ကန်နိုင်ငံခြားရေးဝန်ကြီး အာဆီယံညီလာခံ တက်ရောက်မည်

ကန်နိုင်ငံခြားရေးဝန်ကြီ Mike Pompeo

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ဒီသီတင်းပတ်ထဲ ကျင်းပမယ့် အရှေ့တောင်အာရှ နိုင်ငံများ အသင်း ASEAN ဝန်ကြီးများ အဆင့် အစည်းအဝေးကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo တက်ရောက်တဲ့ အခါမှာ မြောက်ကိုရီးယားနဲ့ ဆွေးနွေးပွဲ ကျင်းပမလားဆိုတဲ့ အပေါ် အများက အာရုံစိုက်နေကြပါတယ်။

မြောက်ကိုရီးယားနဲ့ အလုပ်သဘော ဆွေးနွေးမှုတွေ လုပ်မလားဆိုတဲ့ အပေါ်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ဘက်ကတော့ ငြင်းပယ်မထားပါဘူး။ နိုင်ငံခြားရေး ဝန်ကြီးဌာန ဆိုင်ရာ သတင်းထောက် Nike Ching ရဲ့ သတင်းကို မသိင်္ဂ ီထိုက် တင်ပြပေးမှာပါ။

ထိုင်းနိုင်ငံမှာ ဇူလိုင်လ ၃၀ ရက်နေ့ကနေ သြဂုတ်လ ၃ ရက်နေ့ထိ ကျင်းပမယ့် ၅၂ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အဆင့် ဆွေးနွေးပွဲအတွင်း မြောက်ကိုရီးယား အစိုးရ အရာရှိတွေနဲ့ အလုပ်သဘော သီးသန့် ဆွေးနွေးမလားဆိုတာကို အမေရိကန်ဘက်က မငြင်းပါဘူး။ မြောက်ကိုရီးယား အစိုးရဘက်က လတ်တလော ဒုံးကျည် စမ်းသပ်မှုတွေ လုပ်ခဲ့တာက အမေရိကန်ရဲ့ လက်ရှိ သံတမန်ရေး ကြိုးပမ်းမှုတွေကို ပြောင်းလဲသွားမယ့် အခြေအနေ မရှိဘူးလို့လည်း ကျွမ်းကျင်သူတွေက မှတ်ချက်ပေး ပြောဆိုထားတာပါ။ မနက်ဖြန် သြဂုတ်လ ၁ ရက်နေ့မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ကို ဆိုက်ရောက်မှာ ဖြစ်ပြီး အမေရိကန် - ASEAN ဝန်ကြီးများ အဆင့် အစည်းအဝေးနဲ့ မဲခေါင်မြစ်အောက်ပိုင်း ဒေသ ဝန်ကြီးများ အဆင့် အစည်းအဝေးမှာ တွဲဖက် ဥက္ကဌ အဖြစ်ဆောင်ရွက်မှာပါ။

သြဂုတ်လ ၂ ရက်နေ့မှာတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Pompeo က အရှေ့အာရှ EAS ဝန်ကြီးများ အဆင့် အစည်းအဝေး၊ ASEAN ဒေသတွင်း ဖိုရမ် ARF ဝန်ကြီးများ အဆင့်အစည်းအဝေး တို့ကို တက်ရောက်မှာ ဖြစ်ပြီး ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Don Pramudwinai နဲ့လည်း အမေရိကန် - ထိုင်း မဟာမိတ် ပိုပြီး ခိုင်မာရေး ဆွေးနွေးကြမှာပါ။ မြောက်ကိုရီးယားနဲ့ သံတမန်ရေးနဲ့ ပတ်သက်ပြီး ဝန်ကြီး Pompeo ကို တနလာၤနေ့က မေးမြန်းရာမှာတော့ အာရှကို မနက်ဖြန် နေခင်းပိုင်းမှာ ထွက်ခွာမှာ ဖြစ်ကြောင်း၊ ဘန်ကောက်မှာ ၂ ရက်တာ ရှိနေမှာ ဖြစ်ပြီး အလုပ်သဘော အဆင့် ဆွေးနွေးမှု တွေ မကြာခင်မှာ ပြန်စနိုင်မယ်လို့ မျှော်လင့်ကြောင်း ဖြေကြားခဲ့ပါတယ်။

