အမေရိကန် ထောက်လှမ်းရေး အဝေးထိန်း Drone ယာဉ်ကို အီရန်က ပစ်ချခဲ့ပြီးနောက် အီရန်အပေါ် နောက်ထပ် ဒဏ်ခတ် အရေးယူမှုတွေကို ဒီကနေ့ တနင်္လာနေ့ အစောဆုံးထား ချမှတ်မယ်လို့ သမ္မတ Donald Trump က ပြောကြားထားပါတယ်။ လက်ရှိ ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေက အီရန်နိုင်ငံအတွက် အထိနာနေတယ်လို့ သမ္မတ Trump ရဲ့အမျိုးသားလုံခြုံရေး အကြံပေးကလည်း ပြောပါတယ်။ အီရန်ဘက်ကတော့ အမေရိကန်ဟာ စီးပွားရေးဆိုင်ရာ အနိုင်ကျင့် ဗိုလ်ကျတဲ့ မူဝါဒကို ကျင့်သုံးနေတယ်လို့ စွပ်စွဲလိုက်ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က စုစည်းတင်ပြပါမယ်။
အမေရိကန်ပြည်ထောင်စုနဲ့ အီရန်နိုင်ငံကြား တင်းမာမှု အရှိန်မြင့်နေချိန်မှာ အီရန်အပေါ် အမေရိကန်က နောက်ထပ် ဒဏ်ခတ်အရေးယူမှုတွေကို ဒီကနေ့ ချမှတ်ဖို့ ရှိနေပါတယ်။ အီရန်လေကြောင်းပိုင်နက်ထဲ ဝင်ရောက်လာတယ်လို့ဆိုတဲ့ အမေရိကန် ထောက်လှမ်းရေး အဝေးထိန်း Drone ယာဉ်ကို ပစ်ချခဲ့လို့ အီရန်အပေါ် စစ်ရေးအရ တုံ့ပြန်ဖို့ သမ္မတ Donald Trump က ပထမ ဆုံးဖြတ်ခဲ့ပေမဲ့ စစ်ဆင်ခါနီးအချိန်မှ စိတ်ပြောင်းသွားခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အီရန်အပေါ် ဒီနေ့ တနင်္လာနေ့ အစောဆုံးထားပြီး အရေးယူဒဏ်ခတ်မှုတွေ ချမှတ်မယ်လို့ သမ္မတ Trump ကပြောကြားခဲ့ပါတယ်။
အီရန်နဲ့ ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံကြား ၂၀၁၅ ခုနှစ်က ရရှိထားတဲ့ အီရန် Nuclear အရေး သဘောတူညီချက်ကနေ အမေရိကန် နှုတ်ထွက်ခဲ့ပြီး အီရန်အပေါ် အမေရိကန်က ဒဏ်ခတ်မှုတွေ ပြန်လည် ချမှတ်နေတာပါ။ အီရန်အပေါ် စစ်ဆင်မယ့် ဆုံးဖြတ်ချက်ကို သမ္မတ Trump က ပြင်ဆင်ခဲ့တဲ့အပေါ် ပျော့ညံ့မှုလို့ အမှတ် မမှားသင့်ဘူးလို့ အိမ်ဖြူတော်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး John Bolton က အစ္စရေးနိုင်ငံ ရောက်နေစဉ်မှာ ပြောကြားပါတယ်။
"သောကြာနေ့တုန်းက သမ္မတ Trump ပြောခဲ့သလိုပါပဲ။ အမေရိကန်စစ်တပ်ဟာ ပြန်လည်တည်ဆောက်ထားတဲ့ ခေတ်မှီ စစ်တပ်ဖြစ်ပြီး အချိန်မရွေး တိုက်ခိုက်နိုင်ပါတယ်။ ခုချိန်ထိ ကမ္ဘာပေါ်မှာ အကောင်းဆုံး စစ်တပ်လည်း ဖြစ်ပါတယ်။ ဒဏ်ခတ် ပိတ်ဆို့မှုတွေကြောင့် အီရန် အထိနာနေပါတယ်။ နောက်ထပ် ဒဏ်ခတ်မှုတွေ လုပ်ဖို့လည်း မနေ့ညက ထပ်ဖြည့်ထားပါတယ်။ အီရန်နိုင်ငံအနေနဲ့ Nuclear လက်နက် ဘယ်တော့မှ မပိုင်ဆိုင်စေရပါဘူး၊ အမေရိကန်အပေါ် Nuclear လက်နက်နဲ့ တိုက်ခိုက်လို့ ရမှာ မဟုတ်သလို ကမ္ဘာကြီးအပေါ်လည်း တိုက်ခိုက်လို့ ရမှာ မဟုတ်ပါဘူး။"
အီရန်အပေါ် နောက်ထပ်လုပ်မယ့် အရေးယူ ဒဏ်ခတ်မှုတွေနဲ့ ပတ်သက်လို့ ဒီကနေ့ တနင်္လာနေ့မှာ လူသိရှင်ကြား ကြေညာမှာဖြစ်တယ်လို့လည်း အိမ်ဖြူတော်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး John Bolton က အစ္စရေးနိုင်ငံမှာ ပြောကြားသွားခဲ့ပါတယ်။ အီရန်နိုင်ငံ စီးပွားရေးအတွက် အရေးပါတဲ့ ရေနံ၊ ဘဏ်လုပ်ငန်းနဲ့ သံမဏိလုပ်ငန်းတွေကို အဓိကပြစ်မှတ်ထားပြီး အမေရိကန်က ဒဏ်ခတ်မှုတွေ ပြန်လည်ချထားတဲ့အတွက် အီရန်ရဲ့ စီးပွားရေးဟာ အတော်လေး ထိခိုက်နေတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ ဒါကြောင့် နောက်ထပ် ဘယ်လိုအရေးယူမှုတွေ ထပ်လုပ်မလဲဆိုတာကို စောင့်ကြည့်နေကြပါတယ်။ အမေရိကန်ရဲ့ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ် ပိတ်ပင်မှုတွေကြောင့် အီရန်စီးပွားရေး ထိခိုက်နေချိန်မှာ သမ္မတ Trump အနေနဲ့ အီရန်ဗဟိုဘဏ်အပေါ် နောက်ထပ် ဒဏ်ခတ် အရေးယူမှုတွေ လုပ်လာခဲ့ရင် လူသားချင်း စာနာတဲ့အနေနဲ့ ခွင့်ပြုထားတဲ့ ကုန်သွယ်ရေးကိုပါ ထိခိုက်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။
အမေရိကန်ရဲ့ ဒဏ်မှုတွေကြောင့် အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာနေတဲ့ အခြေအနေတွေ လျော့သွားအောင် အီရန်အပေါ် နောက်ထပ် ဒဏ်ခတ်မှုတွေ မလုပ်အောင် နိုင်ငံတကာအသိုင်းအဝိုင်းက တားဆီးပေးဖို့ အီရန်သံတမန်တယောက်က ဒီကနေ့ တိုက်တွန်းခဲ့ပါတယ်။ အမေရိကန်ဟာ စီးပွားရေးအရ အနိုင်ကျင့် ဗိုလ်ကျတဲ့ မူဝါဒကို ကျင့်သုံးနေတယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး Morteza Rahmani Movahed က Tokyo မြို့တော်မှာ ဒီကနေ့လုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
"အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်တပ်တွေ ရှိနေတဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။ အမေရိကန်ရဲ့ မူဝါဒတွေက အီရန်ပြည်သူတွေကို ပြစ်မှတ်ထားတဲ့ စီးပွားရေးအရ အနိုင်ကျင့်ဗိုလ်ကျတဲ့ မူဝါဒဖြစ်တယ်။ ပါရှန်ပင်လယ်ကွေ့မှာ လုံခြုံရေးအရ မသင်္ကာစရာ အခြေအနေတွေ၊ တမင်တကာ အဖျာက်အမှောင့်လုပ်ရပ်တွေ လုပ်နေတဲ့ မူဝါဒတွေ ဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေ ရပ်ရပါမယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ တင်းမာမှုတွေကို ပြေလျော့သွားအောင် ခိုင်မာတဲ့ ဆောင်ရွက်မှုတွေ လုပ်ဖို့ လိုအပ်ပါတယ်။"
အမေရိကန်ဘက်က သဘောထား ပျော့ပြောင်းသွားအောင် ဥရောပနိုင်ငံတွေက မလုပ်နိုင်ဘူးဆိုရင် အီရန် Nuclear သဘောတူညီမှုထဲကနေ နှုတ်ထွက်မယ်လို့ အီရန်က ခြိမ်းခြောက်ထားပါတယ်။ အမေရိကန်နဲ့ အီရန်ကြား တင်းမာနေချိန်မှာ အီရန်စစ်တပ်ရဲ့ Rocket နဲ့ Missile ဒုံးတွေ ပစ်လွှတ်ရေးကို ထိန်းချုပ်တဲ့ Computer စနစ်ကို အမေရိကန်စစ်တပ်က ဆိုင်ဘာ တိုက်ခိုက်မှုလုပ်ခဲ့ပါတယ်။
ဒါဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တဲ့ မှားယွင်းတဲ့လုပ်ရပ်ကြီးဖြစ်တယ်လို့ အီရန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ဒီကနေ့ သတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။ ခုလို အမေရိကန် ထောက်လှမ်းရေး Drone ယာဉ်ကို အီရန်က ပစ်ချခဲ့မှု နောက်ဆက်တွဲ အခြေအနေတွေကို အရှေ့အလယ်ပိုင်းက အမေရိကန်ရဲ့ အဓိက မဟာမိတ်တွေနဲ့ ဆွေးနွေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဒီကနေ့ Saudi Arabia နိုင်ငံမှာ ရောက်ရှိနေပါတယ်။ ပြီးရင်တော့ သူဟာ အာရပ်စော်ဘွားများပြည်ထောင်စု UAE ကို ခရီးဆက်မှာ ဖြစ်ပါတယ်။