန်ကြီး Ehab al-Ghussein နဲ့ ဂါဇာမြို့အနောက်ခြမ်း ခရစ်ယာန်စာသင်ကျောင်းတခုက လူသုံးဦးသေဆုံးတယ်လို့ ဟာမတ်စ်သတင်းက ကြေညာပါတယ်။

Your browser doesn’t support HTML5

ဂါဇာစစ်ပွဲ ၉ လပြည့် အစ္စရေးမှာဆန္ဒပြ