ASEAN ဆွေးနွေးပွဲတွေအတွင်း မြောက်ကိုရီးယား အစိုးရ တာဝန်ရှိသူတွေနဲ့ အမေရိကန် တာဝန်ရှိသူတွေကြား သီးသန့် တွေ့ဆုံဖို့ ရှိလားလို့ မေးမြန်းတာမှာတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အကြီးတန်း တာဝန်ရှိသူက ကြေညာထားပြီးသား တွေ့ဆုံဆွေးနွေးမှုတွေကလွဲလို့ တခြား တွေ့ဆုံဆွေးနွေးမှုတွေကို မပြောပါဘူးလို့ ဖြေကြားခဲ့ပါတယ်။ မြောက်ကိုရီးယားမှာ နျူးကလီးယား အပြည့်အ၀ အပြီးသတ် ကင်းစင်ရေး၊ တည်တံ့တဲ့ ငြိမ်းချမ်းရေး အတွက် သံတမန်တွေ ဆောင်ရွက်ရေးနဲ့ ယုံကြည်မှု တည်ဆောက်ရေး ဆောင်ရွက်ချက်တွေကို ဆက်လက် ထောက်ခံမယ့် အကြောင်း ဒီရက်ပိုင်းတွေ အတွင်းမှာဘဲ အမေရိကန် ဦးဆောင်တဲ့ ကုလသမဂ္ဂ ကွပ်ကဲရေး ဌာနကလည်း ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက မြောက်ကိုရီးယားဘက်က ပဲ့ထိန်းတပ် ဒုံးကျည် စမ်းသပ် ပစ်လွှတ်ခဲ့ပြီးနောက်ပိုင်းမှာလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Pompeo က ဆက်လက် ဆွေးနွေးမယ်ဆိုတဲ့ သဘောမျိုး ပြောဆိုထားပါတယ်။ ဒီသတင်းပတ် ဘန်ကောက်မှာ လုပ်မယ့် ASEAN ဆက်စပ် အစည်းအဝေး တွေမှာ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး Ri Yong-ho တက်ရောက်မှာ မဟုတ်ဘူးလို့ မီဒီယာတွေက ဖော်ပြကြပါတယ်။ အရင်တုန်းကလည်း မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးက ဒီအစည်းအဝေးတွေကို မတက်ခဲ့ဘဲ မြောက်ကိုရီးယား အစိုးရဘက်က တခြား သံတမန်တွေကို အမြဲတမ်း စေလွှတ်ခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့ အမေရိကန်ကြား သံတမန်ရေး ဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Morgan Ortagus က တနလာၤနေ့မှာ ဗွီအိုအေကို အခုလို ပြောပါတယ်။

"ဒီကိစ္စက ကျမတို့ အနေနဲ့ ကြိုပြီး သတင်းမထုတ်ပါဘူး။ ကမ္ဘာပေါ်မှာ ကျမတို့ ဆောင်ရွက်ရမယ့် သိပ်ကို အထိအရှ မခံတဲ့ ကိစ္စတွေထဲမှာ မြောက်ကိုရီးယားတွေနဲ့ စေ့စပ်ညှိနှိုင်းမှုတွေလည်း ပါပါတယ်။ ဒီကိစ္စအရေးကို အနီးကပ်ဆုံး ရင်ဆိုင်နေရတဲ့ ကျမတို့ရဲ့ မဟာမိတ်တွေနဲ့တော့ ဆက်ပြီး ဆွေးနွေးသွားမှာပါ။ ဒါက မြောက်ကိုရီးယား၊ တရုတ် ဒါမှမဟုတ်လည်း အရှေ့တောင် အာရှက ဆွေးနွေးစရာ ကိစ္စတွေ ဘာဘဲ ဖြစ်ဖြစ်ပါ။ ဒေသတွင်းက ကျမတို့ မဟာမိတ်တွေက ဒီကိစ္စကို နေ့စဉ်နဲ့ အမျှ ရင်ဆိုင်နေရတာပါ။ ဒါက သူတို့ အနီးမှာပါ။ ငြိမ်ချမ်းစွာ ဖြေရှင်းနိုင်ရေးကို ဦးတည်ဆောင်ရွက်သွားမှာ ဖြစ်ပြီး ဒီရည်မှန်းချက် ပြည့်မီအောင် ကူညီပေးနိုင်သူတွေကိုလည်းကျမတို့ အနေနဲ့ လုပ်ငန်းစဉ်မှာ ကြိုဆိုပါတယ်။"

ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးတွေလည်း ဘန်ကောက်မှာ ကျင်းပမယ့် အရှေ့အာရှ ညီလာခံကို တက်ရောက်ကြမှာပါ။

တောင်တရုတ် ပင်လယ်ပြင်အတွင်း ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ပြီး ASEAN အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ နောက် ထိုင်ဝမ်တို့နဲ့ တရုတ်က အငြင်းပွားနေကြတာ ဖြစ်ပြီး တရုတ်ဘက်က တောင်တရုတ် ပင်လယ်ပြင် အတွင်းမှာ အပိုင်စီး ဆောင်ရွက်မှုတွေ များလာနေချိန်မှာဘဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Pompeo နဲ့ ASEAN နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲ ထွက်ပေါ်လာတာပါ။

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ကျွန်းတုတွေနဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို တောင်တရုတ် ပင်လယ်ပြင် အတွင်း တည်ဆောက်ခဲ့တာပါ။ အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Ortagus ကတော့ အမေရိကန်ဘက်က အထူးဘဲ စိုးရိ်မ်တယ်လို့ ပြောပါတယ်။

"တရုတ်နဲ့ ပတ်သက်လို့ကတော့ အမေရိကန် အနေနဲ့ ဘယ်လို ပဋိပက္ခမျိုးကိုမှ မလိုချင်ပါဘူး။ တင်းမာမှုတွေ ဖြစ်အောင် လုပ်နေတာ မဟုတ်ပါဘူး။ ဒါပေမယ့် နိုင်ငံတိုင်း အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှု ရှိစေရေး ကြိုးစားနေတာပါ။ သူတို့ပေးထားတဲ့ ကတိကဝတ်တွေ အတိုင်း လိုက်နာဆောင်ရွက်ဖို့နဲ့ ကုန်သွယ်ရေးနဲ့ အမျိုးသား လုံခြုံရေးနဲ့ ဆက်စပ်နေတာနဲ့ အညီ တန်းတူညီမျှတဲ့ လုပ်ပိုင်ခွင့် ရဖို့ ကျမတို့ ကြိုးစားနေတာ ဖြစ်ပါတယ်။"

တောင်တရုတ် ပင်လယ်ပြင် အတွင်းမှာ တရုတ်ဘက်က ပိုင်ဆိုင်ကြောင်း တဖက်သတ် ပြောဆိုထားချက်ကို ခိုင်မာအောင် ကြိုးပမ်းမှုတွေကို အမေရိကန်က အပြင်းအထန် ဆန့်ကျင်ထားပါတယ်။ တရုတ်နဲ့ ASEAN ကြားမှာ နိုင်ငံတကာ ဥပဒေတွေနဲ့ အကျုံးဝင်မယ့် နှစ်ဘက် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ထားရှိဖို့လည်း အမေရိကန်ဘက်က တောင်းဆိုထားတာ ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Pompeo က ထိုင်းနိုင်ငံကနေ သြစတေးလျ နိုင်ငံကို သြဂုတ်လ ၄ ရက်နေ့မှာ သွားရောက်မှာ ဖြစ်ပါတယ်။ သြဂုတ်လ ၅ ရက်နေ့မှာတော့ Federated States of Micronesia ကို သွားရောက်မှာ ဖြစ်ပြီး ပစိဖိတ်ကျွန်းနိုင်ငံကို သွားရောက်တဲ့ ပထမဆုံးသော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာမှာပါ။

Your browser doesn’t support HTML5

ကန်နိုင်ငံခြားရေးဝန်ကြီး အာဆီယံညီလာခံ တက်ရောက်မည်